မာတိကာသို့ ခုန်သွားရန်

ညစ်ညမ်းဓါတ်ငွေ့လျှော့ချရေး နိုင်ငံတာကာစာချုပ်များ

ဝီကီပီးဒီးယား မှ

လေထုညစ်ညမ်းမှုကို ယနေ့တိုးတက်နေတဲ့ ခေတ်သစ်ကမ္ဘာမှာ မတားဆီးနိုင်သေးပါ။ တဖက်က စက်မှုဖွံ့ဖြိုးမှု ရှိလာတာနဲ့အမျှ အခြားတဖက်တွင် ကမ္ဘာ့အပူချိန်၊ ကမ္ဘာ့လေထုနဲ့ ကမ္ဘာ့ရေထု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဟဇာတဖြစ်မှုတွေကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်လာပါတယ်။

လေထုညစ်ညမ်းမှုအကြောင်း စပြောရလျှင် လွန်ခဲ့သော ၁၈၅၀ ခုနှစ်ဝန်းကျင်၊ လန်ဒန်မြို့မှာ "pea soup fog" လို့ခေါ်တဲ့ ကျောက်မီးသွေး လောင်ကျွမ်းမှုကနေ ထွက်ပေါ်လာသော အငွေ့နှင့် မြူမှုန်တို့ ပေါင်းစပ်ထားတဲ့ အငွေ့အဆိုင်အခဲတွေက လန်ဒန်မြို့တစ်ခုလုံးကို ရက်သတ္တပတ်ပေါင်းများစွာ ကြာအောင် အုပ်ဆောင်းထားခဲ့တဲ့ ဖြစ်ရပ်ကို သတိရတတ်ကြပါတယ်။ ၁၈၈၀ ခုနှစ်အထိ နှစ် ၃၀ လောက် အဲဒီ အငွေ့အဆိုင်အခဲတွေ ရှိနေခဲ့တဲ့အတွက် လူပေါင်း ၂၂၀၀ ကျော် လန်ဒန်မှာ သေဆုံးခဲ့ရပါတယ်။

၁၉၅၂ ခုနှစ်မှာလည်းပဲ ၅ ရက်လောက် ကြာမြင့်စွာရှိနေတဲ့ အဝါရောင်မြူမှုန် မြူဆိုင်အခဲတွေကြောင့် လန်ဒန်သား ၄၀၀၀ သေဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ၁၉၅၆ ခုနှစ်မှာ အင်္ဂလန် ပါလီမန်ထဲမှာ လေထုသန့်ရှင်းရေးဆိုင်ရာ ဥပဒေတရပ်ကို သတ်မှတ် ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး လေထု ညစ်ညမ်းမှုဆိုင်ရာ ဥပဒေ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၉၄၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဒိုနိုရာမြို့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာရှိတဲ့ မိုနွန်ဂါဟီလာမြစ် ချိုင့်ဝှမ်းအတွင်းပိုင်း တောင်ဘက် Pittsburgh မှာ ညစ်ညမ်းတဲ့ အငွေ့တွေ ပါတဲ့ သိပ်သည်းလွန်းတဲ့ မြူဆိုင်အမှုန်အခဲတွေဟာ ၅ ရက်လောက်ကြာအောင် ပိတ်မိနေခဲ့ပါတယ်။ ၁၄,၀၀၀ ကျော်ရှိတဲ့ လူဦးရေထဲက ၇၀၀၀ ကျော်လောက်ဟာ အဲဒီညစ်ညမ်းလွန်းတဲ့ သိပ်သည်းစွာရှိနေတဲ့ မြူမှုန်တွေကြောင့် ဖျားနာခဲ့ရပါတယ်။ လူ ၂၂ ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

၁၉၆၃ ခုနှစ် နယူးယောက်မြို့မှာလည်း လေထုညစ်ညမ်းလွန်းလှတဲ့ အတွက်ကြောင့် လူပေါင်း ၃၀၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပြန်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် အမေရိကန်နိုင်ငံဟာ လေထု သန့်ရှင်းရေး အက်ဥပဒေကို ၁၉၆၃ ခုနှစ် ကွန်ဂရက်လွှတ်တော်ထဲမှာ သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ ဥပဒေက အကျိုးသက်ရောက်မှု သိပ်မရှိတာကြောင့် အဲဒါထက် ပိုမိုပြင်းထန်တဲ့ ဥပဒေတစ်ခုကို ၁၉၇၀ ခုနှစ်မှာ ပြဋ္ဌာန်းသတ်မှတ်ခဲ့ရပြန်ပါတယ်။

ဒီနေရာမှာ သတိပြုရမှာက လေထုညစ်ညမ်းမှုပြဿနာ တခြားနိုင်ငံမှာဖြစ်နေလို့ ကိုယ့်နိုင်ငံနဲ့ မဆိုင်ဘူးဆိုပြီး အရေးမစိုက်ဘဲ နေလို့မရတာပါ။ ပတ်ဝန်းကျင်လေထုဆိုတာ တကမ္ဘာလုံးနဲ့ လူတိုင်းနဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။

လေထုညစ်ညမ်းမှု အကျိုးဆက်ကြောင့်ပဲ အိုဇုန်းလွှာရဲ့ အပေါက်ဟာ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်မှု ဖြစ်လာနေပါတယ်။ လူတွေ ဖန်တီးထုတ်ယူခဲ့တဲ့ ဓာတ်ငွေ့တွေကြောင့် အိုဇုန်းလွှာ အပေါက် ကျယ်နေရခြင်း ဖြစ်ပါတယ်။

ကမ္ဘာမှာ လေထု အလွှာဟာ လေးခုရှိပါတယ်။ ကမ္ဘာရဲ့ အက်မိုစဖီးယား (Atmosphere) လေထု အလွှာထဲမှာ ပထမအလွှာက ထရိုပိုစဖီးယား (Troposphere)၊ ဒုတိယအလွှာ စထွာတိုစဖီးယား (Stratosphere)၊ တတိယအလွှာ မီဆိုစဖီးယား (Mesophere)၊ နဲ့ စတုတ္ထအလွှာ သာမိုစဖီးယား (Thermosphere) တို့ ရှိပါတယ်။

လူတွေအားလုံး နေ့စဉ်ရှူရှိုက်နေတဲ့ လေထုအလွှာဟာ ထရိုပိုစဖီးယား လေထုအလွှာ ဖြစ်ပါတယ်။ အဲဒီအလွှာထဲမှာ နိုက်ထရိုဂျင်က ၇၈ ရာခိုင်နှုန်းပါဝင်ပြီး၊ အောက်ဆီဂျင်က ၂၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဒ်ဆိုဒ်ဓာတ်ငွေ့၊ အာဂွန်ဓာတ်ငွေ့နဲ့ ရေငွေ့ စုပေါင်းပါဝင်နှုန်းတို့ဟာ ၁ ရာခိုင်နှုန်းစီ ရှိကြပါတယ်။

ဒုတိယအလွှာဖြစ်တဲ့ စထွာတိုစဖီးယား ထဲမှာ အိုဇုန်းလွှာရှိပါတယ်။ O3 လို့ခေါ်တဲ့ အိုဇုန်းပါဝင်နှုန်းဟာ ရေငွေ့ပါဝင်နှုန်းထက် ပိုများပါတယ်။ အိုဇုန်းလွွှာဟာ နေရောင်ခြည်က လာတဲ့ အန္တရာယ်ရှိတဲ့ အာထရာဗွိုင်းအိုလက်စ် ရောင်ခြည် (ခရမ်းလွန်ရောင်ခြည် Ultra Violets Radiation) ကို လူတွေ ထိစပ်နေတဲ့ လေထုအလွှာထဲအထိ မရောက်အောင် ကမ္ဘာ့ UV နေရောင်ခြည်ကာကွယ်နိုင်သော မျက်မှန်အဖြစ်နဲ့ ဒိုင်းသဖွယ် (Global Sunscreen) ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီရောင်ခြည်ဟာ လူသားများ၏ ရောဂါခုခံနိုင်စွမ်း ဗီဇစနစ် (Immune System) ကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့ပြင် လူသားတွေရဲ့ အရေပြားနဲ့ မျက်စိတို့ကို အဲဒီရောင်ခြည်က ကင်ဆင်ရောဂါဖြစ်စေနိုင်ပါတယ်။

