တပင်ရွှေထီး (မြန်မာ ၈၉၂-၉၁၂)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကေတုမတီတောင်ငူပြည်မှစ၍ အခြေတည်ပြီးလျှင်၊ မွန် မြန်မာ စည်းလုံးရေးဖြင့် ဒုတိယမြန်မာနိုင်ငံတော်ကြီး တည် ဆောက်နိုင်စေရန်အလို့ငှာ၊ ဦးစွာကြိုးပမ်းခဲ့သော မင်းကား မဟာရာဇဝင်အလိုအရ မင်းတရားရွှေထီးဟုတွင်သော တပင် ရွှေထီးမင်းပင် ဖြစ်လေသည်။

မြန်မာရာဇဝင်တို့တွင် ဂငယ်သုံးခု ဥသျစ်ထုဟု ဆိုစမှတ် ပြုသော သက္ကရာဇ် ၈၈၈ခုနှစ်(ခရစ် ၁၅၂၆ ခုနှစ်)တွင် အင်းဝ ပြည်ကို ရှမ်းများလွှမ်းမိုးသိမ်းပိုက်သဖြင့် အင်းဝပျက်ပြီးလျှင်၊ ရွှေနန်းကြော့ရှင် ဘုရင်နရပတိလည်း နတ်ရွာစံလေသည်။ ထို အခိုက်တွင် ဟံသာဝတီ၊ ပုသိမ်၊ မျွှုမစသော ဒေသတို့၌လည်း မွန်မင်းဆက်တို့ လွှမ်းမိုးလျက်ရှိကြကုန်သည်။ ထိုခေတ်၌ မြန်မာတို့မှာ အထက်တွင် ရှမ်းတို့ကဖိစီး၍၎င်း၊ အောက်တွင် မွန်တို့ကဖိစီး၍၎င်း၊ အလယ်တွင် အနေချောင်လျက်ကျန်ရှိသော တောင်ငူသို့ ဝင်ရောက်ခိုလှုံလာကြသည်။ သို့ဖြင့်ပင် တောင်ငူ မြို့သည် မြန်မာတို့၏ စည်းလုံးညီညွတ်ရေးအတွက် မြှော်လင့် အားထားရာ ဒေသဖြစ်လာလေရာ၊ မင်းကြီးညိုသည် သက္ကရာဇ် ၈၄၇ ခုနှစ် (ခရစ် ၁၄၈၅ ခုနှစ်)တွင် တောင်ငူပြည်ကြီးကို စတင်တည်ထောင်ခဲ့လေသည်။

မင်းကြီးညိုသည် ဟံသာဝတီပဲခူးကို သိမ်းသွင်းရန် ကြိုးပမ်းနေခိုက်တွင် ၈၉၂ ခုနှစ်(ခရစ်၁၅၃ဝ ခုနှစ်)တွင် နတ်ရွာစံလေသော်၊ မြန်မာ နိုင်ငံတော် စည်းလုံးရေးကို ဆက်လက်ဆောင်ရွက်ရန် တာဝန် သည် တပင်ရွှေထီး၌ ကျရောက်ခဲ့လေသည်။

တပင်ရွှေထီးသည် မင်းကြီးညိုနှင့် ငနွယ်ကုန်းသူကြီး သမီးတို့ သင့်မြတ်ရာတွင် မြင်သော သားတော် ဖြစ်သည်။ သုသောဓိက မဟာရာဇာဝင်ကြီး၌ မွေးသက္ကရာဇ်ကို ၈၇၈ ခုနှစ် ဟု ပြသည်။ သက္ကရာဇ် ၈၉၂ ခုနှစ်(ဆရစ် ၁၅၃ဝ ခုနှစ်)၌ မင်းကြီးညိုလွန်သော် တောင်ငူကို ဆက်လက်စိုးစံရသည်။ တပင်ရွှေထီးနှင့် ခေတ်ပြိုင်စိုးစံခဲ့သော မင်းများမှာ အင်းဝ၌ နောက်ဆုံးရှမ်းမင်းများဖြစ်သော သိုဟန်ဘွား၊ အုန်းဘောင် ခုန်မှိုင်း နှင့် မိုးဗြဲနရပတိတို့ ဖြစ်ကြ၏။ ဟံသာဝတီမွန်တို့ပြည် ၌ကား သုရှင်တကာရွတ်ပိ (မြန်မာ ၈၈၈-၉ဝဝ) ဖြစ်လေ သည်။

