တရုတ် စံပယ်ဖြူ တော်လှန်ရေး

ဝီကီပီးဒီးယား မှ

တရုတ် စံပယ်ဖြူ တော်လှန်ရေးသည် တရုတ်လူထုက တူနီးရှား လူထုအုံကြွမှုကြောင့် နိုးကြွလာပြီး တစ်ပါတီစနစ်နှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ရည်မှန်းကာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ၌ ပေကျင်းရှန်ဟိုင်းအပါအဝင် မြို့ကြီး ၁၃ မြို့တွင် လူသူစည်ကားရာနေရာ၌ စုဝေးကြရန် အင်တာနက်မှ တဆင့် ဆော်ဩသည့် လှုပ်ရှားမှု တစ်ရပ်ဖြစ်သည်။ အင်တာနက်ပေါ်တွင် ယင်းဆော်ဩချက် ပြန့်နှံ့ပြီး များမကြာမီတွင် လူ့အခွင့်အရေးအတွက် လှုပ်ရှားသူ ရှေ့နေများနှင့် အင်တာနက် အသုံးပြုသူ အတော်များများ အဖမ်းခံခဲ့ရသည်။[၁]

တရုတ်၏ ‘စံပယ်ဖြူ တော်လှန်ရေး’မှာ တူနီးရှား စံပယ်ဖြူ တော်လှန်ရေးမှ ဆင်းသက်လာသည်။ ၂၀၁၀ ဒီဇင်ဘာ ၁၈ ရက်နေ့မှစ၍ တူနီးရှား လူထုက ၂၃ နှစ်ကြာ အုပ်စိုးခဲ့သော သမ္မတ ဘင်အာလီ ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြ တောင်းဆိုခဲ့ကြရာ ၂၀၁၁ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဘင်အာလီ ရာထူးမှ ဆင်းပေးခဲ့ရပြီး ဆော်ဒီအာရေဗျသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။ ယင်းတော်လှန်ရေးသည် တူနီးရှားနိုင်ငံ၏ နိုင်ငံတော်ပန်း စံပယ်ပန်းကို အစွဲပြု၍ ‘စံပယ်ဖြူ တော်လှန်ရေး’ဟု အမည်တွင်လာသည်။ တူနီးရှားမှ တော်လှန်ရေးသည် အီဂျစ်နိုင်ငံသို့ ကူးစက်လာကာ အတိုင်းအတာ ကြီးမားသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နှစ် ၃၀ ကြာ အာဏာ ချုပ်ကိုင်ခဲ့သည့် သမ္မတ ဟိုစ်နီ မူဘာရတ်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ တူနီးရှားနှင့် အီဂျစ်နိုင်ငံတွင် တော်လှန်ရေး အောင်မြင်မှု ရရှိခဲ့သဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းရှိ နိုင်ငံများတွင်လည်း အလားတူ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။ ထိုအရေးအခင်းများကြောင့် တရုတ်လူထုကလည်း အင်တာနက်မှတဆင့် လှုံ့ဆော်ကာ တော်လှန်ရေးတစ်ရပ် ပြုလုပ်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။[၂]

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်း၌ ထျန်းအန်းမင်ရင်ပြင်အနီး မဂ်ဒေါနယ် (McDonald) စားသောက်ဆိုင်တဝိုက် လူ ၁ ရာကျော်ခန့် စုဝေးခဲ့သော်လည်း စောစီးစွာ ကင်းချထားသည့် ရဲနှင့် အရပ်ဝတ်များက အလျင်အမြန် မောင်းနှင် လူစုခွဲခဲ့သဖြင့် လှုပ်ရှားမှု မအောင်မြင်ခဲ့ပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. 內地封殺茉莉花革命集會 維權人士遭帶走 貼13市集會號召網站遇襲 Archived 21 February 2011 at the Wayback Machine.(明報)2011年2月20日 星期日 05:05
  2. "網民發動茉莉花革命 百名異議人士被帶走 公安戒備防茉莉花集會" (in zh-tw)၊ 中國報新聞網၊ 2011-02-20။ 2011-02-20 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]