ပဋိဇီဝဆေးများ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
စတက်ဖိုင်လိုကော့ကပ်စ် အောရီးယပ်စ် ပိုးများ အား ကာဘီဘိုးနည်းပညာဖြင့် ပဋိဇီဝဆေး ယဉ်ပါးမှု စမ်းသပ်ခြင်း - ပဋိဇီဝပစ္စည်းများ စိမ့်ထွက်နေသော အဝိုင်းပြားလေးများ ပတ်လည်တွင် စတက် အောရီးယပ်စ် ပိုးများ ပေါက်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

ပဋိဇီဝဆေးများ ကို ဘက်တီးရီးယားပိုးများ ကြောင့်ဖြစ်သော ရောဂါများကို ကုသခြင်း နှင့် ကာကွယ်ခြင်း များတွင် အသုံးပြုသည်။ ၎င်းဆေးဝါးများသည် ဘက်တီးရီးယားပိုးများကို သတ်ခြင်းအားဖြင့် လည်းကောင်း၊ ပွားများမှုကို တားဆီးခြင်းအားဖြင့် လည်းကောင်း အာနိသင် သက်ရောက်သည်။ ပဋိဇီဝဆေး များစွာသည် မှိုပိုး နှင့် ပရိုတိုဇိုဝ ပိုး များကိုလည်း အာနိသင် ထိရောက်မှု ရှိသည်။ အချို့ပဋိဇီဝဆေးများသည် ကုသသည့် ဆေးပြင်းအား၌ပင်လျှင် လူနှင့် တိရစ္ဆာန် များကိုပါ အဆိပ်အတောက် ဖြစ်စေတတ်သည်။ ပဋိဇီဝဆေးများသည် အအေးမိရောဂါပိုး နှင့် တုပ်ကွေးပိုး ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများကို အာနိသင် မထိရောက်နိုင်သောကြောင့် မသက်ဆိုင်ဘဲ သောက်သုံးမိပါက ဘေးဥပါဒ် ဖြစ်နိုင်သည်။

ခရစ်နှစ် ၁၉၂၀ တွင် အလက်ဇန္ဒား ဖလင်းမင်းသည် ပဋိဇီဝဆေးပါသော ပထမဆုံး ဓာတုကွန်ပေါင်း ဖြစ်သည့် ပင်နီဆီလင် ဆေးဝါးကို ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။ သူသည် ရောဂါဖြစ်စေသော ဘက်တီးရီးယားပိုးများကို ပလိတ်ပြားများပေါ်၌ ပွားများစေရန်ပြုလုပ်နေစဉ် ပလိတ်ပြားတစ်ခု ပေါ်၌ ပေါက်လာသော အစိမ်းရောင်မှိုလေး ကို သတိပြုမိခဲ့သည်။ ထိုမှိုလေး ပေါက်သည့် နေရာတွင် ဘက်တီးရီးယားများ ပေါက်ရောက်နိုင်ခြင်းမရှိသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ပဋိဇီဝဆေးများ သည် ကာကွယ်ဆေးများ ပေါ်ထွက်လာမှု နှင့်အတူ ၂၀ ရာစုခေတ် မှစ၍ ဆေးပညာကို တော်လှန်ပြောင်းလဲခဲ့ရာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တီဘီ ကဲ့သို့သော ရောဂါကိုပင် လုံးဝကင်းစင် စေရန် ဦးတည်နေပြီဖြစ်သည်။ ဆေးများ၏ ထိရောက်မှုနှင့် အလွယ်တကူ ရရှိနိုင်မှု တို့ကြောင့် လွန်ကဲစွာ သုံးစွဲလာရာမှ ဘက်တီးရီးယားများကို ဆေးယဉ်ပါးမှု (အထူးသဖြင့် တိရစ္ဆာန် မွေးမြူရေး နယ်ပယ်တွင်) ဖြစ်ပွားလာစေသည်။ ထို့ကြောင့် ပဋိဇီဝဆေး ယဉ်ပါးမှု ပြဿနာသည် ကျယ်ပြန့်လာပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ "အနာဂတ်တွင် မဟုတ်ဘဲ ယခုလက်ရှိကာလ၏ ပြင်းထန်သည့် အန္တရာယ် အဖြစ်ရှုမြင်ပြီး မည်သည့်နိုင်ငံ တွင်မဆို အသက်အရွယ်မရွေး၊ လူမျိုးမရွေး ထိခိုက်နိုင်သည့် အန္တရာယ်" အဖြစ် သတ်မှတ် ထားပါသည်။

ပဋိဇီဝဆေးဖြင့် ပထမဆုံး ကုသမှုကို ခရစ်နှစ် ၁၉၀၇ ခုနှစ် တွင် အဲလ်ဖရက် ဘာသိမ်း (Alfred Bertheim) နှင့် ပေါလ်အားလစ် (Paul Ehrlich) က ဆစ်ဖလစ် ရောဂါကုဆေး အာစ်ဖင်နမင်း (arsphenamine) ဆေးကို ရှာဖွေဖော်ထုတ် နိုင်မှု နှင့်အတူ စတင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဂျာဟာဒ် ဒွမ်မဂ် (Gerhard Domagk) က ပထမဆုံး ခန္ဓာကိုယ်တွင်း ဆေးအာနိသင် ထိရောက်မှု ရှိသော ပဋိဇီဝဆေး ဖြစ်သည့် ပရိုတွန်စေးလ် (prontosil) ကို ရှာဖွေဖော်ထုတ် နိုင်သောကြောင့် ၁၉၃၉ ခုနှစ်တွင် နိုဘယ်ဆု (Nobel Prize) ကို ရရှိခဲ့သည်။ ယနေ့ခေတ်တွင် အသုံးပြုနေသော ဆေးမျိုရင်းများအားလုံး မှာ ၁၉၈၀ ပြည့်နှစ်လွန်ပိုင်း မတိုင်ခင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဆေးပညာ အသုံးများ[ပြင်ဆင်ရန်]

  • ကုသခြင်း
    • ဘက်တီးရီးယား ကြောင့်ဖြစ်သော ရောဂါများ အား ကုသခြင်း
    • ပရိုတိုဇိုဝ ကြောင့်ဖြစ်သော ရောဂါများအား ကုသခြင်း
    • ကိုယ်ခံအားဆိုင်ရာ ရောဂါ အချို့ တွင် ကုသခြင်း
  • ကာကွယ်ခြင်း
    • ခွဲစိတ်ဒဏ်ရာများ ပိုးဝင်ရောင်ရမ်းမှု မဖြစ်စေရန် ကာကွယ်ခြင်း
    • သွားဘက်ဆိုင်ရာ ကုသမှုများတွင် ပိုးမဝင်စေရန် ကာကွယ်ခြင်း[၁]
    • သွေးဖြူဥ နည်းသည့် ရောဂါ တွင် ကိုယ်တွင်းသို့ ပိုးဝင်ပြီး ရောဂါမဖြစ်စေရန် ကာကွယ်ခြင်း

ကိုးကား[ပြင်ဆင်ရန်]

  1. Wilson W, Taubert KA, Gewitz M, Lockhart PB, Baddour LM, Levison M, Bolger A, Cabell CH, Takahashi M, Baltimore RS, Newburger JW, Strom BL, Tani LY, Gerber M, Bonow RO, Pallasch T, Shulman ST, Rowley AH, Burns JC, Ferrieri P, Gardner T, Goff D, Durack DT (October 2007).