တောင်ငူကို အုပ်ချုပ်စိုးစံရသော အချိန်တွင် တပင်ရွှေထီး ဘုရင်သည် အသက် ၁၄ နှစ်မျှသာ ရှိသေးသည်။ သို့သော် တပင်ရွှေထီး၏ လက်ထက်တွင် မြန်မာနိုင်ငံတွင်းသို့ နှစ်များစွာ ကြာမျှ ဝင်ရောက်စိုးစံ လွှမ်းမိုးခဲ့ကြသော ရှမ်းမင်းများ၏ အင်အားအခြေအနေမှာ ညံ့သက်ခဲ့ပြီးဖြစ်သည်။ တောင်ငူသည် လည်း အထက်မြန်မာနိုင်ငံတလွှားမှ ဝင်ရောက်ခိုလှုံလာကြသော လူများဖြင့် အင်အားပြည့်တင်းလျက်ရှိ၏။ ထိုပြင် အင်းဝပြည် ကြီး၏သော့ချက်ဖြစ်လျက် အထက်မြန်မာနိုင်ငံတွင် အချမ်းသာ ကြွယ်ဝဆုံးဖြစ်သော ကျောက်ဆည်နယ်ပယ်ကြီးသည်လည်း တပင်ရွှေထီး၏လက်တွင်းသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ အင်းဝ မှဝင်ရောက် ခိုလှုံလာသူများတွင် ဆင်းရဲသား တောင်သူလယ် သမားများသာမက၊ ဇာတိမာန် တက်ကြွလျက်ရှိသော မင်းမှု ထမ်း သူရဲကောင်းများလည်း ပါဝင်ခဲ့၏။ ထိုနောက် ခမည်း တော်အမှုထမ်းခဲ့ကြသော ဝန်ကြီးမှူးကြီးများသည် တပင်ရွှေထီး ၏လက်ထက်သို့ ရောက်သောအခါတွင် ဆက်လက်၍ သစ္စာ ကျိုးနွံစွာ အမှုထမ်းခဲ့ကြသည်။ ထိုပြင် ယောက်ဖတော် ဘုရင့် နောင် (နောင်အခါ ဟံသာဝတီဆင်ဖြူများရှင်)ကလည်း သစ္စာ ကျိုးနွံစွာဖြင့် တောင်ငူနိုင်ငံတော်ကြီး တည်မြဲရေးကို ရွပ်ရွပ်ချွံချွံ လုပ်ဆောင်ခဲ့ပေသည်။ ဤအခြေအနေ များကြောင့်၊ တပင်ရွှေ ထီးသည် ခမည်းတော်မင်းကြီးညို တည်ထောင်ရန် အစပျိုးခဲ့ သော နိုင်ငံတော်ကြီးကို ဗဟိုပြု၍၊ မြန်မာနိုင်ငံတော်ကြီးတည် ထောင်ရန် အစပျိုးပေးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

