ပင်လယ်ပြာနှင့် တံငါအို

ဝီကီပီးဒီးယား မှ
ပင်လယ်ပြာနှင့် တံငါအို
မူရင်း စာအုပ်မျက်နှာဖုံး
စာရေးသူအားနက် ဟဲမင်းဝေး
နိုင်ငံအမေရိကန်
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားစိတ်ကူးယဉ်ဝတ္ထု
ထုတ်ဝေခြင်း၁၉၅၂
မီဒီယာ အမျိုးအစားပုံနှိပ် (အဖုံးမာ၊ အဖုံးပျော့)
စာမျက်နှာ၁၂၇
ဆုများပူလစ်ဇာဆု (စိတ်ကူးယဉ်စာပေ) (၁၉၅၃)
စာပေ နိုဘယ်ဆု (၁၉၅၄)
ISBN0-684-80122-1

ပင်လယ်ပြာနှင့် တံငါအို (အင်္ဂလိပ်: The Old Man and the Sea) သည် ၁၉၅၁ ခုနှစ်တွင် အမေရိကန်စာရေးဆရာ အားနက် ဟဲမင်းဝေး ရေးသားခဲ့သော ဝတ္ထုတို တစ်ပုဒ်ဖြစ်သည်။ ကျူးဘားတွင် ရောက်ရှိနေချိန် ရေးသားထားပြီး ၁၉၅၂ ခုနှစ်ရောက်မှ ပုံနှိပ်သည်။ နောက်ဆုံးနှင့် အကောင်းဆုံးလက်စွမ်းပြထားသည့် စိတ်ကူးယဉ်ဝတ္ထုလည်း ဖြစ်သည်။ ကျူးဘား ငါးဖမ်းသမားကြီး ဆန်တီယာဂို၏ နှုတ်သီးရှည် ပင်လယ်ငါးကြီးနှင့် အားပြိုင်မှုကို ဖော်ပြသည့် ဇာတ်လမ်းဖြစ်သည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ဇာတ်လမ်းအဖွင့်တွင် (၈၄) ရက်တိုင်တိုင် ငါးတစ်ကောင်ပင် မမိသေးသည့် ဆန်တီယာဂိုမှာ လာဘ်ပိတ်သူတစ်ယောက်အဖြစ် သတ်မှတ်ခံနေရသည်။ သူ၏တွဲဖက် မနိုလင် (Manolin) ကိုပင် မိဘများက တခြားသူများနှင့်သာလိုက်ရန် ပြောနေပြီဖြစ်သည်။ ကောင်လေးမှာ ဆန်တီယာဂို၏တဲသို့ ညစဉ်လာ၍ ပိုက်ပြင်ခြင်း၊ ညစာပြင်ခြင်း၊ အမေရိကန် ဘေ့ဘောအကြောင်းပြောခြင်း၊ သူ့အကြိုက် ကစားသမား ဂျိုး ဒီမဂ္ဂီရို (Joe DiMaggio) အကြောင်း ပြောခြင်းတို့ဖြင့် အချိန်ဖြုန်းသည်။ မနက်ဖြန် ကျူးဘားမြောက်ဘက်၊ ဖလော်ရီဒါကမ်းမြောင်အကြားရှိ ပင်လယ်ကွေ့စီးကြောင်းတွင် ငါးဖမ်းပြီး ကံဆိုးမှုကို ပယ်ဖျက်မည်ဟု ဆန်တီယာဂိုက မနိုလင်အား ဆိုသည်။ ငါးမရခြင်း (၈၅) ရက်မြောက်နေ့တွင် ပင်လယ်ကွေ့စီးကြောင်းသို့ လှေကိုလွှင့်ကာ ပိုက်ချသည်။ နေ့လယ်ခန့်တွင် ငါးကြီးတစ်ကောင်မိနေသည်။ နှုတ်သီးချွန်ငါးဖြစ်ကြောင်း သေချာသည်။ ငါးမှာ ကြီးလွန်း၍ လှေကိုပင် ပြန်ဆွဲရာ နှစ်ရက်နှင့် တစ်ညခန့် ဒရွတ်တိုက်ပါနေသည်။ ပင်ပန်းဆင်းရဲလွန်းသော်လည်း ဆန်တီယာဂိုမှာ သူ၏ ကံဇာတာမြင့်လာမှုအတွက် စိတ်အားတက်နေသည်။ ငါးကြီး၏ ဇွဲကောင်းမှုကြောင့် မည်သူမှပင် မစားထိုက်ဟု ဆုံးဖြတ်မိသည်။ တတိယမြောက်နေ့တွင် ငါးမှာ လှေနားတွင် လည်နေပြီဖြစ်သည်။ လက်ကျန်အားဖြင့် လှေနားသို့ဆွဲကာ မှိန်းဖြင့် ထိုးလိုက်သည်။ ထို့နောက် လှေနံတွင်ကပ်ကာ အပြန်လမ်းသို့ ခေါင်းတည်လိုက်သည်။ ရလာမည့် ငါးတန်ဖိုးနှင့် စားနိုင်မည့် လူအရေအတွက်ကို လက်ချိုးရေ တွေးတောမိသည်။ ငါးမှာထွက်သည့်သွေးက ငါးမန်းများကို မြှူနေရာ ငါးမန်းကြီးတစ်ကောင်ကို သတ်နိုင်လိုက်သော်လည်း မှိန်းကို လက်လွှတ်လိုက်ရသည်။ ဓားကို လှော်တက်တွင်တက်ကာ မှိန်းသစ်လုပ်ရင်း နောက်ထပ်လာသည့် ငါးမန်းများကို ဖယ်ရှားနေရသည်။ ငါးကောင် ထပ်သတ်နိုင်ခဲ့ပြီး အတော်များများကိုလည်း မောင်းထုတ်နိုင်ခဲ့သည်။ သို့သော်လည်း ငါးမန်းများက တိုး၍သာများလာ၍ ငါးကိုယ်ပင် ကုန်လုလုဖြစ်လာသည်။ ခေါင်း၊ အမြီးနှင့် ကျောရိုးနားကပ်သည့်အသားသာ ကျန်သည်။ ရှုံးနိမ့်မှုကိုလက်ခံရင်း သူ့အိပ်မက်ကို ဖျက်ဆီးနေကြောင်း ငါးမန်းများကို တိုင်တည်မိသည်။ စတုတ္ထမြောက်နေ့ အာရုဏ်မတက်မီ ကမ်းသို့ ကပ်နိုင်ခဲ့သည်။ ရွက်တိုင်ကိုသာ အနိုင်နိုင်သယ်ရင်း တဲသို့ သွားသည်။ ငါးခေါင်းနှင့် အရိုးများကို ကမ်း၌သာ ချန်ခဲ့တော့သည်။ အိမ်ရောက်ပြီဆိုသောအသိနှင့် အိပ်ရာပေါ်ခြေပစ်လက်ပစ်လှဲကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်သည်။ နေထွက်သော် လှေနံတွင်ချည်ထားသည့် ငါးရိုးဘေးတွင် တံငါသည်များ အုံနေပြီ။ တစ်ယောက်က တိုင်းကြည့်ရာ (၁၈) ပေ ရှည်ကြောင်း သိရသည်။ လူအိုကြီး တရေးနိုးလာသော် ငါးဖမ်းအတူထွက်ရန် ကတိပြုကြသည်။

မြန်မာဘာသာသို့ ပြန်ခြင်း[ပြင်ဆင်ရန်]

၁၉၇၄ ခုနှစ်တွင် မြန်မာစာရေးဆရာ မောင်ဆုရှင်က ပင်လယ်ပြာနှင့် တံငါအို အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ရာ အမျိုးသားစာပေဆု (ဘာသာပြန်၊ ရသ) ချီးမြှင့်ခံရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဆုရှင်၊ မောင်။ "ပင်လယ်ပြာနှင့် တံငါအို"၊ တတိယအကြိမ်။ ရာပြည့် စာအုပ်တိုက်၊ ရန်ကုန်။ ၁၉၉၉ နိုဝင်ဘာ။