နူမိုကောကယ်ကာကွယ်ဆေး

ဝီကီပီးဒီးယား မှ

နူမိုကောကယ်ကာကွယ်ဆေးများ (အင်္ဂလိပ်: Pneumococcal vaccine)သည် စထရပ်တိုကောကပ်စ် နူမိုနီရေး  Streptococcus pneumoniae (English)ဟုခေါ်သော ဘက်တီးရီးယားပိုးကို ကာကွယ်ပေးသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ဤကာကွယ်ဆေးများသည် အဆုတ်ရောင်ခြင်း (pneumonia)၊ ဦးနှောက်အမြှေးရောင်ခြင်း (meningitis)နှင့် ပိုးမွှားများတကိုယ်လုံးတွင်ပျံ့နှံ့ကာ သွေးဆိပ်တက်ခြင်း(sepsis)တို့မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ရောဂါပိုး၏ပဋိဇာတ်နှင့် သယ်ဆောင်ပေးသောပရိုတိန်းတို့ကို ပေါင်းစပ်ထားသော ကွန်ဂျုဂိတ်ကာကွယ်ဆေး(conjugate vaccine)နှင့် ပေါ်လီစက္ကရိုက်ပဋိပစ္စည်းဖြင့် ပြုလုပ်ထားသော ပေါ်လီစက္ကရိုက်ကာကွယ်ဆေး(polysaccharide vaccines)ဟူ၍ အမျိုးအစား (၂)မျိုးရှိသည်။ ဤကာကွယ်ဆေးများကို ကြွက်သား သို့မဟုတ် အရေပြားအောက်သို့ ထိုးနှံရသည်။[၁]

ကွန်ဂျုဂိတ်ကာကွယ်ဆေးကို ကလေးများအတွက် ပုံမှန်ထိုးသင့်သော ကာကွယ်ဆေးအဖြစ် သတ်မှတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး (HIV)/ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသူများကိုပါ ပေးသင့်သည်။ အကြိမ်ပေါင်း(၃)ကြိမ် သို့မဟုတ် (၄)ကြိမ်ထိုးပြီးပါက ပြင်းထန်သောရောဂါမဖြစ်အောင် (၇၁)မှ(၉၃)ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သည်။ ပေါ်လီစက္ကရိုက်ကာကွယ်ဆေးသည် ကျန်းမာနေသောလူကြီးများအတွက်သာ အကျိုးသက်ရောက်မှုရှိပြီး အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ခံအားကျဆင်းနေသူများတွင် အကျိုးသက်ရောက်မှုမရှိပါ။[၁]

ဤကာကွယ်ဆေးများသည် ယေဘုယျအားဖြင့် စိတ်ချရသောဆေးဖြစ်သည်။ ကွန်ဂျုဂိတ်ကာကွယ်ဆေးထိုးသော ကလေးငယ်များ(၁၀)ရာခိုင်နှုန်းခန့်တွင် ဆေးထိုးသည့်နေရာ၌ နီရဲခြင်း၊ ကိုယ်ပူခြင်းနှင့် အိပ်ချိန်ပြောင်းလဲခြင်းတို့ ဖြစ်တတ်သည်။ ပြင်းထန်သည့် ဆေးမတည့်သည့်တုံ့ပြန်မှုများဖြစ်လေ့မရှိပါ။ [၁]

ပထမဆုံး နူမိုကောကယ်ကာကွယ်ဆေးကို (၁၉၈၀)နှစ်ပိုင်းတွင် စတင်ရရှိခဲ့သည်။[၁] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၂] (၂၀၁၄)ခုနှစ် ဆေးတစ်လုံး၏ လက်ကားဈေးမှာ (၁၇)ဒေါ်လာခန့်ဖြစ်သည်။[၃] အမေရိကန်နိုင်ငံတွင် (၂၅-၁၀ဝ)ဒေါ်လာခန့်ပေးရသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ "Pneumococcal vaccines WHO position paper--2012" (Apr 6, 2012). Wkly Epidemiol Rec 87 (14): 129–44. PMID 24340399. 
  2. WHO Model List of EssentialMedicinesWorld Health Organization (October 2013)။ 22 April 2014 တွင် ပြန်စစ်ပြီး။
  3. Vaccine, Pneumococcal။ 6 December 2015 တွင် ပြန်စစ်ပြီး။
  4. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 316။ ISBN 9781284057560