အောက်မြန်မာနိုင်ငံ ဟံသာဝတီ မွန်တို့ပြည်ကို တပင်ရွှေ ထီးသည် ၈၉၆ ခုနှစ်မှအစပြု၍ လုပ်ကြံတိုက်ခိုက်ခဲ့၏။ ဟံသာ ဝတီဘုရင် သုရှင်တကာရွတ်ပိလည်း ပဲခူးမြို့တော်မှနေ၍ အစီ အမံကောင်းလှသော အမတ်ကြီး ဗညားကျန်း၊ ဗညားလောတို့ ၏ အကူအညီဖြင့် ရွပ်ရွပ်ချွံချွံတိုက်ခိုက်၏။ ထိုကြောင့် တပင် ရွှေထီးဘုရင် သည် အကြိမ်ကြိမ်တိုက်ခိုက်ပါသော်လည်း၊ ပဲခူး မြို့တော်ကို ၉ဝဝ ပြည့်နှစ်ရောက်မှသာ အောင်မြင်လေတော့ သည်။ ထိုနှစ်တွင် တပင်ရွှေထီးဘုရင်၏ ဥပါယ်တံမျဉ်ကြောင့် အစီအမံကောင်းလှသော ဗညားကျန်း၊ ဗညားလောတို့သည် သုရှင်တကာရွတ်ပိ၏ ကွပ်မျက်ခြင်းကို ခံကြရကား၊ ပဲခူး၏ အင်အားလည်း ပျော့ညံ့သွားလေသည်။ ဤအခါတွင်မှ တပင် ရွှေထီးဘုရင်လည်း ပဲခူးမြို့တော်ကို အလွယ်တကူ ချီတက်သိမ်း ပိုက်နိုင်ခဲ့လေ သည်။ ပဲခူးကိုအောင်မြင်ပြီးနောက်၊ တပင်ရွှေ ထီးဘုရင်သည် ပြည်မြို့ကို နှစ်ကြိမ်တိုင်တိုင် လုပ်ကြံ တိုက် ခိုက်သေး၏။ သို့သော် ၉ဝ၃ ခုနှစ်တွင်မှ လုံးဝအောင်မြင် သည်။

၉ဝ၂ ခုနှစ်တွင် ချီတက်လုပ်ကြံသော မျွှုမတိုက်ပွဲမှာမူ ၇ လကျော်မျှ ကြာလေသည်။ တပင်ရွှေထီးဘုရင်သည် သံလွင် မြစ်ညာမှနေ၍ ထန်းပင်တပြန်ခန့် မြင့်မားသော မီးဖောင်ကြီး များ၊ မြို့ရိုးတပြန်ထက် ကျော်လွန်သော ခံတပ်ဖောင်ကြီးများကို ဆောက်လုပ်မျှောချကာ ရန်သူများဖက်မှ ကူညီတိုက်ခိုက်လျက်ရှိ သော ပူတကေ(ပေါ်တူဂီ) သင်္ဘော ၇ စင်းကို ခဲယဉ်းပင်ပန်း စွာ ကြံစည်တိုက်ခိုက် ဖျက်ဆီးပစ်နိုင်ပြီးလျှင် မတ္တုမမြို့ကို အလိုပြည့်လေသည်။

ထိုနောက် ၉ဝ၅ ခုနှစ်တွင် တပင်ရွှေထီးသည် အထက် ပြန်မာနိုင်ငံတလွှားကို ချီတက်တိုက်ခိုက်သိမ်း ပိုက်လျက် ပုဂံ တွင်ရပ်နားကာ အထက်မြန်မာနိုင်ငံဘုရင်အဖြစ် ရာဇာဘိသိက် သွန်းလောင်းခံယူလေသည်။ ၉ဝ၇ ခုနှစ်တွင် ပဲခူးသို့ပြန်ရောက် သောအခါ၊ တပင်ရွှေထီးဘုရင်သည် မွန်မြန်မာနှစ်ဦးစလုံး၏ ဘုရင်အဖြစ်ထပ်မံ၍ ရာဇဘိသိက် သွန်းလောင်းခံယူခဲ့ပြန်လေ သည်။

