မာတိကာသို့ ခုန်သွားရန်

တမ်းပလိတ်:Featured article

ဝီကီပီးဒီးယား မှ

လက်စွပ်များ၏ အရှင်သခင် သည် အင်္ဂလိပ်စာရေးဆရာ ဂျေ အာ အာ တော်ကီးန် ရေးသားသော ထူးခြားဆန်းပြားသော စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်။ ဤဇာတ်လမ်းကား တော်လ်ကီးန်၏ ၁၉၃၇ ခုနှစ် စိတ်ကူးယဉ်ဝတ္ထုဖြစ်သည့် ဟော့ဘစ်၏ နောက်ဆက်တွဲဖြစ်ပြီး ဟော့ဘစ်ထက်ပို၍ များစွာကြီးမားကျယ်ပြန့်ခဲ့လေသည်။ ၁၉၃၇ မှ ၁၉၄၉ ထိ အဆင့်လိုက်ရေးသားခဲ့သော ဤဝတ္ထုကြီးကား သန်း(၁၅၀) ကျော်ရောင်းရသော ရောင်းအားအကောင်းဆုံး ဝတ္ထုများထဲမှတစ်အုပ်ဖြစ်လေသည်။

ဝတ္ထု၏ခေါင်းစဉ်မှာ ဤဇာတ်လမ်း၏ အဓိကရန်သူ အမှောင်သခင်ဆော်ရွန်ကို ရည်ရွယ်၍ပေးထားခြင်းဖြစ်သည်။ ဆော်ရွန်မှာ အစောပိုင်းခေတ်ကာလတွင် Middle-earth တစ်ခွင်လုံးအားစိုးမိုးဖို့အလို့ငှာ တခြားသောစွမ်းအားရှိလက်စွပ်များ (Rings of Power) ၏စွမ်းအားကို ထိန်းချုပ်ရန်အတွက် ၎င်း၏ထိုးစစ်၌ အဆုံးစွန်လက်နက်အဖြစ် တစ်ခုတည်းသောလက်စွပ် (the One Ring) ကိုထုလုပ်ခဲ့သည်။ တိတ်ဆိတ်ငြိမ်သက်သော ဟော့ဘစ်တို့နေထိုင်ရာ ရှိုင်းယားဒေသ (Shire) မှစတင်ကာ Middle-earth ရှိ နေရာအများစုကို ဝတ္ထုတွင်ပုံဖော်ရေးသားထားပေသည်။ ခက်ခက်ခဲခဲခရီးစဉ်များ၊ ထူးခြားဆန်းကြယ်သည့်တွေ့ကြုံမှုများ၊ ကြည်နူးဖွယ်ရာနှင့်စိတ်ပျက်အားငယ်မှုများ၊ ကြီးကျယ်သောတိုက်ပွဲကြီးများစသည့်အကြောင်းအရာတို့ကိုရေးဖွဲ့ထားခြင်းဖြစ်၏။ ဇာတ်လမ်းအကြောင်းအရာများသာမက သီချင်းဂီတများကိုပါ ဝေဝေဆာဆာရေးသားထားလေသည်။

စာဖတ်သူများအနေဖြင့် သုံးအုပ်တွဲအဖြစ်သိကြသော်လည်း တော်ကီးန်သည် မူလက The Silmarillion နှင့် The Lord of the Rings ကိုနှစ်တွဲတစ်အုပ်အဖြစ်ထုတ်ဝေချင်သည်။ သို့သော် ဤစိတ်ကူးကို သူ့ထုတ်ဝေသူကပယ်ချခဲ့သည်။ အကျိုးအမြတ်အတွက်အလို့ငှာ The Lord of the Rings ကို၁၉၅၄ ဇူလိုင် ၂၉ မှ ၁၉၅၅ အောက်တိုဘာ ၂၀ အထိတစ်နှစ်တာကာလအတွင်း အတွဲသုံးတွဲဖြင့်ထုတ်ဝေခဲ့သည်။ စာအုပ်၏အမည်များကို

  • လက်စွပ်အဖွဲ့ဝင်များ (The Fellowship of the Ring)
  • ရဲတိုက်မျှော်စဉ်ကြီးနှစ်ခု (The Two Towers)
  • ဘုရင်အဖြစ်ပြန်လည်ရောက်ရှိလာခြင်း (The Return of the King) ဟူ၍ပေးထား၏။ တစ်အုပ်တွင် နှစ်ပိုင်းပါဝင်၍ စုစုပေါင်းသုံးအုပ်တွဲ အပိုင်းအားဖြင့် (၆) ပိုင်းဖြစ်ကာ နောက်ခံသိစရာဇာတ်လမ်းအကြောင်းအရာများကို နောက်ဆက်တွဲအပိုင်းအဖြစ် စာအုပ်၏အဆုံး၌ ထည့်သွင်းထားလေသည်။ အချို့သောထုတ်ဝေမှုများ၌ ဤဝတ္ထုတစ်ခုလုံးကို တစ်အုပ်တည်းအဖြစ် ထုတ်ဝေကာ အကြိမ်များစွာပုံနှိပ်ထုတ်ဝေခဲ့ရပြီး ဘာသာစကားပေါင်း (၃၈) ဘာသာသို့ပြန်ဆိုပြီးဖြစ်ခဲ့လေသည်။

ဆက်လက်ဖတ်ရှုရန် ...