ဒက် ဟမ်းမားရှိုး
ဒက် ဟမ်းမားရှိုး | |
|---|---|
| ဒုတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် | |
| တာဝန်သက်တမ်း ၁၀ April ၁၉၅၃ – ၁၈ စက်တင်ဘာ ၁၉၆၁ | |
| ယခင်လူ | ထရီဗီလီ |
| ဆက်ခံသူ | ဦးသန့် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | Dag Hjalmar Agne Carl Hammarskjöld ၂၉ ဇူလိုင်၊ ၁၉၀၅ ဂျိုကိုပင်း |
| ကွယ်လွန် | ၁၈ စက်တင်ဘာ၊ ၁၉၆၁ (အသက် ၅၆) ဒိုလာ ရိုဒင်းရှားနှင့် ညာဆာလန် ဖက်ဒရေးရှင်း (ယခု ဇမ်ဘီယားနိုင်ငံ) |
| လူမျိုး | ဆွီဒင်လူမျိုး |
| မိခင်ကျောင်း | အာပ်ဆလာတက္ကသိုလ် စတော့ဟုမ်းတက္ကသိုလ် |
| ကိုးကွယ်သည့်ဘာသာ | လူသာရန်/ဆွီဒင်ချက်ကျောင်း |
| လက်မှတ် | |
ဒက်ဟမ်းမားရှိုး (Dag Hammarskjöld -
[dɑːg ˈhamːarɧœld] (ကူညီ·ချက်လက်)) (၂၉.၇.၁၉၀၅ – ၁၈.၉.၁၉၆၁) သည် ဆွီဒင်လူမျိုး သံတမန်၊ စီးပွားရေးပညာရှင် နှင့် စာရေးဆရာ ဖြစ်သည်။ ရှေးဦးပိုင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၅၃ ခုနှစ်မှ စ၍ လေယာဉ်ပျက်ကျ သေဆုံးသည့် ၁၉၆၁ ခုနှစ် စက်တင်ဘာလအထိ တာဝန် ထမ်းဆောင်ခဲ့သည်။ သူသည် သေလွန်ပြီးမှ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခြင်း ခံရသော တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ [၁] ဟမ်းမားရှိုးသည် တာဝန်ထမ်းဆောင်နေဆဲ ကွယ်လွန်ခဲ့သော တစ်ဦးတည်းသော ကုလ အထွေထွေအတွင်းရေးမှူးချုပ် လည်း ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ဆွေးနွေးရန် အသွားခရီးတွင် လေယာဉ်ပျက်ကျ သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က အမေရိကန် သမ္မတ ဂျွန် အက်ဖ် ကနေဒီက ရာစုနှစ်၏ အထူးချွန်ဆုံး နိုင်ငံရေးသမား အဖြစ် ချီးကျူးခဲ့သည်။ [၂]
ဒက်ဟမ္မားရှိုးသည် ပထမကမ္ဘာစစ်အတွင်းက ဆွီဒင်နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သော ဟာချမာ ဟမ္မားရှိုး၏စတုတ္ထသား ဖြစ် သည်။ ဆွီဒင်နိုင်ငံ ယွန်ချူးပင်မြို့၌ ၁၉ဝ၅ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖွားမြင်၏။ ဟမ္မားရှိုးသည် ၁၉၂၅ ခုနှစ် အသက် ၂ဝ အရွယ်တွင် အပ်ဆားလား တက္ကသိုလ်မှ ဘွဲ့ရခဲ့၍ ၁၉၃ဝ ပြည့်နှစ်တွင် ဥပဒေဘွဲ့ ရခဲ့သည်။ ဟမ္မားရှိုးသည် ၁၉၃ဝ ပြည့်နှစ်မှ ၁၉၃၄ ခုနှစ်အထိ ဆွီဒင် အစိုးရက ဖွဲ့စည်းထားသော အလုပ်လက်မဲ့ ရေးရာ ကော်မတီ တွင် အတွင်းရေးမှူးအဖြစ် အမှုထမ်းခဲ့၏။ ၁၉၃၃ ခုနှစ်တွင် စတော့ဟုမ်း တက္ကသိုလ်တွင် နိုင်ငံရေး ဘောဂဗေဒ တွဲဘက် ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ဆွီဒင် နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးဌာနတွင် လက်ထောက် အတွင်းဝန် အဖြစ် အမှုထမ်းခဲ့ပြီးလျှင် ၁၉၃၇ ခုနှစ်တွင် စီးပွားရေး အကြံ ပေး အရာရှိအဖြစ်လည်း ဆောင်ရွက်ခဲ့လေသည်။ ၁၉၄၁ ခုနှစ် မှ ၁၉၄၈ ခုနှစ်အထိ ဆွီဒင်နိုင်ငံတော်ဘဏ် ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့၍ ၁၉၄၆ ခုနှစ်တွင် ဘဏ္ဍာရေး ပါရဂူအဖြစ် နိုင်ငံခြားရေး ဝန်ထမ်းအဖွဲ့တွင် ဝင်ရောက် အမှုထမ်း လေသည်။ ဤသို့ အမှုထမ်းနေစဉ် ၁၉၄၇ ခုနှစ်တွင် ဝါရှင်တန်သို့ သွားရောက်ခဲ့ရ၏။ ၁၉၄၈ ခုနှစ်တွင် ဥရောပ စီးပွားရေး ပူးပေါင်းကူညီမှုအဖွဲ့သို့ ဆွီဒင်ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင် တက်ရောက်ခဲ့ရသည်။ ၁၉၄၈-၄၉ ခုနှစ်၌ ထို အဖွဲ့၏ အမှုဆောင် ကောင်စီတွင် ဒု-ဥက္ကဋ္ဌ ဖြစ်လာခဲ့၏။ ၁၉၄၉ ခုနှစ်တွင် လက်ထောက် နိုင်ငံခြားဝန်ကြီး ဖြစ်လာ၍ ၁၉၅၁ ခုနှစ်တွင် ကက်ဗိနက် အစိုးရအဖွဲ့ဝင်အဖြစ် ဒု- နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့လေသည်။
