ဇိုယာ ကာစမာဂျင်မြန်စကားယား

ဝီကီပီးဒီးယား မှ
Zoya Kosmodemyanskaya
မွေးဖွားစက်တင်ဘာ ၁၃၊ ၁၉၂၃
Osino-Gay, Tambov Oblast, Soviet Union
ကွယ်လွန်နိုဝင်ဘာ ၂၉၊ ၁၉၄၁(1941-11-29) (အသက် ၁၈)
Petrischevo, Moscow Oblast, Soviet Union
သစ္စာခံနိုင်ငံ ဆိုဗီယက်ယူနီယံ

ဇိုယာ ကာစမာဂျင်မြန်စကားယား (အင်္ဂလိပ်: Zoya Anatolyevna Kosmodemyanskaya; ရုရှား: Зо́я Анато́льевна Космодемья́нская; စက်တင်ဘာ ၁၃၊ ၁၉၂၃ – နိုဝင်ဘာ ၂၉၊ ၁၉၄၁) သည် ဆိုဗီယက်ယူနီယံ၏ Hero of the Soviet Union ဘွဲ့ရ အမျိုးသမီးသူရဲကောင်းတစ်ဦး ဖြစ်သည်။[၁] [၂] ဆိုဗီယက်ယူနီယံ၏ အလွန်လေးစားဖွယ်ကောင်းသော အမျိုးသမီးသူရဲကောင်းများထဲမှ တစ်ဦးဖြစ်သည်။[၃]

မိသားစု[ပြင်ဆင်ရန်]

ဇိုယာ (ဂရိနာမည် Zoe (ဘဝ)၏ ရုရှားအခေါ်အဝေါ်) ကို ၁၉၂၃ခုနှစ်တွင် Tambovမြို့အနီးရှိ Osino-Gay ရွာတွင် ဖွားမြင်ခဲ့သည်။ ဇိုယာ၏ဖခင် Anatoly Kosmodemyansky သည် ကျမ်းစာသင်ကျောင်းတစ်ခုတွင် စာပေလေ့လာခဲ့(ဘွဲ့တော့မရရှိခဲ့)ပြီး စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်သည်။ မိခင်ဖြစ်သူ Lyubov Kosmodemyanskaya မှာ ကျောင်းဆရာမတစ်ယောက်ဖြစ်သည်။ ၁၉၂၅ ခုနှစ်တွင် မောင်ဖြစ်သူ Aleksandr Kosmodemyansky ကို ဖွားမြင်ခဲ့သည်။ အစ်မဖြစ်သူလိုပင် Aleksandr သည်လည်း Hero of the Soviet Union ဘွဲ့ရ သူရဲကောင်းတစ်ဦးဖြစ်သည်။[၄][၅]

နှိပ်စက်ညှင်းပန်းမှုများကို ကြောက်ရွံရသောကြောင့် ဇိုယာတို့မိသားစုများသည် ၁၉၂၉ ခုနှစ်တွင် ဆိုက်ဘေးရီးယားသို့လည်းကောင်း၊ ၁၉၃၀ တွင် မော်စကိုမြို့တော် သို့လည်းကောင်း ပြောင်းရွှေ့ခဲ့ကြသည်။[၆]

ဘဝနှင့် ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ကျောင်းတက်နေစဉ်ကာလ၌ ဇိုယာ အနှစ်သက်ဆုံးဘာသာရပ်မှာ စာပေဘာသာရပ်ဖြစ်သည်။ ဇိုယာ၏စာစီစာကုံးများသည် အကြောင်းအရာအပေါ် သေချာစွာနားလည်မှုရှိပြီး စိတ်ကူးဖန်တီးမှုကောင်းကြောင်း ဇိုယာ၏ဆရာမများက မှတ်ချက်ပေးခဲ့ကြသည်။ ဇိုယာသည် Leo Tolstoy, Pushkin, Mikhail Lermontov, Karamzin, Vasily Zhukovsky, Byron, Molière, Miguel Cervantes, Charles Dickens, Wolfgang Goethe, နှင့် William Shakespeare အပါအဝင် စာရေးဆရာကြီးများ၏ စာအုပ်များစွာကို ဖတ်ရှုခဲ့သည်။ ဇိုယာသည် သူဖတ်ရှုခဲ့သောစာအုပ်များနှင့် ပတ်သက်သော ထင်မြင်ချက်များကို မှတ်စုစာအုပ်တစ်အုပ်ထဲတွင် ရေးသားထားခဲ့သည်။

