နန်းကျောင်းဆရာတော်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

နန်းကျောင်းဆရာတော် (၉၈၆-၁၀၆၅)[ပြင်ဆင်ရန်]

နန်းကျောင်းဆရာတော်သည် ပါဠိစာပေသင်ရိုးကျမ်း ဖြစ်သော သဒ္ဒါကျမ်းကို နိဿယ ပြန်ဆိုတော်မူသဖြင့် ထင်ရှားလာသော ဆရာတော် ဖြစ်သည်။ ဆရာတော်၏ နိဿယကျမ်း ကြီးမှာ ကောင်းမွန် မြင့်မြတ်လှသဖြင့် ခေတ်အဆက်ဆက် စာသင်သားတို့၏ လက်သုံးကျမ်းကြီး တစ်ဆူ ဖြစ်ခဲ့ပေသည်။ ထို့ကြောင့် သင်္ဂြိုဟ် ဗားကရာ ၊ သဒ္ဒါ နန်းကျောင်း ဟူ၍ ရှေးသူဟောင်း တို့ ဆိုစမှတ်ပြုကြလေသည်။

ဆရာတော်သည် ပြည်မင်း၏ အမတ်ကြီးဖြစ်သော နေမျိုးနော်ရထာ၏ သားဖြစ်၍ မှူးမတ်မျိုးနွယ်မှ မွေးဖွားလာသူ ဖြစ်သည်။ မွေးဖွားရာ ဒေသကိုမူ တိကျစွာ မတွေ့ရသေးချေ။ အချို့မူ၌ ပခန်းကြီးကျေးလက် ဘလဘရွာသားဟု ဆိုကြသည်။ ဖွားသက္ကရာဇ်ကိုမူ မှန်နန်း ရာဇဝင်တော်ကြီး-တတိယတွဲ၌ သက္ကရာဇ် ၁ဝဝ၆-ခု၊ တပေါင်းတွင် သာလွန်မင်းတရား ကြီးသည် သုဓမ္မာဇရပ်တော်သို့ ထွက်တော်မူပြီးလျှင် သျှင်အဂ္ဂဓမ္မအား ရဟန်းအဖြစ်သို့ ထောက်ပံ့တော်မူကြောင်း တွေ့ရှိရ၏။ ထို့ကြောင့် ဆရာတော်၏ မွေးသက္ကရာဇ်ကို ၉ဂ၆-ခုဟု ရေးမှတ်ရခြင်း ဖြစ်ပေသည်။

ဖော်ပြခဲ့ပြီးသည့်အတိုင်း ရဟန်းပြုသောအခါ ဘွဲ့မည်မှာ သျှင်အဂ္ဂဓမ္မ ဖြစ်သည်။ သျှင်အဂ္ဂဓမ္မသည် အင်းဝမြို့မှ ဆရာတော် သျှင်အရိယာလင်္ကာရ၏ တပည့်ဖြစ်သည်။ ထိုခေတ်တွင် အရိယာလင်္ကာရဘွဲ့တံဆိပ်တော်ရ ဆရာတော် နှစ်ပါးရှိသည်။ ပထမအရိယာလင်္ကာရမှာ တောင်ဖီလာဆရာတော်နှင့် ပညာပြိုင်ဘက်ဖြစ်၍ ' အင်းဝပဉ္စင်းကျော် ' ဟု ခေါ်တွင်သည်။ ထိုဆရာတော်အား သာလွန်မင်းတရားက ကြည်ညိုတော်မူသဖြင့် အရိယာလင်္ကာရဟူသော ဘွဲ့တံဆိပ်တော်ကို ကပ်လှူ၍ ဒက္ခိဏာဝန်ကျောင်းတော်ကို တင်လှူမည်ရှိရာ မတင်လှူရမီ ပျံလွန် တော်မူသဖြင့် တပည့်ရင်းဖြစ်သော ကျမ်းဂန်တတ်ဆရာတော် တစ်ပါးကို အရိယာလင်္ကာရဟူသော ဘွဲ့တံဆိပ်တော်ကို ထပ်မံကပ်လှူ၍ ဒက္ခိဏာဝန်ကျောင်းတော်ကို တင်လှူလေသည်။

