နိုင်အောင်ထွန်း

ဝီကီပီးဒီးယား မှ
နိုင်အောင်ထွန်း
ဇာတိ အမည်နာဲအိုင်ထောန်
မွေးဖွားအောက်တိုဘာ ၁၉၁၃
ပငကျေးရွာသံဖြူဇရပ်မြို့နယ်
ကွယ်လွန်၂၉ ဧပြီ ၁၉၇၀ (အသက် ၅၇)
မော်လမြိုင်မြို့
နိုင်ငံရေးပါတီမွန်ပြည်သူ့ တပ်ဦး
အိမ်ထောင်ဖက်(များ)မိအေးစိန်
မိဘ(များ)ဦးနိုင်ဖိုး၊ ဒေါ်မိကွန်းမေး

နိုင်အောင်ထွန်း (၁၉၁၃–၁၉၇၀) သည် မွန်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သော မွန်ပြည်သူ့တပ်ဦး (Mon People Front - MPF)၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်ပငကျေးရွာ ရွာသူကြီး အဖ နိုင်ဖိုး၊ အမိ မိကွန်းမေးတို့က ၁၉၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖွားမြင်ခဲ့ပြီး မွေးချင်း ငါးဦး ရှိသည်။

မော်လမြိုင်မြို့ အင်္ဂလိပ် ဂျက်ဆင်ကျောင်းတွင် ၁၀ တန်းကို သမိုင်းဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ကျောင်းမှထွက်ပြီး မုဒုံမြို့နယ်၊ ကလော့သော့ဇာတိ မိအေးစိန်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ဖခင် ကွယ်လွန်ခဲ့ပြီးနောက် ပငရွာ သူကြီး အရိုက်အရာကို ဆက်ခံသည်။ မွန်လူငယ် အဖွဲ့ဝင်ဖြစ်ပြီး နိုင်ဖိုးချို ဦးဆောင်သော မွန်တိုင်းရင်းသား အစည်းအရုံး (၁၉၄၆) ၌ မြို့နယ် ဥက္ကဋ္ဌ တာဝန် ယူခဲ့သည်။

နိုင်ငံရေးလုပ်ဆောင်ခြင်း[ပြင်ဆင်ရန်]

၁၉၄၈ ခု၊ ဩဂုတ်လတွင် စတင်ခဲ့သည့် မွန်လက်နက်ကိုင် တော်လှန်ရေးတွင် စတင် ပါဝင်ခဲ့ပြီး မွန်ပြည်သူ့ တပ်ဦး ဥက္ကဋ္ဌ အဖြစ် ပါတီ သက်တမ်းတလျှောက် ထမ်းဆောင်ခဲ့သည်။

၁၉၅၈ ခုနှစ်၊ ဇူလိုင်လတွင် နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်၊ နိုင်ဆိတ်နို့ (နိုင်နွန်လာ)၊ နိုင်အောင်တင်၊ နိုင်ဖိုးစိန်၊ နိုင်ငွေသိမ်း၊ နိုင်ထွန်းသိန်း၊ နိုင်သိမ်းမောင်၊ နိုင်ထင် စသည့် မွန်ပြည်သူ့ တပ်ဦး ဗဟို ကော်မတီများနှင့် လက်နက်ကိုင် တပ်ဖွဲ့ အများစုတို့ လက်နက် ချလိုက်ကြပြီး ဥပဒေဘောင်တွင်း ရပ်တည်ခွင့်ကို ရယူလိုက်ကြသည်။

၁၉၅၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့၊ မော်လမြိုင်မြို့၊ မိုင်ဒါကွင်း၌ မွန်ပြည်သူ့ တပ်ဦးမှ လက်နက်ကိုင်တိုက်ပွဲ အသွင်မှ ဥပဒေအတွင်းတိုက်ပွဲ အသွင်သို့ ပြောင်းလဲခြင်း အခမ်းအနား ကျင်းပခဲ့ပြီး မွန်ပြည်သူ့ တပ်ဦးမှ တပ်ဖွဲ့ဝင်အင်အား ၁,၁၁၁ တို့က လက်နက် ကိုယ်စီဖြင့် နိုင်ငံတော် အစိုးရထံ အပ်နှံခဲ့သည်။