အိုဇုန်းလွှာပါးလာပြီး အပေါက်ဖြစ်လာခြင်းဟာ ကလိုရိုဖလူရိုကာဗွန် (Chlorofluorocarbon, CFCs)၊ ဖရီယွန်စ် (Freons) နှင့် ဟေလုံစ် (Halons) ဒြပ်ပေါင်းများကြောင့်ပဲ ဖြစ်ပါတယ်။ လူလုပ် ဓာတ်ငွေ့တွေက အိုဇုန်းကို ဆင့်ကဲဖြိုခွဲဓာတ်ပြုနေတာကြောင့် အိုဇုန်းလွှာ ပါးလွှာလာပြီး၊ အိုဇုန်းအပေါက်ဖြစ်လာရခြင်း အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။

လေထုညစ်ညမ်းမှုတွေကို အဓိကဖြစ်စေတဲ့ စက်ရုံတွေက ထွက်ရှိလာတဲ့ ညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေကတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်၊ ဆာဖာအောက်ဆိုက်ဒ်၊ နိုက်ထရိုဂျင် အောက်ဆိုက်ဒ်၊ ငွေ့ပျံလွယ် အော်ဂန်းနစ်ဒြပ်ပေါင်း (Volatile Organic Compounds, VOCs)၊ လေထုထဲမှာ သီးခြားတွဲခိုနေသောဒြပ်များ (Suspended Particulate Matter)၊ အောက်ဆီဂျင်ပါ ဓာတုပုံဆောင်အငွေ့များ (Photochemical Oxidants)၊ ရေဒီယိုသတ္တုကြွပစ္စည်းများ၊ ကင်ဆာရောဂါနဲ့ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်ဖြစ်ပေါ်စေနိုင်တဲ့ လေထုညစ်ညမ်းဓာတ်ငွေ့များ (Hazardous Air Pollutants) ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Inter-governmental Panel on Climate Change (IPCC) အဖွဲ့က ကမ္ဘာမြေကြီးရဲ့ အပူချိန်မြင့်တက်လာမှာ အဓိက အကြောင်းရင်းက အစိမ်းရောင် ဖန်လုံအိမ် အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေ (Green House Gases) ကြောင့်ဆိုတာ ဖော်ပြထားပါတယ်။ အဲဒီ ဖန်လုံအိမ်ဓာတ်ငွေ့တွေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide)၊ မီးသိန်း (Methane)၊ နိုက်စ်ထရိုက်စ်အောက်ဆိုဒ် (Nitrous Oxide) နဲ့ ကာဗွန်မိုနော့ပ်ဆိုဒ် (Carbon Monoxide) တို့ ပါဝင်ပါတယ်။

ဒီဓတ်ငွေ့တွေဟာ စက်ရုံတွေ၊ ပို့ဆောင်ဆက်သွယ်ရေးယာဉ်တွေကနေ အများဆုံးလာခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အပူချိန်ပြောင်းလဲလာမှုက ဖန်လုံအိမ်ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှုကို ထိန်းညှိလျှော့ချပေးနိုင်တဲ့ သစ်တောတွေ ပြုန်းတီးလာခြင်းတို့နဲ့လည်း သက်ဆိုင်နေ ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကထက် ကမ္ဘာမြေ ယေဘုယျ အပူချိန်ဟာ ပိုမြင့်သထက် မြင့်လာရပါတယ်။

အခုအခါ သဘာဝအရင်းအမြစ်ပေါကြွယ်၀တဲ့ မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်တဲ့ နိုင်ငံတကာ စက်မှုလုပ်ငန်းကြီးတွေဟာ နိုင်ငံရေးစနစ်ပြောင်းလဲလာနေချိန်နဲ့အမှီ စတင်ဝင်ရောက် ရင်းနှီးမြုပ်နှံနေကြပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွန်များကို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ အခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသုံးပြုနေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများနဲ့ နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို သတ်မှတ်ကျင့်သုံးနိုင်ဖို့ ဥပဒေပြဋ္ဌာန်းပြီး ကျင့်သုံးဆောင်ရွက်ဖို့ အရေးတကြီး လုပ်ဆောင်သင့်နေပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ အချို့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ စက်ရုံတွေက ပြင်ပလေထဲကို ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့တွေထဲမှာ ဖန်လုံအိမ်အာနိသင် ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေအတွက် စာချူပ်စာတမ်းရေးဆွဲပြီး အခွန်ပေးဆောင်စေခြင်းဖြင့် ကာကွယ်ကြပါတယ်။