အထက်ဖော်ပြပါ နှစ်ပါးလုံးမှာ သာလွန်မင်းတရား လက်ထက်မှာပင် ဘွဲ့တံဆိပ်တော် ကို အတူရရှိကြသည်ဖြစ်၍ သျှင်အဂ္ဂဓမ္မ၏ ဆရာမှာ မည်သည့် အရိယာလင်္ကာရဘွဲ့ရ ဆရာတော် ဖြစ်သည်ကို တိကျသော အမှတ်အသား မတွေ့ရပေ။ သို့ရာတွင် ဒုတိ်ယသျှင်အရိယာလင်္ကာရ ဆရာတော်မှာ ကောင်းမှုတော်ကြီး တည်လုပ်၍ လေးမျက်နှာတွင် တည်ဆောက်သော ကျောင်း များကို အပ်နှင်းချိန်တွင် ပေးအပ်သော ဘွဲ့ဖြစ်၏။ ထို့ကြောင့် သျှင်အဂ္ဂဓမ္မ၏ ဆရာသည် ပတမ အရိယာလင်္ကာရဘွဲ့တံဆိပ်တော်ရ ဆရာတော်ပင် ဖြစ်နိုင်ပေသည်။

သျှင်အဂ္ဂဓမ္မဟူသော ဘွဲ့မည်တွင် အလင်္ကာရဟူသော ဘွဲ့ကို ထပ်ဆင့်၍ လှူဒါန်း သဖြင့် ရဟန်းဖြစ်၍ မကြာမြင့်မီပင် ' သျှင်အဂ္ဂဓမ္မာလင်္ကာရ ' ဟု ထင်ရှားလာခဲ့၏။ ထို့ကြောင့် ဆရာတော်ကိုယ်တိုင် သဒ္ဒါနိဿယနိဂုံး၌-

အာဒိမှိ၊ ရဟန်းဖြစ်စ ရှေးကာလ၌။ အဂ္ဂဓမ္မောတိ၊ အဂ္ဂဓမ္မဟူ၍။ ဝိဿုတော၊ ကျော်

စောထသော။ အထပစ္ဆာ၊ ထို့နောင်မှ။ အလင်္ကာရောတိ၊ အလင်္ကာရဟူ၍။ ဝိဿုတော၊

ကျော်စောထသော။

ဟူ၍ ရေးသားတော်မူခဲ့၏။

ထိုဘွဲ့တံဆိပ်တော်ကို မည်သည့်ခုနှစ်တွင် ရရှိသည်ဟု မသိရသော်လည်း သာလွန်မင်း တရား လက်ထက်မှာပင် ရရှိသည်ဟု ဆိုနိုင်ပေသည်။ သက္ကရာဇ် ၁ဝ၁ဝ-ခုနှစ်တွင် သာလွန်မင်း တရား၏ သားတော် မင်းရဲရန္တမိတ်ခေါ် ပင်းတလဲမင်း သည် ထီးနန်းအမွေကို ဆက်ခံစိုးစံလေသည်။ ထိုမင်းလက်ထက်တွင် အိမ်ရှေ့မင်းသားဖြစ်သော မင်းရဲသီဟသူနှင့် မိဖုရား စန္ဒာဒေဝီတို့က အဓိကအားဖြင့် ကိုးကွယ်တော်မူသည်။ ကျောင်းလည်း ဆောက်လုပ် လှူဒါန်းသဖြင့် ထိုကျောင်း မှာပင် သီတင်းသုံးတော်မူရသည်။

