ဇွန် ဆန့်ကျင်လှုပ်ရှားမှု

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဇွန် ဆန့်ကျင်လှုပ်ရှားမှု
နေ့ရက်ဇွန် ၁၀–၂၉၊ ၁၉၈၇
နေရာ
အကြောင်းရင်းခံ
  • အာဏာရှင်စနစ်
  • ရိုထေဝူးအား ဆက်ခံသူအဖြစ် အဆိုပြုခြင်း
  • ပါ့ခ်ဂျုံချိုလ်နှင့် လီဟန်ယိုးလ် သေဆုံးမှုများ
ရည်မှန်းချက်များဒီမိုကရေစီဖြစ်ထွန်းရေး
နည်းလမ်းများဆန္ဒပြချီတက်မှုများနှင့် ပြည်သူများ မနာခံမှု
ရလဒ်
  • ဇွန် ၂၉ ကြေငြာချက်သည် ဒီမိုကရေစီအသွင်ပြောင်းမှု ဖြစ်စေ
  • ပြည်သူအခွင့်အရေး ပိုမိုအားကောင်း
  • ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ
  • ပဉ္စမမြောက်နိုင်ငံ ပြီးဆုံးပြီး ဆဋ္ဌမမြောက်နိုင်ငံ ဖြစ်ပေါ်
Parties to the civil conflict
ဒီမိုကရေစီ လှုပ်ရှားမှုများ
တောင်ကိုရီးယား ရဲတပ်ဖွဲ့
တောင်ကိုရီးယား စစ်တပ်
ဦးဆောင်သူများ
Decentralized leadership
ချန်ဒူးဝှမ်
ရိုထေဝူး

၁၉၈၇ ဇွန် ၁၀ မှ ၂၉ အထိ တောင်ကိုရီးယားနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော နိုင်ငံလုံးကျွတ် ဒီမိုကရေစီအရေးလှုပ်ရှားမှုဖြစ်သည့် ဇွန် ဆန့်ကျင်လှုပ်ရှားမှု (ဟန်းဂု6월 민주항쟁; Hanja六月民主抗爭) ကို ဇွန် ဒီမိုကရေစီ လှုပ်ရှားမှု နှင့် ဇွန် ဒီမိုကရေစီအုံကြွမှု ဟုလည်း လူသိများသည်။[၁] ရွေးကောက်ပွဲများကျင်းပရန်နှင့် ယနေ့‌ခေတ် တောင်ကိုရီးယားအစိုးရဖြစ်သော ဆဋ္ဌမမြောက်နိုင်ငံတော်ကို ထူထောင်နိုင်ခဲ့သည့် အခြားဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို အကောင်အထည်ဖော်နိုင်ရန် ဆန္ဒပြမှုများဖြင့် တည်ဆဲအစိုးရအား ဖိအားပေးနိုင်ခဲ့သည်။

စစ်တပ်အာဏာရှင် သမ္မတချန်ဒူးဝှမ်က ရိုထေဝူးအား နောင်သမ္မတလောင်းအဖြစ် ရွေးချယ်မှုကို ဇွန် ၁၀ ရက်၌ ကြေငြာသည်။ သမ္မတတိုက်ရိုက်ရွေးကောက်တင်မြှောက်နိုင်မည့် တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရွှေ့ဆိုင်း ကြန့်ကြာစေမည့်လုပ်ရပ်ဖြစ်သော ချွန်၏နေရာဆက်ခံသူအား လူသိရှင်ကြားခန့်အပ်မှုသည် အန္တိမစော်ကားမှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ ကျောင်းသားများနှင့် အခြားအဖွဲ့များ၏ ဆန္ဒပြပွဲများကြောင့် အာဏာပိုင်များအပေါ် ဖိအား တိုးလာသည်မှာ အချိန်အတန်ကြာခဲ့ပြီဟု ဆိုသော်ငြားလည်း ကြေငြာချက်ကြောင့် ကြီးမားပြင်းထန်သော ကန့်ကွက်ပွဲများ အစပျိုးသွားခဲ့သည်။[၂]