ဓာတ်ဆီ၊ လောင်ဆာဆီ အမျိုးအစားမှ လောင်ကျွမ်းမှုထဲမှာ အတိုအရှည် ပမာဏရှိတဲ့ ဟိုက်ဒ်ရိုကာဗွန်ဓာတ်ငွေ့အတွဲများ (Hydrocarbons) ပါရှိပါတယ်။ စွမ်းအင်ရဖို့အတွက် အဲဒီ လောင်စာတွေရဲ့ လောင်ကျွမ်းမှုဟာ ကာဗွန်လောင်ကျွမ်းမှုကို ဖြစ်စေပါတယ်။ အဲဒီကတဆင့် ကမ္ဘာကြီးကို ပူနွေးလာမှုကို ပိုမိုအားပေးတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့အမျိုးစားထဲက တမျိုးဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဒ်ဆိုဒ်ကို ထုတ်လွှတ်ပေးတယ်။

ဒီဓာတ်ငွေ့ဟာ ကမ္ဘာ့လေထုဖြစ်တဲ့ အက်မိုစဖီယားအလွှာထဲမှာ ကြာရှည်စွာရှိနေတဲ့အတွက် နေမှ အပူကို ဖမ်းယူထားနိုင်တာကြောင့် (Heat trapped) ကမ္ဘာ့အပူချိန်ဟာ ပြောင်းလဲလာရတော့တယ်။

နှစ်စဉ် ဖန်လုံအိမ်အာနိသင်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏဟာ ၂၇ ဘီလီယံ တန် ရှိပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏကို လျှော့ချဖို့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စက်ရုံတွေကထုတ်တဲ့ လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေကြောင့် အဲဒီ ပတ်ဝန်းကျင်ဒေသမှာ နေထိုင်တဲ့ လူတွေ ကျန်းမာရေးမထိခိုက်အောင် စည်းကမ်းနဲ့ နည်းဥပဒေများနဲ့ ထိမ်းသိမ်းကာကွယ်ပေးဖို့ လိုအပ်နေပါတယ်။

ညစ်ညမ်းစေတဲ့ဓာတ်ငွေ့တွေဟာ အတည်တကျ တနေရာထဲမှာ တည်ရှိနေတဲ့ စက်ရုံများနဲ့ ရွေ့လျားနေတဲ့ ပို့ဆောင်ရေးဆိုင်ရာ ယာဉ်များဆီမှ အများဆုံးလာကြတာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာတော့ ကာဗွန်အခွန် သို့မဟုတ် စွမ်းအင်အခွန် စသဖြင့် သတ်မှတ် ပြဋ္ဌာန်းထားကြပါတယ်။ သို့ပေမဲ့ စွမ်းအင်သုံးစွဲမှုပမာဏကြီးမားတဲ့ နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ကာဗွန်အခွန်ကို သိပ်မထောက်ခံချင်ကြပါဘူး။

သူတို့အနေနဲ့ လျှော့ချရမယ့် ပမာဏများပြားခြင်းနဲ့ လက်ရှိ စွမ်းအင်သုံးစွဲမှုကြီးမားခြင်းတို့ကြောင့် ပေးဆောင်ရမယ့် အခွန်ဟာလည်း များပြားလှတဲ့အတွက် နှစ်နှစ်ကာကာ ထိထိရောက်ရောက် မထောက်ခံနိုင် ဖြစ်နေကြပါတယ်။

ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့များ လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာ စာချူပ်များထဲမှ တစ်ခု ဖြစ်တဲ့ ကျိုတို နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာသီဥတု နဲ့ပတ်သက်တဲ့ စာချုပ် (Kyoto Protocol) ကို ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် ကျိုတိုမြို့မှာ စတင်အကောင်အထည် ဖော်ခဲ့ကြပါတယ်။