၁၉၅၁ ခုနှစ်မှစ၍ ဒက်ဟမ္မားရှိုးသည် ကုလသမဂ္ဂ အဖွဲ့ကြီး နှင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်။ ထိုနှစ်တွင် ပါရစ်မြို့၌ ကျင်းပသော ခြောက်ကြိမ်မြောက် အထွေထွေ ညီလာခံကြီးသို့ ဆွီဒင်ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယခေါင်းဆောင်အဖြစ် တက် ရောက်ခဲ့ရသည်၊ ၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်များတွင် နယူး ယော့မြို့၌ ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာခံ များသို့ ဆွီဒင်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ရသည်။ ၁၉၅၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် နုတ်ထွက်သွားခဲ့သော ထရီဗီလီ၏ နေရာတွင် ဆက်ခံသူ အဖြစ် ဟမ္မရှိုးအား ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ် ခန့်အပ်ခဲ့လေသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ဟမ္မားရှိုးအား အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ် ခန့်အပ်ပြီးနောက် ၁၉၅၅ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ဟမ္မားရှိုးသည် ပီကင်းမြို့သို့သွား ကာ ကိုရီးယားစစ်ပွဲတွင် ဖမ်းမိထားခဲ့သော အမေရိကန် လေသူရဲများ လွတ်မြောက်ရေးကိစ္စကို ဆောင်ရွက်ခဲ့လေသည်။ ဆူးအက်တူးမြောင်း အရေးတော်ပုံတွင် အဇ္ဇရီယယ်၊ ပြင်သစ်နှင့် ဗြိတိန်တို့၏ ပြုမူဆောင်ရွက်ချက်များကို မနှစ်သက်သဖြင့် ပွင့်လင်းစွာ ဝေဖန်ခဲ့လေသည်။
၁၉၅၈ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဟန်ဂေရီ နိုင်ငံ အရေးတော်ပုံတွင် ဟမ္မားရှိုး၏ ကြိုးပမ်း ဆောင်ရွက်မှု များသည် မအောင်မြင်ခဲ့ချေ။ ထိုအချိန်က ဟန်ဂေရီနိုင်ငံတွင် ဆိုဗီယက်တို့၏ ဝင်ရောက် စွက်ဖက်မှုများကို ဖော်ပြထားသော အစီရင်ခံစာတစ်ခုကို ဝေငှလိုက်သဖြင့် ဆိုဗီယက်ယူနီယံ၏ အငြိုအငြင်ကို ခံခဲ့ရလေသည်။
၁၉၆ဝ ပြည့်နှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော ကွန်ဂို ပြဿနာနှင့် စပ်လျဉ်း၍ ဆိုဗီယက် ဝန်ကြီးချုပ် မစ္စတာ ကရူးရှက်က ဟမ္မားရှိုးအား အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့လေ သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဆိုဗီယက်ယူနီယန်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးအား အသိအမှတ်ပင် မပြု တော့ချေ။
သို့သော် ဟမ္မားရှိုး စိတ်ဓာတ်မကျခဲ့ချေ။ ကွန်ဂိုနိုင်ငံ ဗဟို အစိုးရဖွဲ့စည်းရေးအတွက် ဆက်လက် ကြိုးစား ဆောင်ရွက်ခဲ့ရာ နောက်ဆုံးတွင် ကတန်ဂါပြည်နယ်တစ်ခုတည်းက ခွဲထွက်၍ ကျန်ရစ်ခဲ့လေသည်။ ထိုပြည်နယ်ကို ကွန်ဂိုပြည်မကြီးထဲသို့ ပြန်လည် သွတ်သွင်းနိုင်ရေးအတွက် ကွန်ဂိုနိုင်ငံသို့ ကိုယ်တိုင် သွားရောက်ပြီးလျှင် ကွန်ဂိုနိုင်ငံ၏ ညီညွတ်ရေးရရှိရန် ကြိုးစား ဆောင်ရွက်ဆဲတွင် ဟမ္မားရှိုး စီးနင်း လိုက်ပါသွားသော လေယာဉ်ပျံသည် ၁၉၆၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် အာဖရိကတိုက် မြေပေါ်၌ ပျက်ကျသွားသဖြင့် ကုလ သမဂ္ဂ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ ဟမ္မားရှိုးသည် ကွယ်လွန် အနိစ္စ ရောက်သွား ရရှာလေသည်။
