ဒုတိယ မောင်းထောင်ဆရာတော်

ဝီကီပီးဒီးယား မှ

ဒုတိယ မောင်းထောင် ဆရာတော် (မြန်မာ ၁၁၆၁ - ၁၂၂၇) သည် ကန္နီမြို့ကျေးနတ်ရဲတောင်ရွာ၌ ဦးထွန်းဝါ၊ ဒေါ်ယာတို့မှ သက္ကရာဇ် ၁၁၆၁ ခုနှစ် ပထမဝါဆိုလဆန်း ၁ဝ ရက် အင်္ဂါနေ့တွင် ဖွားမြင် သည်။ ငယ်မည် ဦးသံမှို ဖြစ်သည်။ ၁ဝ နှစ်သားအရွယ်တွင် မိဘများက ဦးရီးတော်ဖြစ်သော ရှင်ကလျာဏဝံသ၊ ရှင်ပုညဧသီ၊ ရှင်သာဧသီတို့ထံ အပ်နှင်း၍ ပညာသင်စေသည်။ ၁၁၇၆ ခုနှစ်၊ အသက် ၁၆ နှစ်သားအရွယ်တွင် သာမဏေဖြစ်သည်။ ဘွဲ့ ရှင်ဥယျဖြစ်သည်။ သာမဏေ ၅ ဝါ၊ အသက်စေ့သောအခါ ၁၁၈ဝ ပြည့်နှစ် ဒုတိယဝါဆိုလဆန်း ၁၄ ရက် နံနက် တစ်ချက်တီးအချိန်တွင် ကန္နီမြို့ အနောက်တောင်ယွန်း တောင်ထိပ်ရှိ ရှေးမင်းတို့ ကောင်းမှုသိမ်၌ တောင်ပေါ်ကျောင်း ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ဥယျ ဖြစ်သည်။

၁၁၈၂ ခုနှစ်တွင် အမရပူရမြို့သို့ ရောက်၍ မဟာမုနိ ဘုရားရှင် အနောက် ရွှေရေးဆောင်ကျောင်းတိုက်၌ ဆရာတော်တို့ထံ ပါဠိ အဋ္ဌကထာ ဋီကာ စာပေသင်ကြား ပို့ချနေသည်။ ၁၁၈၄ ခုနှစ်တွင် ဆင်တဲကျောင်းတိုက်၌ ဆင်တဲဆရာတော်ထံ စာပေသင်ကြားနေသည်။ ထိုနှစ်ပင် သဲအင်းဆရာတော်ဘုရားထံ ဆည်းကပ်၍ ရတနာပူရအင်းဝမြို့၊ သဲအင်းကျောင်းတိုက်၌ စာပေသင်ကြားနေသည်။

သာယာဝတီမင်းလက်ထက် သက္ကရာဇ် ၁၁၉၉ ခုနှစ် နယုန်လတွင် ဥယျေဓမ္မာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု ဟူသောတံဆိပ်တော်ကို အလှူခံရသည်။ ထိုနောက် အမရပူရမြို့ သို့ကြွ၍ မင်းအိုတိုက် အောင်မြေဘုံကျော် ကျောင်းတော်အတွင်း သာသနာပိုင် သဲအင်းဆရာတော်ဘုရားကြီးထံတွင် စာပေသင်ကြားသည်။

ဒုတိယ မောင်းထောင် ဆရာတော်သည် သက္ကရာဇ် ၁၂ဝ၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်နေ့တွင် ဥယျေ ဓမ္မာဘိဝံသ သိရိပဝရာလင်္ကာရဓမ္မသေနာပတိ မဟာဓမ္မရာဇဓိ ရာဇဂုရု ဟူသော တံဆိပ်တော်ကိုရ၍ သာသနာပိုင်ဖြစ်တော်မူသည်။ အမရပူရမြို့၊ အရှေ့မြောက်ယွန်းရှိ မဟာတုလွတ် ဘုံကျော်ကျောင်းတော်ကြီးကိုလည်း မင်းဧကရာဇ်ကိုယ်တိုင် တင် လှူခြင်းကိုခံတော်မူရသသည်။ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက်ရောက်သောအခါ၌လည်း သက္ကရာဇ် ၁၂၁၅ ခုနှစ် ကဆုန်လတွင် ဥယျေဓမ္မာဘိ မုနိဝရ ဉာဏ ကိတ္တိ သိရိဓဇ ဓမ္မသေနပတိ မဟာဓမ္မရာဇာဓိရာဇဂုရု ဟူသော တံဆိပ်တော်ကိုရ၍ ဒုတိယအကြိမ် သာသနာပိုင် ဖြစ်တော်မူသည်။ သာသနာပိုင် ဖြစ်သောအခါ သံဃာတော်များ အလယ်တွင် ဘုရားရှေ့၌ အဂတိသို့ မလိုက်ဘဲ တရားသဖြင့်သာ ဆောင်ရွက်မည့်အကြောင်း အဓိဋ္ဌာန်ပြုတော်မူသည်။ မန္တလေးမြို့ အရှေ့ပြင် မဟာဝိသုတာရာမတိုက် မဟာတုလွတ်ဘုံစံ ရွှေကျောင်းတော်ကြီး တင်လှူခြင်းကို ခံရသည်။ ယင်းကျောင်းတိုက်၌ပင် သက္ကရာဇ် ၁၂၂၇ ခုနှစ် တပို့တွဲလဆန်း ၁၂ ရက်၊ သက်တော် ၆၆ နှစ်၊ ဝါတော် ၄၆ ဝါတွင် ပျံလွန်တော်မူသည်။

ပြုစုတော်မူခဲ့သော ကျမ်းများ[ပြင်ဆင်ရန်]

  1. စိတ္တနိဂ္ဂဟကျမ်း။
  2. ဆောမြို့စားလျှောက်ထုံးအဖြေ။
  3. ဇမ္ဗုဒီပသင်္ဃရာဇသန္ဒေသ ကထာပါဌ်။
  4. ဓုရာရမ္ဘပဋိပဒါကျမ်း။
  5. ပဋိသမ္ဘိဒါမဂ် အဋ္ဌ ကထာနိသျ။
  6. မဟာနိဒ္ဒေသ စူဠနိဒ္ဒေသ အဋ္ဌကထာနိသျ။
  7. မဂ္ဂပဋိပဒါကျမ်း။
  8. ပဇ္ဈိမပဏ္ဏာသပါဠိတော်နိသျ။
  9. မဇ္ဈိမ ပဏ္ဏာသအဋ္ဌကထာနိသျ။
  10. ဝိဝိဓဝိနိစ္ဆယကျမ်း။
  11. သီမာ သန္ဒေသကထာပါဌ်။
  12. သုရာဇမဂ္ဂဒီပနီကျမ်း။
  13. သဗ္ဗာသဝ အဋ္ဌကထာ စုဒ်စောဒနာ စာစပ်ဝိဂြိုဟ်ကျမ်း။
  14. ဥပရိပဏ္ဏသ ပါဠိတော်နိသျ။
  15. ဥပရိပဏ္ဏာသအဋ္ဌကထာနိသျ။
  16. အတ္တဃာတကဝိနိစ္ဆယကျမ်းတို့ ဖြစ်သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)