နစ်ကိုလို ပန်ဂန်နီနီ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

နစ်ကိုလို ပန်ဂန်နီနီ (အီတလီ: [ni(k)koˈlɔ ppaɡaˈniːni] ( )Niccolò (Nicolò) Paganini (နီကိုလို ပါ့ဂါ့နီးနီ)၊ ၂၇ အောက်တိုဘာ ၁၇၈၂- ၂၇ မေ ၁၈၄၀) သည် အီတလီလူမျိုး တယောဆရာဗီယိုလာတီးခတ်သူ၊ ဂစ်တာဆရာနှင့် တေးရေးဆရာတစ်ဦးဖြစ်သည်။ သူသည် သူ၏ကာလတစ်လျှောက်လုံးတွင် နာမည်အကြီးဆုံးတယောဆရာတစ်ဦးဖြစ်ခဲ့ပြီး တယောလောကအတွက် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။ သူရေးသားခဲ့‌သော ကပ်ပရိ(စ်) ၂၄ ပုဒ် (24 Caprices for Solo Violin) မှာ အလွန်ပင်ထင်ရှားလှသည့်အပြင် နောင်‌ပေါ်ပေါက်လာသည့်တေးရေးဆရာများအတွက်လည်း အတုယူဖွယ်ဖြစ်ခဲ့သည်။

နစ်ကိုလို ပန်ဂန်နီနီ (၁၈၁၉)

ကိုယ်ရေးရာဇဝင်[ပြင်ဆင်ရန်]

ပန်ဂန်နီနီ၏ ပုံတူပန်းချီ

ငယ်ဘဝ[ပြင်ဆင်ရန်]

နစ်ကိုလို ပန်ဂန်နီနီသည် ၁၇၈၂ ခုနှစ်တွင် ဂျီနိုအာတိုင်းပြည်၊ ဂျီနိုအာမြို့၌ အန်တိုနီယို ပန်ဂန်နီနီ (Antonio Paganini) နှင့် ထရေဆာ ဘိုချီအာဒို (Teresa née Bocciardo) တို့ထံတွင်ဖွားမြင်ခဲ့သည်။ မွေးချင်းခြောက်ယောက်အနက် သုံးယောက်မြောက်သားဖြစ်သည်။ ဖခင်ဖြစ်သူမှာ ကုန်သည်တစ်ဦးဖြစ်ကာ စီးပွားရေးအဆင်မပြေသောကြောင့် မယ်ဒလင်ကိုတီးခတ်ဖျော်ဖြေ၍ ဝင်ငွေရှာခဲ့ရသူဖြစ်သည်။ ပန်ဂန်နီနီသည် အသက်ငါးနှစ်၌ ဖခင်ထံမှ မယ်ဒလင်ပညာကို သင်ယူခဲ့ပြီး ခုနှစ်အရွယ်တွင် ‌တယောပညာကိုစတင်သင်ယူခဲ့သည်။ သူ၏တယောတီးခတ်မှုမှာ ကောင်းလွန်းသောကြောင့် တယောပညာသင်ကျောင်းတို့၌ တက်ရောက်ရန်ပညာတော်သင်ဆုများ ရရှိခဲ့သည်။ ထို့ကြောင့်သူသည် ဂျီနိုအာမြို့တွင်း၌ တယောပညာရှင်တို့ထံ၌ လိုက်လံဆည်းပူးခဲ့ရာ ထိုဆရာများမှာပညာသင်စရာ မရှိတော့သည်အထိ ဖြစ်ခဲ့ရသည်။ ပန်ဂန်နီနီသည် သူ၏ဖခင်နှင့်အတူ ပါးမားမြို့သို့သွား‌ရောက်ခဲ့ကြရာ တယောပညာရှင် အလက်ဆန်းဒရိုး ရိုလာ (Alessandro Rolla) ထံ၌ပညာသင်ကြားခဲ့သည်။ သို့သော်ပန်ဂန်နီနီ၏ တစ်မူထူးခြားသောကျွမ်းကျင်မှုကြောင့် ရိုလာသည် သူ၏ဆရာဖြစ်သူ ဖာဒီနန်ဒို ပဲအာ (Ferdinando Pater) နှင့်သင်ကြားစေခဲ့သည်။ ပဲအာသည်လည်း သူ၏ဆရာဖြစ်သူ ဂက်စ်ပါရို ဂီရဲတီ (Gasparo Ghiretti) နှင့်သင်ကြားစေခဲ့ပြန်သည်။