၁၉၈၈ အိုလံပစ်အားကစားပြိုင်ပွဲများမတိုင်မီ အကြမ်းဖက်မှုများ ဖြေရှင်းရန် ဆန္ဒမရှိခြင်းနှင့် အတိုက်အခံအင်အားစု အတွင်းက အကွဲအပြဲများကြောင့် ပြိုင်ဆိုင်မှုပြင်းထန်သော ရွေးကောက်ပွဲများအား ရို အနိုင်ရမည်ဟု (မှန်မှန်ကန်ကန်) ယူဆသဖြင့်[၂] သမ္မတ တိုက်ရိုက်ရွေးကောက်တင်မြှောက်ခွင့်ဆိုင်ရာ အဓိကတောင်းဆိုချက်များနှင့် ပြည်သူ့အခွင့်အရေးများ ပြန်လည် အသက်သွင်းရေးကို ချွန်နှင့်ရိုက လိုက်လျောခဲ့သည်။ ထိုနှစ် ဒီဇင်ဘာ၌ အများဆန္ဒဖြင့် ရိုက သမ္မတ မှန်မှန်ကန်ကန် ဖြစ်လာခဲ့သော်လည်း တောင်ကိုရီးယား၏ ဒီမိုကရေစီစုစည်းညီညွတ်မှုက အပြည့်အဝ ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

သမ္မတလောင်း တဆင့်ခံ ရွေးကောက်တင်မြှောက်မှု[ပြင်ဆင်ရန်]

ထိုစဉ်က သမ္မတ ပတ်ချုန်ဟီး  ၁၉၇၂ ၌ အကောင်အထည်ဖော်ခဲ့သော Yusin ဖွဲ့စည်းပုံအခြေခံဥပဒေကာလမှစ၍ တောင်ကိုရီးယားသမ္မတများအား ရွေးကောက်ပွဲကိုယ်စားလှယ်အဖွဲ့ (electoral college) မှ တဆင့်ခံ ရွေးကောက် တင်မြှောက်လာခဲ့သည်။ ပါ့ခ်လုပ်ကြံခံရပြီး ၎င်း၏နေရာကို ချွိုင်းကျူဟာက အစားထိုး ဝင်ရောက်ခဲ့ပြီးသည့် နောက်မှာပင် ဤစနစ်က တည်မြဲနေဆဲဖြစ်သည်။ ချွိုင်း၏ နေရာကို ချွန်းက ဒီဇင်ဘ ၁၂ အာဏာသိမ်းပွဲ ဖြင့် အစားထိုးဝင်ရောက်ခဲ့သည်။ ရွေးကောက်ပွဲကိုယ်စားလှယ်အဖွဲ့ကို အာဏာပိုင်ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ထားခြင်း ဖြစ်သည့်အတွက် သမ္မတအာဏာအား ဒီမိုကရေစီနည်းကျ မည်သည့်ထိန်းကြောင်းမှုကိုမျှ ကိုယ်စားပြုခြင်းမရှိပေ။[၂]

ဟန်ပြဒီမိုကရေစီနည်းဖြင့် ပြည်တွင်းပြည်ပရပ်တည်မှု ရယူရန်အတွက် ချွန်းက ရွေးကောက်ပွဲများကို ၁၉၈၅ တွင် ကျင်းပခဲ့သည်။ ရလဒ်အနေဖြင့် ဂင်မ်ဒေးဂျုံနှင့် ဂင်မ်ယောင်ဆမ်တို့ ဦးဆောင်သော အတိုက်အခံအုပ်စုအတွက် စိတ်ဓာတ်ရေးရာအောင်မြင်မှု ရခဲ့သည်။ အတိုက်အခံအင်အားစု၏ အဓိကတောင်းဆိုချက်ဖြစ်သော သမ္မတ တိုက်ရိုက် တင်မြှောက်ခွင့်ကို တားဆီးနိုင်ရန် ကြန့်ကြာ ညှိနှိုင်း ရွှေ့ဆိုင်း ကမ်ပိန်းများ ချွန်းက  ပြုလုပ်ခဲ့သည်။ ပါလီမန်ကော်မတီက အဆိုပြုချက်များစွာကို လပေါင်းများစွာကြာအောင် အငြင်းအခုံပြုခဲ့သည်။ ၁၉၈၇ ဧပြီ ၁၃ တွင် ဤကော်မတီကိုပင် ချွန်းက အိုလံပစ်ပြီးဆုံးချိန်အထိ ရပ်နားလိုက်သည်။[၂] ထို့အတွက်ကြောင့်ပင် မငြိမ်မသက်မှု ပိုပြင်းထန်လာသော်လည်း နောက်ဆက်တွဲဆန္ဒပြမှုများအား အာဏာပိုင်များက အထင်မကြီးဘဲ ရိုအား ဆက်ခံသူအဖြစ် သွတ်သွင်းနိုင်ရေး အစီအစဉ်ကို ရှေ့ဆက်ရန် ချွန်းက ဆုံးဖြတ်လိုက်သည်။