အဲဒီ ကျိုတိုစာချူပ်ဟာ UNFCCC (United Nations Framework Convention on Climate Change) အောက်မှာရှိတဲ့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်သော ရာသီဥတုဆိုင်ရာ စာချုပ်ပဲဖြစ်ပါတယ်။ အဲဒီစာချုပ်မှာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် သဘောတူထားတဲ့ နိုင်ငံပေါင်း ၁၉၁ နိုင်ငံ ရှိပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏကို လျှော့ချဖို့ရန် သဘောတူလက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်းဟာ ၈၃ နိုင်ငံရှိပါတယ်။

မြန်မာနိုင်ငံကတော့ ဖန်လုံအိမ် GHGs ဓာတ်ငွေ့တွေကို သဘောတူလက်မှတ်ထိုး လျှော့ချတဲ့ အုပ်စု ၈၃ နိုင်ငံထဲမှာ မပါဝင်သေးပါဘူး။ မြန်မာနိုင်ငံဟာ ၂၀၀၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်က သဘောတူ ထောက်ခံသော ၁၉၁ နိုင်ငံအုပ်စုထဲမှာတော့ ပါဝင်ပါတယ်။

အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ကတော့ စာချုပ်ကို လက်ခံသဘောတူတဲ့ Ratification အုပ်စု (၁၉၁) နိင်ငံထဲမှာ မပါဝင်သေးပါ။ သို့ပေမဲ့ ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ ကစပြီး ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့များ လျှော့ချရေး အတွက် သီးခြား လက်မှတ်ထိုးထားနိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ အတွင်း ၇ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ လျာထားသတ်မှတ်ထားပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအများဆုံး ထိပ်ဆုံး ဆယ်နိုင်ငံကတော့ တရုတ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ရုရှား၊ ဘရာဇီး၊ ဂျပန်၊ ကနေဒါ၊ မက်ဆီကို နိုင်ငံတို့ပဲ ဖြစ်ပါတယ်။

ပထမ ထုတ်လွှတ်မှုအများဆုံး တရုတ်နိုင်ငံနဲ့ ဒုတိယထုတ်လွှတ်မှု အများဆုံး အမေရိကန် တို့ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချမှု ပမာဏကို ဦးဆောင်တာဝန်ယူသင့်တဲ့ နိုင်င်ငံကြီးတွေ ဖြစ်သင့်ပါတယ်။ UNFCCC ရဲ့ ကျိုတိုစာချူပ်မှာ တရုတ်နိုင်ငံကတော့ အမေရိကန်နိုင်ငံနှင့်မတူဘဲ သဘောတူ လက်ခံတဲ့ ၁၉၁ နိုင်ငံ အုပ်စုနဲ့ လျှော့ချမှုကို တာဝန်ယူဖို့ လက်မှတ်ထိုးတဲ့ ၈၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

UNFCCC ကျိုတိုစာချူပ်ရဲ့ အဓိကရည်ရွယ်ချက်က ဖန်လုံအိမ် ဓာတ်ငွေ့တွေကို လျှော့ချဖို့နဲ့ ကမ္ဘာ့ရာသီဥတုကို မပြောင်းလဲစေဘဲ လူသားများအတွက် အန္တရာယ် မဖြစ်အောင် တတ်နိုင်သလောက် ကာကွယ်တားဆီးဖို့ပဲဖြစ်ပါတယ်။

UNFCCC မှာ အန္တရာယ်ဖြစ်စေသော ဖန်လုံအိမ် ညစ်ညမ်း ဓာတ်ငွေ့ပမာလျှော့ချဖို့ တာဝန်ယူမှုရှိတဲ့ အမျိုးအစား သုံးအုပ်စု ခွဲခြားထားပါတယ်။ ပထမအုပ်စုဖြစ်တဲ့ (Annex I) ထဲမှာ နိုင်ငံပေါင်း ၄၁ နိုင်ငံ ပါဝင်တယ်။ အဲဒီ ပထမအုပ်စုထဲမှာ ဥရောပသမဂ္ဂနိုင်ငံများက အဖွဲ့ဝင် အုပ်စုအနေနဲ့ ပါဝင်တယ်။

