ဖရန့် လဇ္ဇ
ဖရန်စ် လစ်(စ်)တ် | |
---|---|
ဖရန်စ် လစ်(စ်)တ် (၁၈၅၈) | |
မွေးဖွား | ၂၂ အောက်တိုဘာ ၁၈၁၁ ဒိုဘော်ဂျန်ရွာ၊ ဟန်ဂေရီတိုင်း၊ ဩစတြီးယားအင်ပါယာ |
ကွယ်လွန် | ၃၁ ဇူလိုင်လ ၁၈၈၆ (၇၄ နှစ်) ဘိုင်ရွိုင်(တ်)၊ ဂျာမနီနိုင်ငံ |
မိဘများ |
|
ဖရန်စ် လစ်(စ်)တ် (ဂျာမန်: Franz Liszt ဟန်ဂေရီ: Liszt Ferencz) သည် ဟန်ဂေရီလူမျိုး တေးရေးဆရာ၊ စန္ဒရားတီးခတ်သူ၊ ဂီတအသင်ဆရာနှင့် အော်ဂန်တီးခတ်သူဖြစ်သည်။ ထို့အပြင် သူသည် ပရဟိတသမားနှင့် စာရေးဆရာအဖြစ်နှင့်လည်း လုပ်ကိုင်ခဲ့သည်။ သူအား သမိုင်းတစ်လျှောက် အကျွမ်းကျင်ဆုံးသော စန္ဒရားဆရာဟု ပညာရှိတို့ကဆိုကြသည်။
ဘဝအကြောင်း
[ပြင်ဆင်ရန်]ဖရန့် လဇ္ဇသည် ၁၈၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဟန်ဂေရီနိုင်ငံ ရေဒင်မြို့၌ မွေးဖွားခဲ့ရာ ငယ်စဉ်ကချူခြာလှသည်။ တစ်ခါက သူ့အားသေပြီဟုထင်ကြ၍ လက်သမားများကို ခေါ်ငင်လျက် ခေါင်းစပ်ရန် တိုင်းထွာသောအခါမှပင် မသေသေးကြောင်းသိကြရ၏။ သူ၏ဖခင်မှာ စာရင်းကိုင်အလုပ်ကို လုပ်ကိုင်နေသော်လည်း တူရိယာပညာကို အတော်အတန် တတ်မြောက်သဖြင့် ငယ်စဉ်ကပင် သူ့အား ဂီတပညာကို သင်ပေးခဲ့လေသည်။ လဇ္ဇသည် အသက် ကိုးနှစ်အရွယ်က ပွဲသဘင်တစ်ခု၌ အသုံးတော်ခံခဲ့ရရာ ကမ္ဘာကျော် ဂီတဆရာကြီး ဘီသိုဗင်ပင်လျှင် များစွာနှစ်သက်လှသဖြင့် လဇ္ဇအား ပွေ့ဖက်နမ်းရှုတ်ခဲ့ဖူးလေသည်။
ထိုနောက် ဟန်ဂေရီမှူးမတ်များက ငွေကြေးစုဆောင်း၍ အကုန်အကျခံကာ ဂီတပညာ သင်ယူစေရန် ဗီယင်းနားမြို့သို့ စေလွှတ်ခဲ့လေသည်။ ဗီယင်းနားမြို့တွင် ခြောက်နှစ်တိုင်တိုင် ပညာဆည်းပူးနေစဉ်အတွင်း၌ ပွဲပေါင်းများစွာတွင် ပါဝင်သီဆိုတီးပြခဲ့ရာ လူတိုင်းနှစ်သက်၍ ချီးကျူးခြင်းခံခဲ့ရသည်။ သူ၏ ပါရမီကြောင့် သူ့အား ဟန်ဂေရီပြည်ဖွား အံ့ဖွယ်တစ်ပါး ဟုပင် အမည်ပေးခဲ့ကြသည်။ ၁၈၂၈ ခုနှစ်တွင် သူ၏ဖခင် ကွယ်လွန်သောအခါ လဇ္ဇသည် ၁၇ နှစ်မျှသာရှိသေးသော်လည်း နာမည်ကျော်ကြားလှသဖြင့် သူ၏မိခင်အား သူတတ်သောပညာဖြင့် လုပ်ကျွေးရန် မခဲယဉ်းတော့ပေ။ အီတလီနိုင်ငံမှ ကမ္ဘာကျော်တယောဆရာကြီး ပါဂါနီနီသည် တယောပညာတွင် သူမတူအောင်ထွန်းပေါက်ကျော်ကြားသကဲ့သို့ပင် လဇ္ဇသည် စန္ဒရားပညာတွင် တစ်ဖက်ကမ်းခတ် တတ်ရမည်ဟု