အစောပိုင်းလုပ်ငန်း[ပြင်ဆင်ရန်]

၁၇၉၆ ခုနှစ် မတ်လတွင်ဂျီနိုအာမြို့အား ပြင်သစ်တို့ကသိမ်းပိုက်ခဲ့ရာ ပန်ဂန်နီနီမိသားစုသည် ဘိုဇန်နက်တို (Bolzaneto) ဒေသနားသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုကာလ၌ပန်ဂန်နီနီသည် မယ်ဒလင်ကို ကျွမ်းကျင်စွာတီးခတ်နိုင်ခဲ့‌လေသည်။[၁] သို့သော်ဖျော်‌ဖြေပွဲများတွင် တီးခတ်ခြင်းမပြုဘဲ မိမိကိုယ်တိုင်တစ်ဦးတည်းသာတီးခတ်လိုခဲ့သည်။[၂] ၁၈၀၀ ခုနှစ်တွင် ဖခင်နှင့်အတူ လီဗော်နိုမြို့သို့သွားရောက်ခဲ့ကြရာ ဖျော်ဖြေပွဲများ၌ သွားရောက်တီးခတ်ခဲ့လေသည်။ ၁၈၀၁ ခုနှစ်တွင် လူကာတိုင်းပြည် (Republic of Lucca) မှ ပန်ဂန်နီနီအား ခေါ်ယူဖျော်ဖြေစေခဲ့သည်။ ထိုအချိန်၌ ပန်ဂန်နီနီသည် အလွတ်တန်းလုပ်ကိုင်သူဖြစ်ခဲ့ပြီး လောင်းကစား၌လည်း ဝါသနာပါခဲ့သူဖြစ်သည်။ သူ၏ဝင်ငွေအများစုသည်လည်း အလွတ်တန်းလုပ်ကိုင်ခြင်းမှ ရရှိခဲ့သည်။

၁၈၀၅ တွင် လူကာတိုင်းအား နပိုလီယန်မှသိမ်းပိုက်လိုက်ပြီး သူ၏ညီမဖြစ်သူ အဲလီဆာ (Elisa) ထိုနေရာကိုအပိုင်စားစေခဲ့သည်။ ထိုအခါပန်ဂန်နီနီသည် အဲလီဆာ၏အိမ်ထောင်ဖက်ဖြစ်သူ ဖီးလိုက်စ် ဘာချီယိုချီ (Felice Baciocchi) ၏တယောဆရာဖြစ်ခဲ့သည်။ ၁၈၀၉ ခုနှစ်တွင် အလွတ်တမ်းလုပ်ငန်းလုပ်ကိုင်လိုသည့်အတွက် တယောဆရာအဖြစ်မှထွက်ခွာခဲ့သည်။

လုပ်ငန်းအောင်မြင်ခြင်း[ပြင်ဆင်ရန်]

ပန်ဂန်နီနီ၏ဖျော်ဖြေပွဲ ကြော်ငြာပို့စတာ (၁၈၃၁)