ဤကာလတလျောက်တွင် အာဏာပိုင်များအပေါ်ဖိအားတိုးမြှင့်စေရန် အပြန်အလှန်ပံ့ပိုးအားပေးသည့်မဟာမိတ်အဖွဲ့သို့ အလုပ်သမားလှုပ်ရှားမှု၊ တက္ကသိုလ်ကျောင်းသားများ နှင့် ခရစ်ယာန်ဘုရားကျောင်းများက ပူးပေါင်းပါဝင်ခဲ့သည်။[၂] နိုင်ငံရေးအတိုက်အခံအင်အားစုများအပြင် စုစည်းညီညွတ်သည့် ပြည်သူ့အသိုက်အဝန်းတို့မှာ အမာခံတော်လှန်ရေး အသွင်ဖြစ်ပေါ်လာပြီး အဆုံးအဖြတ်ပေးခဲ့သည့် ဇွန်လအတွင်းကဖြစ်ရပ်များအတွင်း ပေါင်းစည်းမိသွားသည်။

ပါ့ခ် ဂျုံချိုလ်အား ညှင်းပန်းနှိပ်စက်မှု နှင့် သေဆုံးမှု[ပြင်ဆင်ရန်]

လီဟန်ယိုးလ် အမှတ်တရကျောက်တိုင်

၁၉၈၀ ဂွမ်ဂျူးလူသတ်ပွဲ၏ နောက်ပိုင်းကာလအတွင်း တက္ကသိုလ်များမှ တက်ကြွလှုပ်ရှားသူ ကျောင်းသားများစွာသည် ၁၉၈၀ နှစ်များအတွင်းချန်ဒူးဝှမ်၏ အာဏာရှင်စနစ်ကို ဆန့်ကျင်လှုပ်ရှားခဲ့ကြသည်။ ဆိုးလ်အမျိုးသားတက္ကသိုလ် ၊ ဘာသာဗေဒဌာနမှ ကျောင်းသားကောင်စီဥက္ကဋ္ဌ ပါ့ခ်ဂျုံချိုလ်လည်း တဦးအပါအဝင်ဖြစ်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုများအတွင်း ထိန်းသိမ်းခံနေရစဉ် လှုပ်ရှားဖော်တစ်ဦး ရှိရာနေရာကို ဝန်ခံထွက်ဆိုရန် ငြင်းဆန်ရာ တာဝန်ရှိသူများက ရေမွန်းအောင်ပြုလုပ်ခြင်း waterboarding နည်းလမ်းများအသုံးပြုပြီး သူ့အား နှိပ်စက်ညှင်းပန်းသောကြောင့်[၃] ၁၉၈၇ ဇန်နဝါရီ ၁၄ တွင် သေဆုံးခဲ့သည်။

ပါ့ခ်ဂျုံချိုလ်၏ သေဆုံးမှုဖြစ်ရပ်ဆိုင်ရာ သတင်းအချက်အလက်များကို အစပထမပိုင်း၌ ဖိနှိပ်ထားသော်လည်း တရားမျှတမှုအတွက် ကတ်သလစ်ဘုန်းတော်ကြီးများ အစည်းအရုံး Catholic Priests Association for Justice (CPAJ) က မေလ ၁၈ တွင် အမှန်တရားကို ပြည်သူ့ထံ ဖွင့်ချခဲ့ရာမှ အများပြည်သူမကျေနပ်ချက် ပိုတောက်လောင်လာခဲ့သည်။ CPAJ က သူ့အား ဂုဏ်ပြုသောအားဖြင့် ဇွန် ၁၀ ဆန္ဒပြပွဲကို စီစဉ်ခဲ့သည်။

လီဟန်ယိုးလ် သေဆုံးမှု[ပြင်ဆင်ရန်]

