ဒုံးညောင်မှိုင်းရွာ

ဝီကီပီးဒီးယား မှ

ဒုံးညောင်မှိုင်းရွာသည် တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့မှ မိုင် ၅၀ ကျော်ခန့် ကွာဝေးသော၊ ကပ္ပလီပင်လယ်တွင်းရှိ ဒုံးကျွန်းပေါ်ရှိ ကျေးရွာများစွာအနက်မှ တစ်ရွာ ဖြစ်သည်။ ရေယာဉ်ခရီးဖြင့် သွား၍ ရသော ဒုံးကျွန်း၏ ပင်လယ်ကမ်းခြေသဲသောင်တန်းပေါ်၌ ညောင်မှိုင်းရွာကို တည်ထားပြီး၊ ကမ်းခြေတလျှောက်တွင် အုန်းပင်၊ ကွမ်းပင်များ အစီအရီ တွေ့ရသည်။ ရွာလမ်းတလျှောက်မူ သွပ်မိုးပျဉ်ထောင်အိမ်များ၊ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ ရှိသည်။ ဆလုံကရင်နှင့် မြန်မာလူမျိုးများ အဓိက နေထိုင်သော ရွာတွင် တံငါလုပ်ငန်း၊ ဥယျာဉ်စိုက်ပျိုးရေး၊ ဈေးဆိုင်များ ထွန်းကားလျက် ရှိကာ ရွာသူရွာသားများသည် တောင်ပေါ်မှ ကျသော ရှိုင်ရေကို အသုံးပြုကြသည်။ ရွာနောက်ဘက် တောင်ကုန်းပေါ်၌ (၂၀၁၇ အရ) ဦးပညောဘာသ ကျောင်းထိုင်သော ဗောဓိရတနာ ဘုန်းတော်ကြီးကျောင်း တည်ရှိပြီး၊ တောင်ထွတ်ပေါ်တွင် ဉာဏ်တော် အတောင် ၂၀ မြင့် အောင်တော်မူဗောဓိရတနာ စေတီတော်ကို တည်ထားကိုးကွယ်သည်။ ၎င်းစေတီတော်ကို ဝါးတန်း၊ တန်းကေး၊ ဝါးလတ်ဟု ခေါ်သော ငါးဖမ်းစက်လှေကြီးများမှ ပဲ့နင်းကြီးများနှင့်တကွ ပြင်ပစေတနာရှင်များအပါအဝင် ၁၃၇၂၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် စတင် အုတ်မြစ်ချ၍ ၁၃၇၃၊ ပြာသိုလပြည့်ကျော် ၃ ရက်နေ့တွင် ရွှေထီးတော် တင်လှူသည့်အပြင်၊ အောင်တော်မူ သမုတ်သိမ်ကြီးကိုပါ တည်ဆောက်ရန်အတွက် မြေနုတ်၊ မြေသမုတ်ခြင်းများ ပြုသည်ဖြစ်ရာ၊ ယင်းအခမ်းအနားသို့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်၊ မြိတ်မြို့တောကျောင်း ပရိယတ္တိစာသင်တိုက်ကြီးမှ ပဓာန နာယကဆရာတော်ကြီး ဦးတေဇောဘာသ ဦးဆောင်သော သံဃာတော် ၃၄ ပါး ကြွရောက်ခဲ့သည်။ ရဟန်းခံရှင်ပြုကိုပါ ကျင်းပခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြိတ်ရွှေစင် (2015–2016)။ ပင်လယ်ပြင်ခရီးလမ်းနှင့် ဖြစ်ရပ်ဆန်းများ။ ၂၀၁၅-၂၀၁၆။ မြိတ်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း။ p. ၆၇။CS1 maint: date format (link)