ပန်ဂန်နီနီသည် ဂျီနိုအာမြို့နှင့် ပါးမားမြို့ဒေသများ၌ ဖျော်ဖြေခဲ့ရာ ဒေသခံများအကြားလူသိများလာခဲ့သည်။ ၁၈၁၃ တွင် မီလန်မြို့၌ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲသည် အလွန်အောင်မြင်ခဲ့သဖြင့် ဥရောပမှ တေးရေးဆရာများအချို့မှ သူအားသိရှိလာခဲ့ကြသည်။ ၁၈၂၇ ခုနှစ်တွင် ပုပ်ရဟန်းကြီး လီယို ၁၂ (Leo XII) သည်သူ့အား "Order of the Golden Spur" ဘွဲ့ကိုချီးမြှင့်ခဲ့လေသည်။[၃][၄]

၁၈၂၈ ခုနှစ်တွင် ဗီယင်နာမြို့၌ ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲကြောင့် ပန်ဂန်နီနီသည်ဥရောပတစ်ခွင် လူသိများလာခဲ့လေသည်။ ဂျာမနီ၊ ပိုလန်၊ ဘိုဟီးမီးယား၊ ပြင်သစ်၊ အင်္ဂလန်စသော နိုင်ငံများ၏မြို့ကြီးများတွင် သွားရောက်ဖျော်ဖြေနိုင်ခဲ့လေသည်။ ထိုသို့သွားလေရာ ဂစ်တာဆရာကြီးများနှင့် တွေ့ဆုံခဲ့‌သော်လည်း ဂစ်တာကိုတီးခတ်ဖျော်ဖြေလိုစိတ် မရှိခဲ့သေးပေ။[၅]

ကျန်းမာရေးချွတ်ယွင်းလာခြင်း[ပြင်ဆင်ရန်]

ပန်ဂန်နီနီသည် သူ၏ဘဝတစ်လျှောက်လုံး ကျန်းမာစွာမနေထိုင်နိုင်ခဲ့ပေ။ သူ့တွင်သစ်လျှုးရောဂါများဖြစ်ကြသော မာဖန် ဆင်ဒရုမ်း (Marfan syndrome)[၆][၇] သို့မဟုတ် အယ်လာ-ဒန်လိုစ် ဆင်ဒရုမ်း (Ehlers–Danlos syndrome) ရောဂါရှိနေခဲ့သည်ဟုဆိုကြသည်။[၈] ၁၈၂၂ ခုနှစ်တွင် သူ့တွင် ကာလသားရောဂါပိုးကို တွေ့ရှိခဲ့သည်။ ထိုရောဂါပိုးပျောက်စေရန်အတွက် ပြဒါးနှင့်ဘိန်းဖြင့် ကုသခဲ့ရာ ထိုဆေးဝါးမှ ဘေးထွက်ဆိုးကြိုးများကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်။ ၁၈၃၄ တွင် ပါရီမြို့၌နေထိုင်စဉ် တီဘီရောဂါပိုးဖြစ်ပေါ်ခဲ့ပြန်သည်။ ထိုရောဂါကို လျင်မြန်စွာကုသနိုင်သော်လည်း အခြားသောရောဂါများဖြစ်ပေါ်လာသောကြောင့် ဖျော်‌ဖြေပွဲများကို ဖျက်ချခဲ့ရသည်။