ဟမ္မားရှိုး၏ ကိစ္စမှာ ကတန်ဂါပြည်နယ် သမ္မတ ရွှန်ဗီနှင့် တွေ့ဆုံရန် ဖြစ်၏။ သူ၏ လေယာဉ်ပျံသည် ၁၉၆၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲအချိန်တွင် လီယိုပိုဗီးမြို့မှ ထွက်ခွာခဲ့၍ ထိုနေ့ညတွင် အင်ဒိုလာလေဆိပ်၌ ဆင်းသက်ရန် ဖြစ်သည်။ ဟမ္မရှိုး၏ လေယာဉ်ပျံသည် အကယ်၍သာ အင်ဒို လာ လေဆိပ်တွင် ဆင်းသက်ဖြစ်သော် ယခုကဲ့သို့ လေယာဉ်ပျံ ပျက်ပြီးလျှင် သေကောင်းမှ သေပေလိမ့်မည်။ ယခုမူ ဟမ္မားရှိုး သည် သန်းခေါင်ကျော်အချိန်တွင် ထိုလေဆိပ်တွင် ဆင်းသက် ရန် အကြောင်းကြားပြီးမှ လေယာဉ်ပျံကို အခြား တစ်နေရာသို့ ဆက်လက်၍ မောင်းနှင်စေခဲ့ရာ အင်ဒိုလာ လေဆိပ်နှင့် ခုနစ် မိုင်ခွဲခန့်အကွာတွင် လေယာဉ်ပျံသည် လေထဲ၌ ပေါက်ကွဲ၍ ပျက်ကျသွားလေသည်။ လေယာဉ်ပျံ ပျက်ရာတွင် ဟမ္မားရှိုးနှင့် အတူ ထိပ်တန်းအကြံပေးအရာရှိကြီးများ အပါအဝင် အခြား အဖွဲ့ဝင် ခုနစ်ဦးနှင့် လေကြောင်းသား ငါးဦးပါ စုစုပေါင်း ၁၄ ဦး သေဆုံးသွားလေသည်။ ဒက်ဟမ္မားရှိုး၏ နေရာတွင် မြန်မာနိုင်ငံမှ ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ဆက်ခံ ခဲ့လေသည်။
မစ္စတာ ဒက်ဟမ္မားရှိုးသည် ကွယ်လွန်ချိန်၌ အသက် ၅၆ နှစ်ရှိ၍ လူပျိုကြီး ဖြစ်လေသည်။ သူ၏ ရုပ်အလောင်းကို သူ၏ ဇာတိနိုင်ငံဖြစ်သော ဆွီဒင်နိုင်ငံသို့ ယူဆောင်ပြီးလျှင် သင်္ဂြိုဟ်လိုက်ကြလေသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 16 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2011 တွင် ပြန်စစ်ပြီး။
- ↑ Linnér S (2007)။ Dag Hammarskjöld and the Congo crisis, 1960-61 (PDF)။ Uppsala University။ 5 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2011 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Dag Hammarskjöld – biography, quotes, photos and videos 18 February 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- UNSG Dag Hammarskjold Conference on 9-10 November 2011 11 October 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . at Peace Palace
- Weekly blog exploring Hammarskjöld's political wisdom 21 October 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Video of Hammarskjöld's funeral in Pathe archive[လင့်ခ်သေ]
- UNSG Ban Ki-Moon Lays Wreath Honouring Dag Hammarskjold of 1 October 2009 and UNSG with King Carl XVI Gustaf of Sweden
- UNSG Kofi Annan, Dag Hammarskjöld and the 21st century, The Fourth Dag Hammarskjöld Lecture 6 September 2001, Dag Hammarskjöld Foundation and Uppsala University (pdf) 5 June 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- About Dag Hammarskjöld 27 September 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (Dag Hammarskjöld Foundation)
- United Nations Secretaries-General
- Dag Hammarskjöld, Secretary-General at the official website of the UN
- Biography 5 January 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- The Nobel Prize
- Letters say Hammarskjöld's death Western plot 19 April 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Media briefing by Archbishop Desmond Tutu 16 July 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- 18 September 1961 UN Secretary-General Dag Hammarskjöld is killed 4 February 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . and BBC
- Audio of Dag Hammarskjold's response to Russian pressure From UPI Audio Archives