၁၉၃၈ တွင် ဇိုယာသည် Komsomol အဖွဲ့ဝင် ဖြစ်လာပြီး ၁၉၄၁ ခုနှစ် အထက်တန်းကျောင်းသူဘဝ၌ပင် ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်လာသည်။ ဇိုယာသည် ပြည်သူ့စစ်အဖွဲ့ ၉၉၀၃ သို့တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၄၁ ခုနှစ်တွင် ၉၉၀၃ သို့ အဖွဲ့ဝင် ၁၀၀၀ ရောက်ရှိခဲ့သည်အနက် စစ်အတွင်း တစ်ဝက်ခန့်သာ အသက်ရှင်နိုင်ခဲ့သည်။ Naro-Fominsk မြို့အနီး ရွာတစ်ရွာတွင် ဇိုယာနှင့် အခြားအဖွဲ့ဝင်များသည် ဂျာမန်တို့သိမ်းပိုက်ထားသည့် နယ်မြေအတွင်းသို့ဝင်ရောက်ပြီး လမ်းတလျှောက် မိုင်းများထောင်ခြင်း၊ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ၁၉၄၁ နိုဝင်ဘာ ၂၇ တွင် ဇိုယာသည် ဂျာမန်စစ်စခန်းတည်ရှိရာ Petrischevoရှိ ရွာကို မီးရှို့ဖျက်စီးရန် စေခိုင်းခံခဲ့ရသည်။

Petrischevoတွင် ဇိုယာသည် ဂျာမန်တို့၏ မြင်းဇောင်းနှင့် မြင့်အချို့ကို မီးရှို့ဖျက်စီးနိုင်ခဲ့သည်။ သို့ပေမယ့် ရုရှားရွာသားတစ်ယောက်သည် သူမကိုသတိပြုမိပြီး ဂျာမန်တို့အား သတင်းပေးခဲ့သည်။ ဇိုယာသည် အိမ်တစ်အိမ်ကို စတင်မီးရှို့နေစဉ်မှာပင် ဖမ်းဆီးခံခဲ့ရသည်။ ဇိုယာသည် တစ်ညလုံး နှိပ်စက်ပြီး စစ်ဆေးမေးမြန်းခံရသော်လည်း မည်သည့်အချက်အလက်ကိုမှ ထုတ်ဖော်မပြောခဲ့ပေ။ နောက်နေ့မနက်တွင် ဇိုယာ၏လည်ပင်း၌ အိမ်မီးရှို့သူ ဟုချိတ်ဆွဲကာ မြို့လယ်သို့ခေါ်ဆောင်သွားကာ ကြိုးပေးကွပ်မျက်ခဲ့သည်။

ဇိုယာ၏ နောက်ဆုံးစကားများ

"ဟေး ရဲဘော်တို့၊ ဘာလို့ ဝမ်းနည်းနေရတာလဲ။ သတ္တိရှိရှိနဲ့ ဒီဂျာမန်တွေကို တိုက်ထုတ်အနိုင်ယူပြီး လောင်ကျွမ်းဖျက်စီးလိုက်စမ်းပါ။ ငါသေရမှာ မကြောက်ဘူး ရဲဘော်တို့။ လူထုအတွက် သေပေးရတာ ပျော်ဖို့ကောင်းပါတယ်။ "
ဂျာမန်များဘက်သို့လှည့်၍လည်း " သင်တို့ငါ့ကို အခု ကြိုးပေးပေမယ့် ငါဟာတစ်ယောက်တည်း မဟုတ်ဘူး။ ရုရှားလူမျိုး သန်းနှစ်ရာရှိတယ်။ သူတို့အားလုံးကို သင်တို့ ကြိုးမပေးနိုင်ပါဘူး။ သူတို့က ငါ့အတွက် လက်စားချေပေးလိမ့်မယ်။"

ကြိုးမစွပ်မီ အချိန်ပိုင်းကလေး၌

"နှုတ်ဆက်ပါတယ် ရဲဘော်တို့။ တိုက်ကြပါ မကြောက်ပါနဲ့။ စတာလင်ဟာ ငါတို့နဲ့အတူရှိနေတယ်။ စတာလင် လာပါလိမ့်မယ်။"[၇][၈]