၁၈၃၄ စက်တင်ဘာလတွင် သူ၏ဖျော်ဖြေရေးလုပ်ငန်းမှ အပြီးထွက်ခွာခဲ့ပြီး ဂျီနိုအာမြို့သို့ပြန်လာခဲ့လေသည်။ ဖျော်ဖြေရေးလုပ်ငန်းမှ ရပ်နားလိုက်ပြီဟုဆိုသော်လည်း မိမိရေးသားခဲ့သော သီချင်းများနှင့် တယောတီးခတ်နည်းဟန်များအကြောင်းကို ဆက်လက်ထုတ်ဝေခဲ့သည်။ ထို့အပြင် ကျောင်းသားများကိုလည်းခေါ်ယူခဲ့၍ တယောပညာကို သင်ကြားပေးခဲ့သည်။ ၁၈၃၅ တွင် ပါးမားမြို့သို့သွားရောက်ခဲ့ရာ နပိုလီယန်၏ ဒုတိယအိမ်ထောင်ဖက်အတွက် သံစုံတီးဝိုင်းအဖွဲ့ကို စီစဉ်ပေးခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၈၃၆ ခုနှစ်တွင် ပန်ဂန်နီနီသည် ပါရီမြို့သို့ ပြန်လာခဲ့၍ ကက်စီနိုတစ်ခုကို ဖွင့်လှစ်ခဲ့ရာမအောင်မြင်ခဲ့ပေ။ အရှုံးငွေများကို ပြန်လည်ပေးဆပ်ရန် မလောက်ငှလွန်းလှသဖြင့် မိမိ၏ပစ္စည်းများနှင့်တူရိယာများကိုပါ လေလံတင်ရောင်းချရသည်အထိဖြစ်ခဲ့သည်။ ၁၈၃၈ ခုနှစ် ခရစ်စမတ်ကာလတွင် မာဆေးမြို့သို့ပြောင်းရွှေ့ခဲ့ပြီး ထို့နောက် နိစ်မြို့သို့ပြောင်းရွေ့ခဲ့ရာ ကျန်းမာရေးမှာလည်း ပိုမိုဆိုးရွားလာခဲ့လေသည်။ ၁၈၄၀ တွင် နိစ်မြို့မှ ဘုန်းကြီးတစ်ပါးသည် ပန်ဂန်နီနီအား ဘုရားကျောင်းသို့တရားနာရန် သွားစေခဲ့ရာ ငြင်းပယ်ခဲ့လေသည်။[၃]

၁၈၄၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပန်ဂန်နီနီသည် ခန္ဓာကိုယ်အတွင်း၌ သွေးထွက်လွန်ပြီးကွယ်လွန်ခဲ့လေသည်။ ထိုဖြစ်ရပ်ကြောင့် ပန်ဂန်နီနီသည် ငရဲသားနှင့် အဆက်အနွယ်ရှိသည်ဟု ယုံကြည်လာကြ၍ ဘုရားကျောင်း၌ မြှုပ်နှံရန်ငြင်းဆိုခဲ့ကြသည်။ လေးနှစ်ကြာပြီးနောက် ဘုရားကျောင်းပုပ်ရဟန်းသည် ရုပ်ကလာပ်အား ဂျီနိုအာမြို့သို့ ပြောင်းရွှေ့စေခဲ့သည်။ ထိုသို့ပြောင်းရွှေ့ခဲ့သော်လည်း ရုပ်ကလာပ်ကို မြှပ်နှံနိုင်ခြင်းမရှိခဲ့ပေ။ ၁၈၇၆ ရောက်မှသာလျှင် ပါးမားမြို့သင်္ချိုင်းတစ်နေရာ၌ မြှုပ်နှံနိုင်ခဲ့လေသည်။ ၁၈၉၃ တွင် မြေးဖြစ်သူ အတ်တီလာ ပန်ဂန်နီနီ (Attila Panganini) သည် ရုပ်ကလာပ်ကို တွေ့မြင်ခွင့်ရခဲ့သည်။ ၁၈၉၆ တွင် ပါးမားမြို့၏သင်္ချိုင်းအသစ်နေရာ၌ ရုပ်ကလာပ်ကို ရွှေ့ပြောင်းမြှုပ်နှံထားခဲ့ပေသည်။

ပန်ဂန်နီနီ၏ အုတ်ဂူ (ပါးမားမြို့၊ အီတလီ)

ပိုင်ဆိုင်ခဲ့သောတူရိယာများ[ပြင်ဆင်ရန်]