ဆန္ဒပြမှုများ အရှိန်အဟုန်မြင့်လာစဉ် ယွန်ဆေးတက္ကသိုလ်ကျောင်းသားများက ဇွန်လ ၉ ရက်နေ့တွင် ဆန္ဒပြပွဲသို့ ပါဝင်မည်ဖြစ်ကြောင်း အဓိဋ္ဌာန်ပြုသည်။ ဆန္ဒပြပွဲအတွင်း ယွန်ဆေးတက္ကသိုလ်ကျောင်းသား လီဟန်ယိုးလ် မျက်ရည်ယိုဗုံးစ ဦးခေါင်းခွံတွင် ဖောက်ဝင်သွားသဖြင့် ဒဏ်ရာအကြီးအကျယ်ရရှိသည်။ စိုးရိမ်ရသည့် အနေအထားဖြင့် ပင် နောက်ပိုင်းဆန္ဒပြမှုများ၌ သင်္ကေတဖြစ်လာခဲ့သည်။ အာဏာပိုင်များက လူထုတောင်းဆိုမှုများအား သဘောတူညီ လိုက်ပြီးသည့်နောက် ရရှိခဲ့သောဒဏ်ရာများကြောင့် ဇူလိုင် ၅ ရက်တွင် လီဟန်ယိုးလ် သေဆုံးခဲ့သည်။ ဇူလိုင် ၉ ရက်နေ့၌ ကျင်းပသော သူ၏ နိုင်ငံတော်ဈာပနသို့ ပြည်သူ ၁.၆ သန်းကျော်တက်ရောက်ခဲ့သည်။ မေ ၁၈ နိုင်ငံတော်သုဿန်၌ မြုပ်နှံသည်။

အဓိကကျသော ဆန္ဒပြမှုများ[ပြင်ဆင်ရန်]

ဇွန်လ ၁၀ ရက် Jamsil ကွင်းတွင် ကျင်းပသော ဒီမိုကရက်တစ် တရားမျှတမှုပါတီ၏ ပါတီညီလာခံ၌ ရိုထေဝူးအား သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ်အမည်စာရင်းတင်သွင်းသည်။ ဆိုးလ်အပါအဝင် မြို့ပေါင်း ၂၂ မြို့ တွင် လူဦးရေ ခန့်မှန်းခြေ ၂၄၀၀၀၀ ပါဝင်ဆင်နွှဲသော အဓိကျသည့်ဆန္ဒပြမှုများ တနိုင်ငံလုံးအနှံ့ ပေါ်ပေါက်ခဲ့ သည်။ လူနေမှု အဆင့်အတန်းအားလုံး မှ လူများစွာ ပါဝင်ဆင်နွှဲ အားပေးခဲ့ကြသည်။

ဇွန်လ ၁၈ ရက်နေ့၌ ပြုလုပ်သော မျက်ရည်ယိုဗုံး အသုံးပြုမှု စွန့်ပယ်ရေး နိုင်ငံလုံးကျွတ် စီတန်း လှည့်လည်မှု (최루탄추방국민대회) ကြောင့် မြို့ပေါင်း ၁၆ မြို့တွင် လူပေါင်း ၁ သန်းခွဲ လမ်းပေါ်ထွက်ခဲ့ကြသည်။ ယခင်က ဘေးထွက်နေခဲ့ကြသော ဉာဏအလုပ်သမားများပါ ဆန္ဒပြပွဲတွင်ပါဝင်လာကြပြီး အိမ်သာသုံးစက္ကူများဖြင့် ပစ်ပေါက်ခြင်း၊ အားပေးခြင်း နှင့် ထောက်ခံမှုအား အသံထွက် ထုတ်ဖော်ခြင်းတို့ကို ပြုခဲ့ကြသည်။ ဇွန်လ ၁၉ တွင် စစ်တပ်ကို စုစည်းထားရန် အမိန့်ထုတ်ခဲ့သော်လည်း ဂွမ်ဂျူးအကြမ်းဖက်လူသတ်ပွဲ ပြန်လည်ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် အမိန့်ကို နာရီပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။[၂] နိုင်ငံလုံးကျွတ်ငြိမ်းချမ်းစွာချီတက်ပွဲ (국민평화대행진) ကို ဂတ်ဘုံ (ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ရရှိရေး နိုင်ငံလုံးကျွတ်လှုပ်ရှားမှု ဌာနချုပ် - 민주헌법쟁취국민운동본부) တွင် ဇွန် ၂၆ က ပြုလုပ်ရာ မြို့ပေါင်း ၃၄ မြို့တွင် လူ ၁ သန်းကျော်[၂]ပါဝင်ပြီး ၃၄၆၇ ဦး အထိန်းသိမ်းခံရသည်။[ကိုးကားချက်လိုသည်] နောက်ဆုံးတွင် ဆန္ဒပြသူများ၏ တောင်းဆိုမှုကို အလျော့ပေးခဲ့ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် နှင့် ဂင်မ်ဒေးဂျုံ ကို လွှတ်ပေးရန် ကတိခံသည့် ဇွန် ၂၉ ကြေငြာချက်ကို ရိုထေဝူးက ထုတ်ပြန်ခဲ့ရသည်။