ဒုတိယ အုပ်စုဖြစ်တဲ့ (Annex II) ထဲမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံပါဝင်တယ်။ ဒီဒုတိယ အုပ်စုမှာလည်းပဲ ဥရောပ သမဂ္ဂနိုင်ငံတွေက အဖွဲ့ဝင်အနေနဲ့ ပါဝင်ပြန်တယ်။ ဒီ ဒုတိယအုပ်စုကတော့ ဖွံ့ဖြိုးပြီးနိုင်ငံများ အုပ်စုပဲ ဖြစ်ပါတယ်။

UNFCCC က ပြဋ္ဌာန်းထားတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ အဓိက ခြောက်မျိုးဖြစ်တဲ့ (ကာဗွန်ဒိုင်အောက်ဆိုက်ဒ် CO2 ဓာတ်ငွေ့၊ မီးသိန်း CH4 ဓာတ်ငွေ့၊ နိုက်ထရပ်စ်အောက်ဆိုက်ဒ် N2O ဓာတ်ငွေ့၊ ဟိုက်ဒရိုဖလူရိုကာဗွန် HFCs ဓာတ်ငွေ့၊ ပါဖလူရိုကာဗွန် PFCs ဓာတ်ငွေ့၊ ဆာဖဟက်ဇာဖလူရိုက်ဒ် SF6 ဓာ တ်ငွေ့) တွေကို လျှော့ချမှု ပမာဏမှာ တာဝန်မယူနိုင်သေးတဲ့ (Non Annex I) အုပ်စုဟာ ဖွံ့ဖြိုးဆဲနိုငံများအုပ်စုပဲ ဖြစ်ပါတယ်။

၎င်းဖွံ့ဖြိုးဆဲနိုင်ငံများဟာ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာခဲ့လျှင် ပထမအုပ်စုထဲကို ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီ ဖွံ့ဖြိုးဆဲနိုင်ငံများဟာ မိမိဘာသာ တာဝန်ယူပြီး သတ်မှတ်ထားသော ဓာတ်ငွေ့ပမာဏကို လျှော့ချနိုင်င်ခဲ့ရင် UNFCCC ရဲ့ ကျိုတိုစာချူပ်၏ credits များ ရရှိမှာဖြစ်ပါတယ်။

အဲဒီလို ရလာတဲ့ credits ကို လိုအပ်နေတဲ့ ပမာဏကို လျှော့ချနိုင်င်မှုမရှိတဲ့ ဖွံ့ဖြိုးပြီး ဒုတိယ အုပ်စုကို ဓာတ်ငွေ့လျှော့ချတဲ့ ကုန်သွယ်မှုစည်းမျဉ်းများ (emission trading)နဲ့ အညီ အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်။ အဲဒီလို ကုန်သွယ်မှုလုပ်တဲ့အခါမှာ အားနည်းချက်များနှင့် အားသာချက်များဆိုပြီး အကျိုးအပြစ်တွေလည်း ရှိနေပါတယ်။

GHGs emission နဲ့ ပတ်သက်တဲ့ ကျိုတို စာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဖန်လုံအာနိသင်ရှိတဲ့ ဓာတ်ငွေ့များ ထုတ်လွှတ်မှု ပမာဏတွေကို လျှော့ချနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေကို အုပ်စု အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်း အပြန်အလှန် ထိန်းကြောင်းဖလှယ်ရင်းနဲ့ ခက်ခက်ခဲခဲ လုပ်ဆောင်နေရဆဲပဲ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီ သဘောတူလက်ခံတဲ့ စာချုပ်အုပ်စုမှာ ပါဝင်သည်ဖြစ်စေ (သို့) မပါဝင်သည်ဖြစ်စေ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတိုင်းအနေနဲ့ ဖန်လုံအိမ် ဓာတ်ငွေ့များ (GHGs)ကို တတ်နိုင်တဲ့ဘက်ကနေ မိမိနိုင်ငံတွင်း လေထု၊ ရေထု၊ မြေထု သန့်ရှင်းရေး အက်ဥပဒေတွေကို လက်တွေ့ကျင့်သုံး ပြဋ္ဌာန်း သင့်ပါတယ်။

ကိုးကား

[ပြင်ဆင်ရန်]

http://www.maukkha.org/index.php?option=com_content&view=article&id=2026:2011-12-05-11-09-01&catid=129:thesis&Itemid=382 Archived 4 March 2016 at the Wayback Machine.