နောက်တစ်နှစ်တွင် ရခိုင်ပြည်နှင့် ယိုးဒယားပြည်တို့ကို ချီတက်တိုက်ခိုက်ခဲ့သည်။ တပင်ရွှေထီးသည် သံတွဲနှင့် တောင် စဉ်ခုနစ်ခရိုင်တို့ကို သိမ်းသွင်းပြီးသော်၊ မြို့ဟောင်းကို ဝန်းရံမိ သည်။ သို့ရာတွင် ရဟန်းတို့၏ ဖြန်ဖြေမှုကိုလက်ခံ၍ တပ် ခေါက်ကာပြန်ခဲ့သည်။ ယိုးဒယား၌မူ အယုဒ္ဓယပြည်ကို ဝိုင်းမိ သော်လည်း အလိုမပြည့်ခဲ့ချေ။

ယိုးဒယားမှအပြန် လမ်းခရီးတွင် တပင်ရွှေထီးသည် ဗရင် ဂျီ (ပေါ်တူဂီ) တစ်ဦးနှင့်ပေါင်းဖက်မိလေသည်။ ထိုသူအား တပင်ရွှေထီးသည် ကိုယ်လုပ်မောင်းမငယ်တစ်ဦးနှင့် စုံဖက်ကာ အလွန်အကျူးမြှောက်စားခဲ့၏။ ထိုသူဆက်သသော မီးပေါက် သေနတ်ကို လွန်စွာမြတ်နိုးလျက် ထိုသူနှင့်အတူ တောလိုက် ခဲ့၏။ ထိုသူ စီမံဆက်သသော အစားအစာနှင့် သေရည်သေ ရက်များကိုလည်း နှစ်ခြိုက်စွာသုံးဆောင်ခဲ့၏။ ယင်းအခါမှစ၍ တပင်ရွှေထီးသည် မင်းကျင့်တရား၊ ကိုယ်ကျင့်တရားများ ပျက် ပြားကာ နိုင်ငံတော်အုပ်ချုပ်စီမံရေးတွင်လည်း အမှားမှား အယွင်းယွင်း လစ်ဟင်းခဲ့လေသည်။ ယောက်ဖတော် ဘုရင့် နောင် ဖျောင်းဖျသည်ကိုလည်း မနာယူချေ။ ထိုအခါ ဝန်ကြီး မှူးကြီးများက ဘုရင့်နောင်အား တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ် ရန် တိုက်တွန်းခဲ့ကြ၏။ ဘုရင့်နောင်လည်း အရှင်၏သစ္စာကို ကျိုးနွံစောင့်သိကာ ဝန်ကြီး မှူးကြီးများနှင့်တိုင်ပင်လျက် ဘုရင် နှင့်တကွ နိုင်ငံတော်အလုံးကို ထိန်းသိမ်း အုပ်ချုပ်စီမံဆောင် ရွက်ခဲ့လေ၏။ ဘုရင်တစ်ဆူ မင်းမူပြုလုပ်ရန် တိုက်တွန်းချက် ကိုကား ငြင်းပယ်ခဲ့လေသည်။