စိတ်ပြဋ္ဌာန်းလျက် မနေမနားအားထုတ်သင်ကြားလေသည်။ သူ၏ဝီရိယဇွဲကြောင့် ယခုတိုင်စန္ဒရားပညာတွင် လဇ္ဇကို မှီသူမရှိခဲ့သေးချေ။ နောက်နှစ်များတွင် ၁၅ နှစ်ပတ်လုံး သူအသုံးတော်ခံရာ အရပ်တိုင်း ဩဘာသံမစဲတော့ပေ။ တစ်ခါသော် ဗီယင်းနားမြို့သို့ သွားရောက်အသုံးတော်ခံခဲစဉ်က ဩစတြီးယားဧကရာဇ်ထံမှ မှူးမတ်ဘွဲ့ထူးတစ်ခုကိုပင် ရရှိခဲ့လေသည်။ ထိုအချိန်အတွင်းတွင် ကမ္ဘာကျော် ဂီတဆရာကြီးများဖြစ်ကြသော ရှိုပန်၊ ရောဗတ်ရှူးမန်းစသည့် ပညာရှင်ကြီးများနှင့် ရင်းနှီးသော မိတ်ဆွေဖြစ်ခဲ့လေသည်။
လဇ္ဇသည် အပေးအကမ်း ရက်ရောသူဖြစ်သဖြင့် သူ၏မိတ်ဆွေ ပညာသည်များအား အဘက်ဘက်က ကူညီခဲ့လေသည်။ ၁၈၄၇ ခုနှစ်မှစ၍ သူရသမျှ ဝင်ငွေများအားလုံးလိုလိုကိုပင် ပေးလှူပစ်ခဲ့လေသည်။ ဂီတဆရာကြီးဗေးထိုးဗင်၏ အထိမ်းအမှတ် ရုပ်တုဖြစ်မြောက်ရေးတွင် ငွေလိုနေသော အခါ သူ၏အိတ်ထဲကပင် စိုက်ထုတ်ပေးလှူခဲ့သည်။ သူ၏မွေးဖွားရာဇာတိအရပ်တွင် ဆင်းရဲသားများအား ထောက်ပံ့ရန် အမြဲတမ်းရန်ပုံငွေ ဖွင့်လှစ်၍ ကူညီထောက်ပံ့ခဲ့ပေသည်။ ၁၈၄၈ ခုနှစ်တွင် ပြပွဲအလုပ်များကိုစွန့်၍ နန်းတော်တွင် ဂီတညွှန်ကြားသူအဖြစ် အမှုထမ်းပြီးလျှင် ငယ်ရွယ်သူ ဂီတပညာရှင်များအား အစစအရာရာ အကူအညီပေး၍ ချီးမြှင့်ခဲ့လေသည်။ လဇ္ဇသည် သူ့ခေတ်က တေးသီချင်းစပ်ဆိုသီကုံးသူများကဲ့သို့ မထင်ရှားခဲ့သော်လည်း သာယာနာ ပျော်ဖွယ်ဖြစ်သည့် တီးကွက်များကို ထားခဲ့နိုင်လေသည်။ ဟန်ဂေရီ ပြည်သူပြည်သားများနှင့်လိုက်အောင် သူသည် စန္ဒရားတူရိယာ တီးကွက်ဆန်းများကို သာမန်တတ်ရုံနှင့် မတီးနိုင်၊ စန္ဒရားကို တကယ်နိုင်နင်းစွာ တတ်မြောက်သူ များသာလျှင် တီးနိုင်ကြ၏။ လဇ္ဇသည် အယူဝါဒဆိုင်ရာတွင် အထူးရိုသေ ကိုင်ရှိုင်းသူဖြစ်သည့်အတိုင်း ၁၈၆၅ ခုနှစ် အသက် ၅၄ နှစ် အရွယ်တွင် သာသနာ့ဝန်ထမ်းအဖြစ် ဘုန်းကြီးဝတ်ခဲ့၍ မသေမီ ၂၁ နှစ်ပတ်လုံး ရောမ ကက်သလစ်ဂိုဏ်းကြီးတွင် ကျောင်းထိုင်ဘုန်းကြီးအဖြစ်ဖြင့် နေထိုင်ခဲ့လေရာ ၁၈၈၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ကွယ်လွန်လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)