နောက်ဆက်တွဲဂယက်[ပြင်ဆင်ရန်]

၁၉၈၇ အလုပ်သမားအရေးလှုပ်ရှားမှုကြီး[ပြင်ဆင်ရန်]

ဇွန်လ ဒီမိုကရေစီရေးအုံကြွမှုအပြီး ဟျွန်ဒိုင်း အင်ဂျင် ကူးသန်းရောင်းဝယ်မှု အစည်းအရုံးကို အူလ်ဆန်၌ ဇူလိုင် ၃ ရက်တွင် တည်ထောင်သည်။ အလုပ်သမားများစွာက အလုပ်သမားအစည်းအရုံးများ တည်ထောင်ပြီး သပိတ်မှောက်ကြသည်။ ဇူလိုင်နှင့် စက်တင်ဘာအကြား အလုပ်သမားအစည်းအရုံးသစ် ၁၀၆၀ အထိ ဖွဲ့စည်းလာနိုင်ပြီး သပိတ်မှောက်မှု ၃၄၅၈ ကြိမ် ပေါ်ပေါက်ခဲ့သည်။[ကိုးကားချက်လိုသည်]

ဖွဲ့စည်းပုံအခြေခံဥပဒေအား နဝမအကြိမ် ပြင်ဆင်ခြင်း[ပြင်ဆင်ရန်]

၆/၂၉ ကြေငြာချက်အပြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မှုကို အလေးအနက်စတင်နိုင်ခဲ့သည်။ အောက်တိုဘာ ၁၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအား ခွင့်ပြုခဲ့ပြီး အောက်တိုဘာ ၂၈ တွင် အတည်ပြုခဲ့သည်။ ၁၉၈၈ ဖေဖော်ဝါရီ ၂၅ ရိုထေဝူး သမ္မတအဖြစ် စတင်ထမ်းဆောင်ချိန်၌ တရားဝင် စတင်အသက်ဝင်ခဲ့သည်။

ဒဿမမြောက် ဖွဲ့စည်းပုံအခြေခံဥပဒေက အများပြည်သူအခွင့်အရေးကို ခိုင်မာအားကောင်းစေသည်။ သဘာဝတရားက ပေးအပ်ထားသောအခွင့်အရေး နှင့် ဥပဒေဆိုင်ရာအခွင့်အရေးများကို အတိအလင်း ဖော်ပြထားသည်။ သမ္မတတိုက်ရိုက် ရွေးကောက်တင်မြှောက်မှုကို အကောင်အထည်ဖော်သည်။ ကိုရီးယားနိုင်ငံ ပြည်လုံးကျွတ်ညီလာခံ၏ အာဏာကို အသာစီးပေးသည့်အလို့ငှာ သမ္မတ၏ ဩဇာသက်ရောက်မှု ကို လျော့ချသည်။

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ပွဲ[ပြင်ဆင်ရန်]