ထိုနောက် တပင်ရွှေထီးဘုရင်လည်း ဇာတာသော် မသန့် သဖြင့် မအူပင်နယ်၊ ပန်းတနော်ဖက်တွင် စစ်တောင်းစားသမိန် စောထွတ်၊ စောလဂွန်းအိန် အစရှိသော မွန်ဝန်ကြီးမှူးကြီးများ ၏ အရံအစောင့်ဖြင့် ယာယီမြန်းလျက်နေ၏။ ၉၁၂ ခုနှစ်တွင် ဒဂုံ၊ ဒလမြို့များကို သိမ်းယူကာ မွန်ရဟန်းလူထွက် သမိန် ထော လည်းခြားနား ပုန်ကန်လေသည်။ ထိုသူပုန်ကို နှိမ်နင်း ရန်အတွက် ဘုရင့်နောင်လည်း တပင်ရွှေထီးဘုရင်၏ အပါးမှ ခွာသွားခဲ့ရ၏။ ဤတွင် အခွင့်ကောင်းကိုရှာ၍ ကြံစည်ရင်း ရှိသော စစ်တောင်းစားသမိန်စောထွတ်လည်း တပင်ရွှေထီး ဘုရင်အား ဆင်ဖြူတော်ပေါ်သည်ဟု ဥပါယ်တံမျဉ်ဖြင့် တော တွင်းသို့ လှည့်ပတ်ခေါ်ယူ၍ ညအချိန်ရောက်သော်၊ ညီဖြစ်သူ လက်ဝဲဓားမှူးအား လုပ်ကြံသတ်ဖြစ်စေသည်။ ထိုကြောင့် တပင်ရွှေထီးဘုရင် လည်း ၉၁၂ ခုနှစ်တွင် လွန်လေသည်။ တပင်ရွှေထီးဘုရင်၏ လက်ထက်၌ ထူးခြားမှတ်သားဖွယ် အကြောင်းတစ်ရပ်မှာ လူမျိုးခြားဖြစ်သော ပေါ်တူဂီများသည် မြန်မာဘုရင်များ လက်အောက်တွင် တပင်ရွှေထီးဘုရင်၏ လက်ထက်မှစ၍ ပထမဆုံးအကြိမ် ဝင်ရောက်အမှုထမ်းခဲ့ကြ ခြင်းပင်ဖြစ်သည်။ ဂျိုအာနိုကယေးရိုဆိုသူ ဦးဆောင်သော ပေါ်တူဂီ ၇ဝဝ ခန့်သည် မတ္တုမတိုက်ပွဲတွင် ပါဝင်အမှုထမ်းခဲ့ ကြသည်။ ဒီယိုဂို ဆိုးအရက် ဒီ မဲလိုးဆိုသူဦးဆောင်သော ပေါ်တူဂီတပ်ဖွဲ့တစ်ဖွဲ့သည် ရခိုင်ပြည်နှင့် ယိုးဒယားပြည်များသို့ ချီတက်တိုက်ခိုက်ရာတွင် လိုက်ပါအမှုထမ်းခဲ့ကြသည်။