မွန်ခေါင်းဆောင် အချို့ အမြင်ကမူ ဖဆပလ အပေါ် အယုံအကြည် မရှိသဖြင့် အချို့သော လက်နက်ကောင်းများကို ဖွက်ထားပြီး အချို့ကိုသာ အပ်နှံ စေလိုကြောင်း နိုင်အောင်ထွန်းအား အကြံပြု တင်ပြခဲ့သော်လည်း၊ "မွန်တွေ အနေဖြင့် ရိုးသားမှု မရှိလျှင် မိမိ ရန်သူနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်မည် မဟုတ်" ကြောင်း ပြောဆိုခဲ့ပြီး လက်နက်များ တလက်မကျန် အကြွင်းမဲ့ အပ်နှံခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်သူ့ တပ်ဦး တရား ဥပဒေဘောင် အတွင်း တရားဝင် ပါတီ အဖြစ် ရပ်တည်ခဲ့ပြီး ၁၉၆ဝ ခု၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဗိုလ်နေဝင်း အိမ်စောင့်အစိုးရမှ ကျင်းပ ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲ၌ ကျိုက္ခမီမြို့နယ် မဲဆန္ဒ နယ်မြေတွင် မဲအပြတ်အသတ် အနိုင် ရရှိကာ နိုင်အောင်ထွန်း ပြည်သူ့ လွှတ်တော် အမတ် ရွေးကောက် ခံခဲ့ရသည်။

ထို့နောက် ဦးနု အစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီးအဖြစ် ၁၉၆၁ ခု၊ ဧပြီလ ၂၇ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုသည်။ ထို့အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ အမျိုးသား စည်းလုံး ညီညွတ်ရေး ဌာနများကိုပါ ပူးတွဲ တာဝန်ယူခဲ့သည်။

မွန်ပြည်နယ် ဖော်ထုတ်ရေး အလုပ် ညီညွတ်ရေး ကော်မတီ အလုပ်အမှုဆောင် အဖွဲ့ (ဗဟို) ၁၉၆၁ ခုနှစ်တွင် ဒု-ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ဥက္ကဋ္ဌ နိုင်လှမောင်၊ ဒု-ဥက္ကဋ္ဌ မွန်ဖိုးချိုတို့ ဖြစ်ကြသည်။

နိုင်ငံရေးအကျဉ်းသားဘဝ[ပြင်ဆင်ရန်]

၁၉၆၂ ခု၊ ဦးနေဝင်း စစ်အုပ်စုမှ အာဏာသိမ်းစဉ်တွင် အခြား နိုင်ငံရေးသမားများ၊ မွန်ခေါင်းဆောင်များ နည်းတူ အကျဉ်းကျခံလိုက်ရသည်။ ၆ နှစ် ခန့် အကျဉ်း ကျခံခဲ့ရပြီး ၁၉၆၈ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ထိုနောက် တော်လှန်ရေးကောင်စီ၏ ၃၃ ဦးပါ နိုင်ငံတော် သမ္မတ အကြံပေး အဖွဲ့တွင် မွန် အမျိုးသား ခေါင်းဆောင် နိုင်ဖိုးချိုနှင့် အတူ ပါဝင်ခဲ့ကြသည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၁၉၇၀ ခု၊ ဧပြီလ ၂၉ ရက်၊ နံနက် ၇ နာရီခန့်၌ မော်လမြိုင် နေအိမ်တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။ ကွယ်လွန်ချိန် အသက် ၅၇ နှစ် ဖြစ်သည်။

ရရှိခဲ့သော ဆုတံဆိပ်များ[ပြင်ဆင်ရန်]

မဆလ အစိုးရ လက်ထက်၌ နိုင်ငံဂုဏ်ရည် မော်ကွန်းဝင် (ပထမဆင့်) ချီးမြှင့်ခံရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မွန် အမျိုးသားတို့၏ နောက်ခံ သမိုင်း
  2. လက်ငင်း မွန်ပြည်နယ် ပြဿနာ။ မွန်ပြည်နယ် ဖော်ထုတ်ရေး အလုပ် ညီညွတ်ရေး ကော်မတီ။ ဧပြီ ၁၉၆၁။
  3. လက်နက်ကိုင် တိုက်ပွဲ အသွင်မှ ဥပဒေ အတွင်း တိုက်ပွဲ အသွင်သို့ ပြောင်းလဲခြင်း အခမ်းအနားတွင် မွန်ပြည်သူ့ တပ်ဦး နိုင်အောင်ထွန်း၏ မိန့်ခွန်း (မွန်-ဗမာ)။ မွန်ပြည်သူ့ တပ်ဦး (ဗဟို)။ ဇူလိုင် ၁၉၅၈။
  4. မွန် အမျိုးသား တော်လှန်ရေး ခေါင်းဆောင်များ သမိုင်း၊ မွန်ဘာသာ