ထိုအခါ သျှင်အဂ္ဂဓမ္မာလင်္ကာရသည် ' အိမ်ရှေ့မင်းဆရာတော် ' ဟုလည်းကောင်း၊ 'အိမ်ရှေ့မင်းကျောင်းဆရာတော် ' ဟုလည်းကောင်း အမည်တွင်လာပြန်သည်။ ဆရာတော်သည် ' တိသာသနလောက ' ဟူသော ဘွဲ့တံဆိပ်ကို ရရှိတော်မူကြောင်းကို သဒ္ဒါနိဿယနိဂုံး၌-

စိဟနံ၊ တံဆိပ်အမည်ကား။ တိသာသနံမှိ၊ သာသနာတော်သုံးပါး၌။ အာလောဘူ

တတ္တာ၊ ပညာရောင်ရှိသည်အဖြစ်ကြောင့်။ တိသာသနလောကောတိ၊ တိသာသနလောကဟူ

၍။ ဝိဿုတော၊ ကျော်စောထသော။

ဟူ၍ ထည့်သွင်း ဖော်ပြခဲ့သည်။

ဆရာတော်သည် ပါဠိစာပေ သင်ကြားမှုသမိုင်းတွင် အကျော်ကြားဆုံး ဖြစ်သော သဒ္ဒါ နိဿယကျမ်းကြီးကို ထိုမင်းလက်ထက်မှာပင် ရေးသားသည်ဟု ဆုံးဖြတ်ရပေသည်။အဘယ့်ကြောင့် ဆိုသော် ထိုကျမ်းပြီးနိဂုံး၌ နောင်အခါ ပြည်မင်းလက်ထက်၌ ရရှိသော ဘွဲ့တံဆိပ်တော်ကို ထည့်သွင်းထားခြင်း မရှိသေးသောကြောင့်တည်း။ သို့သော်လည်း ထိုကျမ်းကြီးမှာ ပြည်မင်း လက်ထက်လောက် ရောက်မှ ရေးသား ပြီးစီးသည်ဟု ခန့်မှန်းရပေသည်။

သက္ကရာဇ် ၁ဝ၂၃-ခုနှစ်တွင် ညီတော်ပြည်မင်းသည် ' မဟာပဝရ ဓမ္မရာဇာ လောက ဓိပတိ ' ဟူသော နာမံတော်ဖြင့် မင်းပြုတော်မူသည်။ ပြည်မင်းတရားသည် ထီနန်းစိုးစံစဉ် ဇာတာတော် မသန့်သည်ဟူ၍ အယူရှိသောကြောင့် ရန်အောင်မြင်ဘုရား အနောက် ရမ္မဝတိီ အရပ်၌ ယာယီနန်းတော်ကို ဆောက်လုပ်၍ စံတော်မူသည်။ နန်းတော်ကို ' ဘုံစံဝတီ ' ဟု သမုတ်တော်မူသည်။ သာသနာလင်္ကာရစာတမ်းတွင်မူ ' ဘုံသာဝတီ ' ဟု ရှိသည်။

ပြည်မင်းတရားသည် ထိုဘုံစံဝတီနန်းတော်တွင် အနည်းငယ်မျှ စံနေတော်မူပြီးလျှင် ထိုနန်းတော်ကို ဖျက်၌ ရွှေစည်းခုံ အနောက်တောင်ယွန်း ကျောင်းရံလေးကျောင်းနှင့်တကွ ဆောက်တော်မူ၏။ ထိုကျောင်းကို အဂ္ဂါဝရဘုန်းတော်ကြီးအား တင်လှူတော်မူသည်။ ဘုံစံဝတီ နန်းမကြီးကိုကား ဆရာတော် သျှင်အဂ္ဂဓမ္မာလင်္ကာရအား တင်လှူတော်မူသည်။ ဆရာတော်၏ တတိယမြောက်ဘွဲ့ဖြစ်သော ' ရတနာလင်္ကာရ ' ဟူသော ဘွဲ့တံဆပ်တော်ကိုလည်း ပေးအပ်တော် မူသည်။ ထိုအကြောင်းကို မှန်နန်းရာဇဝင်တော်ကြီး- တတိယတွဲ၌-