ဇွန်လ ၁၀ ရက်နေ့၌ အမည်စာရင်းတင်သွင်းခဲ့သော ဒီမိုကရက်တစ်တရားမျှတမှုပါတီ သမ္မတလောင်းအဖြစ် ရိုထေဝူးက နေရာ ပြန်လည်ရရှိခဲ့ပြီး ချွန်း ရွေးချယ်ထားသော ဆက်ခံသူ အဖြစ်ဆက်လက်တည်ရှိသည်။ ၁၉၈၇ ဒီဇင်ဘာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စစ်မှန်ခိုင်မာသောထောက်ခံမှုကို မဲဆန္ဒနယ်မြေများအတွင်း လုံလုံလောက်လောက် ရရှိခဲ့သည်။ ဂင်မ်ဒေးဂျုံ နှင့် ဂင်မ်ယောင်ဆမ်တို့ အချင်းချင်း မပူးပေါင်းနိုင်သည့်အပြင် ရွေးကောက်ပွဲ နောက်တကြိမ်ပြန်လုပ်ရမည့် ၂ ဆင့် ပြန်လည်မဲပေးသည့် စနစ်ကို ကျောထောက်နောက်ခံပြုခဲ့သည့်အတွက် အတိုက်အခံအုပ်စုအတွင်း အကွဲအပြဲက ရို၏ ရပ်တည်မှုအတွက် ကြီးစွာအထောက်အကူပြုခဲ့သည်။

သမ္မတရွေးကောက်ပွဲမတိုင်မီ ၂ ပတ်အလို၌ ကိုရီးယားလေကြောင်းလိုင်း အမှတ် ၈၅၈ သည် ဘန်ကောက်မြို့သို့ ပျံသန်းနေစဉ် ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုမှာ မြောက်ကိုရီးယား၏ လုပ်ကြံမှုဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ တိုက်ခိုက်မှုကျူးလွန်ခဲ့သူများအနက်မှ အေးဂျင့် တဦးဖြစ်သော ဂင်မ်ဟွန်ဟွေအား ဆိုးလ်သို့ ဖမ်းဆီးခေါ်ဆောင် လာနိုင်ရာ ရိုထေဝူးအတွက် အမြတ်ထွက်စေမည့် အနေအထားဖြစ်ခဲ့သည်။

ရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၆ တွင် ကျင်းပနိုင်ခဲ့ရာ လာရောက်မဲပေးသူ ၈၉.၂ ရာခိုင်နှုန်းတွင် ၃၆.၆ ရာခိုင်နှုန်း မဲ ရရှိသဖြင့် ရိုထေဝူးက အနိုင်ရရှိခဲ့သည်။ အတိုက်အခံမဲ ကွဲသွားပြီး ဂင်မ်ယောင်ဆမ် က ၂၈ ရာခိုင်နှုန်း နှင့် ဂင်မ်ဒေးဂျုံ က ၂၇ ရာခိုင်နှုန်းအသီးသီးရသည်။ ဤရွေးကောက်ပွဲက ဆဋ္ဌမမြောက်ပြည်သူ့နိုင်ငံတော် နိဒါန်းကို  အမှတ်သညာ ပြုလိုက်သည်။

ရေပန်းစားယဉ်ကျေးမှု[ပြင်ဆင်ရန်]

၁၉၈၇ ဇွန်၌ ပေါ်ပေါက်ခဲ့သော ကိုရီးယားနိုင်ငံသမိုင်းအပြောင်းအလဲဖြစ်ပေါ်စေခဲ့သည့် ပြည်လုံးကျွတ် ဒီမိုကရေစီ လိုလားဆန္ဒပြမှုများအား တက်ကြွလှုပ်ရှားသူ ကျောင်းသား ပါ့ခ်ဂျွန်ချိုလ်၏ သေဆုံးမှုက ပေါ်ပေါက်စေခဲ့ပုံကို ဂျန်ဂျွန်းဟွမ် ရိုက်ကူးသည့် ၂၀၁၇ ရုပ်ရှင် 1987: When the Day Comes က သရုပ်ဖော်တင်ဆက်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. George Katsiaficas (20 March 2012). Asia's Unknown Uprisings, Volume 1: South Korean Social Movements in the 20th Century. PM Press, 277–. ISBN 978-1-60486-457-1။ 11 February 2013 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ Adesnik, A. David, Sunhyuk Kim. "If At First You Don’t Succeed: The Puzzle of South Korea’s Democratic Transition Archived 2011-09-28 at the Wayback Machine.". CDDRL Working Papers. Number 83, July 2008. Retrieved February 5, 2011.
  3. Clyde Haberman and Special To the New York Times။ SEOUL STUDENT'S TORTURE DEATH CHANGES POLITICAL LANDSCAPE။ 25 April 2018 တွင် ပြန်စစ်ပြီး။