ဇွန်းနှုတ်သီးငှက်

ဝီကီပီးဒီးယား မှ
ဇွန်းနှုတ်သီးငှက်
(အင်္ဂလိပ်: Spoonbills)
Roseate spoonbill
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Pelecaniformes
မျိုးရင်း: Threskiornithidae
မျိုးရင်းသေး: Plataleinae
မျိုးစု: Platalea
လင်းနီးယပ်၊ ၁၇၅၈
အမျိုးအစား မျိုးစိတ်
Platalea leucorodia (Eurasian spoonbill)
မျိုးစိတ်

See text.

ဇွန်းနှုတ်သီးငှက် (Spoonbill) သည် ခရုစုတ်ငှက်နှင့်အတူ 'သရက်စကီ အိုနီသီဒီး' မျိုးရင်းတွင် ပါဝင်သည်။

ဇွန်းနှုတ်သီးငှက်သည် သာမန်အားဖြင့် ငဟစ်နှင့်တူ၏။ ကမ္ဘာပေါ်၌ ဇွန်းနှုတ်သီးငှက် ၆ မျိုးရှိ၏။ ထိုငှက်သည် အလျား ၃၃ လက်မရှည်သဖြင့် ငှက်ကြီးမျိုး ဖြစ်လေသည်။ အမွှေးအတောင်များ ဖြူသည်။ ခြေတံများသည်ရှည်လျား၏။ နှုတ်သီးသည်လည်း ဖြောင့်တန်း၍ ရှည်လျားသည်။ နှုတ်သီးရင်း၏ အရောင်သည် ခြေထောက်အရောင်ကဲ့သို့ မည်းသည်။ နှုတ်သီးဖျား၏ အရောင်ကားဝါသည်။ နှုတ်သီးသည် အလယ်၌ကျဉ်း၍ အဖျား၌ ပြားလျက် ဇွန်းပုံသဏ္ဌာန်ရှိသည်။ ထိုကြောင့် ဇွန်းပုံသဏ္ဌာန်နှုတ်သီးကို ကြည့်ခြင်းအားဖြင့် ယင်းကိုလွယ်ကူစွာ မှတ်မိနိုင်ပေသည်။

ဇွန်းနှုတ်သီးငှက်သည် ရွံ့ထဲ ရေထဲတွင် လျင်မြန်စွာ လျှောက်သွားကာနှုတ်သီးကို ရွံ့ထဲသို့ တစ်ဝက်နှစ်ပြီးလျှင် ဗယ်ပြန်ညာပြန်ခတ်၍ ငါးကလေးများ ခရုများကို ဖမ်းယူစား သောက်သည်။ ပျံသန်းရာတွင် လေဟုန်ကိုမစီးဘဲ၊ အတောင်ကို မှန်မှန်ခတ်၍၊ ပျံသန်းသည်။ ဇွန်းနှုတ်သီးငှက်သည် အအုပ် အသင်းဖွဲ့၍ နေထိုင်တတ်၏။ အသိုက်ကို ကျူတောနှင့် ချုံဖုတ် များတွင်လည်းကောင်း၊ သစ်ပင်အထက် ၁ဝ ပေခန့်အမြင့်တွင်လည်းကောင်း၊ သစ် ကိုင်း သစ်ရွက်များနှင့် ဆောက်လုပ်ကြသည်။ ဥ ၃ လုံးမှ ၅ လုံးအထိ အုလေ့ရှိသည်။ ထိုဥများသည် အဖြူရောင်ဖြစ်၍၊ နီညိုရောင်အကွက်များပါရှိတတ်သည်။

အမေရိကတိုက်တွင်တွေ့ရသော ဇွန်းနှုတ်သီးငှက် တစ်မျိုး မှာ လည်ပင်းနှင့် ကျောဖက်တွင် အဖြူရောင်ရှိ၍ ကျန်အမွှေး များသည် ပန်းရောင်ဖြစ်သည်။ အတောင်ပံရှိ အမွှေးများသည် အနီရောင်ဖြစ်၏။ ခြေတံများ၌လည်း အနီရောင်ရှိသည်။ ဇွန်း နှုတ်သီးငှက်များကို ဥရောပတိုက်၊ အာဖရိကတိုက်၊ အမေရိက တိုက်၊ အာရှတိုက်တို့၌ တွေ့ရ၏။ ယင်းငှက်များသည် ရာသီ အလိုက် ဒေသပြောင်းရွေ့၍ နေထိုင်လေ့ရှိ၏။ ဟော်လန်နိုင်ငံ တွင်ပေါက်ပွားသော ဇွန်းနှုတ်သီးငှက်များသည် အာဖရိကတိုက် နှင့် အင်္ဂလန်ပြည်သို့ပင် ရောက်ရှိလာတတ်ကြသည်။

မြန်မာနိုင်ငံတွင် ဇွန်းနှုတ်သီးများ မရှိကြချေ။ သို့သော် တစ်ခါတစ်ရံ ရောက်ရှိလာတတ်သည်ဟု ဆိုသည်။ ယင်းတို့ကို ရခိုင်ပြည်နှင့် မင်းဘူးနယ်တွင် တွေ့ရတတ်ကြောင်း မှတ်တမ်း တင်ထားဘူးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)