ထိုနောက် တပင်ရွှေထီးလက်ထက်၌ အထူးခြားဆုံးသော မှတ်သားဖွယ်ရာ အကြောင်းရပ်မှာ မြန်မာနိုင်ငံ တော်ကြီးအဖြစ် သိမ်းသွင်းစည်းလုံးရန်ကြံရွယ်လျက် မွန်လူမျိုးများနှင့် ရောနှော သွေးစည်းပုံပင် ဖြစ်သည်။ မိမိရန်သူများပင် ဖြစ်လင့်ကစား အောင်နိုင်ပြီးသောအခါများတွင် တပင်ရွှေထီးဘုရင်သည် ထို သူများကို ရန်သူဟုသဘောမထားခဲ့ချေ။ ဟံသာဝတီ ပဲခူးကို အောင်မြင်ပြီးနောက်၊ မိမိ၏ လက်တွင်းသို့ ကျရောက်ခဲ့သော မွန်လူမျိုး မှုထမ်းရာထမ်းများအား နှိပ်ကွပ်ခြင်းမပြုဘဲ၊ ယင်းတို့ ၏ ရာထူး အဆောင်အယောင်များကို ပြန်လည်ပေးအပ်ကာ ချီးမြှင့်သူကောင်းပြုခဲ့၏။ ပဲခူမြို့တော်ရှိ လှပ၍ ကျက်သရေရှိ သော မွန်ဘုရင်များ စံမြန်းသည့် နန်းတော်နှင့် အဆောက်အအုံ ကြီးများကိုလည်း ဖျက်ဆီးခြင်းမပြုစေဘဲ အမှတ်အသားအဖြစ် ကျန်ရှိစေခဲ့၏။ မတ္တုမ၊ ပုသိမ်၊ မြောင်းမြ စသည်တို့တွင်လည်း မွန်အဆက်အနွယ်များကိုပင် ပြန်လည်ပေး အပ်ကာ အုပ်ချုပ်စေ ခဲ့သည်။ မွန်ဘုရင် သုရှင်တကာရွတ်ပိ လွန်ပြီးနောက်၊ မိမိ လက်အောက်သို့ အလုံး အရင်းနှင့် ဝင်ရောက်ခစားထမ်းရွက်ကြ ကုန်သော မွန်ဝန်ကြီး မှူးကြီးနှင့် လက်အောင်ငယ်သား အများ အပြားတို့ကိုလည်း တပင်ရွှေထီးဘုရင်သည် မြို့စား၊ ရွာစားများ ပေးအပ်ခြင်း၊ ရာထူးအဆောင်အယောင်များ ပေးအပ်ခြင်းပြုလုပ် ၍ ချီးမြှင့်မြှောက်စားခဲ့၏။ မွန်ပြည်နယ်အတွင်းရှိ စေတီပုထိုး များတွင်လည်း ထီးတင်လှူခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းများပြု လုပ်ခဲ့၏။ ရွှေတိဂုံစေတီတော်ကြီးကိုလည်း ကိုယ်အလေးချိန်နှင့် စက်၍ ရွှေများကပ်လှူပူဇော်၏။ ထီးတော်တင်ပွဲကိုလည်း ခြိမ့် ခြိမ့်မွမ်းမျှ စီရင်ခင်းကျင်း၏။ ထီးတင်ပွဲပြုလုပ်စဉ်၌ပင် မွန် မြန်မာ ရဟန်းတော်များ၏ စည်းဝေးဆွေးနွေးပွဲကြီးကိုလည်း ခုနစ်ရက်တိုင်တိုင် ကျင်းပစေပြီးလျှင် ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒန်းခဲ့သည်။ ထိုနောက် မိမိမြှောက်စားသိမ်းပိုက် ထားသော မွန်မင်းသမီးများအားလည်း မြန်မာမင်းသမီးများ ဝတ်စားဆင်ယင်လေ့ရှိသည့်အတိုင်း ပြောင်းလဲဝတ်စား ဆင်ယင် ခြင်းမပြုစေဘဲ၊ မွန်မင်းသမီးများဝတ်စား ဆင်ယင်လေ့ရှိသည့် အတိုင်းသာ ဆက်လက်၍ ဝတ်စားဆင်ယင်စေရန် ခွင့်ပြုခဲ့ သည်။ ထိုနောက် မိမိကိုယ်တိုင်လည်း ၉ဝ၇ ခုနှစ်တွင် ဟံသာ ဝတီ ပဲခူးမြို့တော်၌ ရာဇဘိသေက ဆံပုံအတိုင်း ဖြတ်ညှပ်စေ၍ မွန်ဘုရင်များ၏ အဆောင်အယောင်ဖြစ်သော သမိန်တငွတ်ခေါ် ဦးဗောင်းမကိုဋ်ကို ဆောင်းလျက် ရာဇဘိသေကခံယူသည်။

အခမ်းအနား၌လည်း မြန်မာဘုရင်တို့၏ အဆောင်အယောင် မင်းခမ်းမင်းနားအကုန်၊ မွန်ဘုရင်တို့၏ အဆောင်အယောင် မင်းခမ်းမင်းနားအကုန်ကို လက်ဝဲလက်ျာ နှစ်ဖက်ခြံရံ၍ ခင်းကျင်း စေခဲ့လေသည်။

ဤသို့လျှင် တပင်ရွှေထီးဘုရင်သည် မွန်လူမျိုးများနှင့် ရောနှောကာ မွန်လူမျိုးတို့ ဓလေ့ထုံးစံ အမူအရာများကို လိုက် နာကျင့်သုံးလျက် မွန်နှင့်မြန်မာသွေးစည်းခြင်းပြုလုပ်ခဲ့ပေသည်။ တပင်ရွှေထီးဘုရင် လွန်သော် ဒုတိယ မြန်မာနိုင်ငံတော်ဟု ခေါ်ဆိုသင့်သော တောင်ငူနိုင်ငံတော်ကြီးကို ယောက်ဖတော် ဘုရင့်နောင်က ဆက်လက်၍ တိုးချဲ့တည်ဆောက်ခဲ့ပေသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း