ပန်ဂန်နီနီသည် တယောဆရာဖြစ်ခဲ့သောကြောင့် သူ့တွင်တယောများစွာရှိခဲ့သည်။ ယင်းတို့မှာ

  • Il Cannone Guarnerius[၉]
  • အန်တိုနီယို အာမာတီ (Antonio Amati) ၁၆၀၀
  • နီကိုလို အာမာတီ (Nicolò Amati) ၁၆၅၇
  • Paganini-Desaint Stradivari ၁၆၈၀
  • Guarneri-filius Andrea ၁၇၀၆
  • Le Brun Stradivari (၁၇၁၂)
  • Vuillaume Bergonzi (၁၇၂၀ ခန့်)
  • Hubay Stradivari ၁၇၂၆
  • Comte Cozio di Salabue ၁၇၂၇

သူ၏ ဗီယိုလာ (Viola) များမှာ "Countess of Flanders 1582 da Salò-di Bertolotti" နှင့် "Mendelssohn 1731 Stradivari တို့ဖြစ်ကြပြီး "Piatti 1700 Goffriller"၊ "Stanlein 1707 Stradivari" နှင့် "Ladenburg 1736 Stradivari" တို့ဖြစ်ကြသည်။ ထို့အပြင် "Grobert of Mirecourt 1820" ဟူသော ဂစ်တာတစ်ခုကိုလည်းပိုင်ဆိုင်ထားသည်။[၁၀][၁၁]

စတြာတီဗာရီးရပ်စ် ဟူဘေ (Stradivarius "Hubay") (၁၇၂၆)
"Il Cannone Guarnerius" အမည်ရှိသော တယော

သီချင်းများ[ပြင်ဆင်ရန်]

Paganini: all six violin concertos

ပန်ဂန်နီနီသည် သူ၏သီချင်းများကို ဖျော်‌ဖြေပွဲများတွင်တီးခတ်ရန်အတွက် ရေးသားလေ့ရှိသည်။ သူ၏ ကပ်ပရိ(စ်) ၂၄ ပုဒ်ကို ၁၈၀၅ နှင့် ၁၈၀၉ ခုနှစ်အကြားတွင် ရေးသားခဲ့သည်။ ထိုကပ်ပရိ(စ်)များအနက် ၂၄ ပုဒ်မြောက်ဖြစ်သော ကပ်ပရိ(စ်) မှာ အလွန်ပင်လူသိများခဲ့၍ တေးရေးဆရာများဖြစ်ကြသော ဖရန်စ် လစ်(စ်)တ်ရောဘတ် ရှူးမန်းဂျိုဟန်းနက် ဘရမ်း စသောသူတို့သည် ထိုသီချင်း၏တေးသံကို ဗေရီယေးရှင်းများဖြင့် ရေးသားခဲ့ကြသည်။

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. J.J. Sugden: Paganini, his Life and Work, p. 17. UK 1980
  2. P.J. Bone: The Guitar and Mandolin. Schotts, UK 1954
  3. ၃.၀ ၃.၁ David, Paul. "Paganini, Nicolo", Grove (ed.) A Dictionary of Music and Musicians (1900), Vol. II, pp. 628–632.
  4. Encyclopædia Britannica Eleventh Edition (1911), Vol. XX, p. 459, "Paganini, Nicolo".
  5. Thomas F. Heck: Mauro Giuliani, a life for the Guitar (doctoral dissertation). GFA Reference, US 2013
  6. Schoenfeld, Myron R. (2 January 1978). "Nicolo Paganini – Musical Magician and Marfan Mutant?". The Journal of the American Medical Association 239: 40–42. doi:10.1001/jama.239.1.40. PMID 336919. 
  7. Paganini's left hand။ Violinist.com။
  8. "Creativity and chronic disease. Niccolo Paganini (1782–1840)" (November 2001). West J Med 175 (5): 345. doi:10.1136/ewjm.175.5.345. PMID 11694491. 
  9. Yehudi Menuhin and Curtis W. Davis. The Music of Man. Methuen, 1979.
  10. Mediatheque.cite။ Mediatheque.cite-musique.fr။
  11. Hautetfort.com။ Boulevarddesresistants.hautetfort.com (23 January 2008)။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]