ဘုံစံဝတီနန်းမကိုကား နောင်တော် အိမ်ရှေ့မင်းဆရာတော် တိသာသနလောကဘုန်း

ကြီးအား သက္ကရာဇ် ၁ဝ၂၇-ခုနှစ်၊ ကဆုန်လပြည့်ကျော် ငါးရက် တနင်္ဂနွေနေ့ မွန်းယိမ်းကျော် ရှစ်နာရီ တစ်ပါဒ်တွင် နှစ်ကျောင်း တစ်ချိန်တစ်ခါတည်း လှူတော်မူသည်။ ရတနာလင်္ကာရ

ဟူသော တံဆိပ်ကိုလည်း ပေးအပ်တော်မူသည်။

ဟု ပါရှိပေသည်။

ဆရာတော်သည် ထိုနန်းကျောင်းတော်ကြိီးကို အလှူခံချိန်၌ အသက်အရွယ်အားဖြင့် ၄ဝ-ကျော်မျှသာ ရှိပေသေးသည်။ ထိုနှစ်များအတွင်း ဘွဲ့တံဆိပ်တော် သုံးထပ်မျှ ရရှိခဲ့ပေသည်။ ဆရာတော်သည် ထိုဘုံစံဝတီ နန်းကျောင်းတော်ကြီး၌ သီတင်းသုံးသောအခါမှစ၍ ' နန်းကျောင်း ဆရာတော် ' ဟူ၍ ခေါ်တွင်ထင်ရှားလာခဲ့လေသည်။

ပြည်မင်းတရားသည် ဆရာတော်၏ ဖခင်ကြီး နေမျိုးနော်ရထာအား မြှောက်စားအား ထားဘိသကဲ့သို့ ဆရာတော်အားလည်း အထူးသဖြင့် ကြည်ညိုတော်မူ၏။ ပြည်မင်းတရားက ဆရာတော်အား နောင်လာနောက်သားတို့အတွက် သိမှတ်လွယ်စိမ့်သောငှာ ရာဇဝင်စာတော်ကို ပြုစုတော်မူပါ၊ ဟု လျှောက်ထား တောင်းပန်သောကြောင့် ရေးသားတော်မူရာ ထိုရာဇဝင်ကျမ်းကို ' နန်းကျောင်းရာဇဝင် ' ဟူ၍ ခေါ်တွင်လေသည်။

ဆရာတော်သည် ထိုအချိန်က မိမိခမည်းတော်ကြီးမှာလည်း နေမျိုးနော်ရထာဘွဲ့ဖြင့် ဝန်ပြုရသူ ဖြစ်သောကြောင့်လည်းကောင်း၊ ဆရာတော်၏ ပညာအရည်အသွေးမှာလည်း တောက်ပြောင်သူ ဖြစ်သောကြောင့်လည်းကောင်း လူပြုပါအမူ မှူးမတ်စည်းစိမ်ကို ဧကန်ရရှိနိုင်သူ ဖြစ်၏။ မိမိနှင့် မိတ်ဆွေဖြစ်သော ရဟန်းလူထွက်များသည်ပင် မင်းမှုထမ်းများ ဖြစ်နေခဲ့ကြ၏။ ထိုအထဲမှ သတိုးမင်းကြီးဘွဲ့ခံ ရဟန်းလူထွက် အမတ်ကြီးသည် တစ်နေ့သ၌ မှူးမတ်တို့ အဆောင် အယောင် အခင်းအကျင်းများနှင့်တကွ ဆရာတော်၏ ကျောင်းသို့ ရောက်ရှိလာ၏။

သတိုးမင်းကြီးက ဆရာတော်အား အရှင်ဘုရား- အရှင်သည် လူဖြစ်လျှင် ဤမျှလောက် စည်းစိမ်ကို ရရှိလိမ့်မည်၊ ဟု လျှောက်ထားလေသည်။ ထိုအခါ ဆရာတော်က ဤမျှလောက် စည်းစိမ်သည် ငါတို့ အိမ်သာတစ်ခါတက်ကိုမျှ မတန်လေ၊ အိမ်သာ တစ်ကြိမ်တက်လျှင်ပင် အသုဘကမ္မဋ္ဌာန်း များစွာ ပွားများရသည် မဟုတ်တုံလော၊ ဟု မိန့်ကြားတော်မူကြောင်း ဆရာစဉ်စကားဖြင့် ထင်ရှားခဲ့လေသည်။

ဆရာတော်သည် ဤကဲ့သို့ လူ့ဘဝ လူ့စည်းစိမ်ကို မြတ်နိုး စုံမက်တော်မမူဘဲ စာပေ ရေးသားပြုစြုခင်း အလုပ်ကိုသာ ကြိုးပမ်းဆောင်ရွက်တော်မူ၏။ ဆရာတော် ရေးသားသော ကျမ်း စာများမှာ မာတိကာအရကောက်၊ ဓာတုကထာအရကောက်၊ ယမိုက် ၁ဝ-ကျမ်းအရကောက်၊ ပဋ္ဌာန်း ၂၄-ကျမ်းအရကောက်၊ မူလဋီကာဒွါရကထာအဖွင့်နိဿယ၊ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာ နိဿယ၊ သင်္ဂြိုဟ်ကျမ်းရိုးကြီးတို့ ဖြစ်သည်။

ဆရာတော်သည် မင်းအဆက်ဆက် ကိုးကွယ်ချီးမြှောက်ခြင်း ခံရသည့်အလျောက် သက္ကရာဇ် ၁ဝ၆၁-ခုနှစ်တွင် နန်းတက်သော မာန်အောင်ရတနာခေါ် စနေမင်း လက်ထက်တွင် လည်း ဆရာတော်သီတင်းသုံးရာ ဘုံစံဝတီကျောင်းတိုက်ကြီးအတွင်း သုံးထပ်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းပြန်လေသည်။

မှန်နန်းရာဇဝင်တော်ကြီး၌ သက္ကရာဇ် ၁ဝ၆၅-ခုနှစ်၊ နှောင်းတန်ခူးလတွင် ဆရာတော်သီတင်းသုံးရာဖြစ်သော ဘုံစံဝတီကျောင်းတော်ကို တင်လှူကြောင်း ဆိုလေသည်။ မြန်မာမင်းလက်ထက် ထုံးတမ်းအရ မင်းဆရာတော်များ ပျံတော်မူလျှင် နောက်ထပ် မင်းကြိုက် ဆရာတော် တစ်ပါးအား ထပ်မံ တင်လှူလေ့ရှိသဖြင့် ဘွဲ့တံဆိပ်တော် သုံးထပ်ရ ဘုံစံဝတီ နန်းကျောင်းဆရာတော်ကြီးသည်လည်း ထိုနှစ်အတွင်းဝယ် ပျံလွန်တော်မူသဖြင့် နောက်ထပ် တင်လှူသည်ဟု ယူဆဖွယ် ရှိ၏။ သို့ဆိုလျှင် ဆရာတော်သည်လည်း ထိုနှစ်ပတ်ဝန်းကျင်မှာပင် ပျံလွန်တော်မူသည်ဟု ဆုံးဖြတ်သင့်ပေတော့သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) မှန်နန်းရာဇဝင်တော်ကြီး- တတိယတွဲ၊ သာသနာလင်္ကာ ရစာတမ်း၊ နန်းကျောင်းမူ သဒ္ဒါကြီး နိဿယ-ဒုတိယတွဲ၊ ပခန်းအကြောင်း သိကောင်းစရာ၊ ပိဋကတ်သမိုင်းစာတမ်း၊ သာသန ဗဟုဿုတပ္ပကာသနီကျမ်း၊