ဂျာမန်တို့သည် ဇိုယာ၏အလောင်းကို ကြိုးစင်၌ပင် ရက်သတ္တပတ်ပေါင်းများစွာ ထားကြသည်။ ၁၉၄၂ခုနှစ်တွင် ရုရှားတို့က ထိုဒေသကို ပြန်လည်သိမ်းပိုက်နိုင်သောအခါတွင်မှ မြှုပ်နှံခဲ့ရသည်။

ဂုဏ်သတင်း[ပြင်ဆင်ရန်]

ဇိုယာ၏အဖြစ်အပျက်များသည် ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် Pravda သတင်းစာ၌ Pyotr Lidovက ဆောင်ပါးရေးသားသောအခါမှသာ လူသိများလာခဲ့သည်။ အဆိုပါ သတင်းထောက်သည် ဇိုယာ၏ ကွပ်မျက်ခံရခြင်းကို လယ်သမားကြီးတစ်ဦးထံမှ ကြားရသောအခါ မိန်းမငယ်လေး၏ သတ္တိကို အထင်ကြီးလေးစားမိခဲ့သည်။ မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ "သူစကားပြောနေတုန်းမှာ သူတို့(ဂျာမန်)က ကြိုးပေးလိုက်ကြတယ်။ သူခြိမ်းခြောက်နေတုန်းမှာ သူတို့(ဂျာမန်)က ကြိုးပေးလိုက်ကြတယ်။ " Lidov သည် Petrishchevoဒေသသို့ သွားရောက်ကာ ဒေသခံများထံမှ အသေးစိတ်အချက်အလက် များကိုစုဆောင်းပြီး အမည်မသိ ပြည်သူ့စစ် အဖွဲ့ဝင် မိန်းကလေးအကြောင်းကို ဆောင်းပါးရေးခဲ့သည်။ မကြာမီပင် ဂျိုးဇက်စတာလင်သည် ဆောင်းပါးကိုသတိပြုမိပြီး လူထုရဲ့ သူရဲကောင်းမလေးပဲ ဟုပြောကြားခဲ့သည်။ ဖေဖော်ဝါရီတွင် သူ့ကို ဇိုယာဟု အတည်ပြုနိုင်ခဲ့ကာ Hero of the Soviet Union ဘွဲ့ကိုလည်း အပ်နှင်းခဲ့သည်။[၉] (စကားချပ် ဇိုယာ့အား ဖမ်းဆီးကွပ်မျက်ပြီး အလောင်းမြှုပ်နှံချိန်၊ Lidovမှ ဆောင်းပါးရေးသားချိန်အထိ ဇိုယာ့ကို မည်သူမည်ဝါမှန်းမသိရှိခဲ့ကြပါ။ ပြည့်သူ့စစ်အဖွဲ့ဝင် မိန်းကလေးတစ်ယောက် ဟုသာသတ်မှတ်ထားခဲ့သည်။ ဆောင်းပါး ရေးသားပြီးနောက်ပိုင်းတွင်မှ အလောင်းအား ပြန်လည်တူးဖော်ပြီး ဇိုယာဖြစ်ကြောင်းကို မိသားစုမှအတည်ပြုပေးခဲ့ရသည်။)

ဆိုဗီယက်ယူနီယံ၏ ကဗျာဆရာ၊ စာရေးဆရာ နှင့် အခြားသော အနုပညာရှင်များက သူတို့၏ အနုပညာများဖြင့် ဇိုယာကို ဂုဏ်ပြုခဲ့ကြသည်။ ၁၉၄၄ ခုနှစ်တွင် ပေါ်ထွက်ခဲ့သောရုပ်ရှင် Zoya သည် ဇိုယာ၏ အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ Petrishchevo ရွာနှင့် သိပ်မဝေးသောနေရာတွင် ဇိုယာရုပ်တုတစ်ခုကို သူ့အားဂုဏ်ပြုသောအားဖြင့် စိုက်ထူထားခဲ့သည်။ အခြားသောရုပ်တုတစ်ခုကို မော်စကိုရှိ Partizanskaya မြေအောက်ရထားဘူတာရုံ၌ ထားရှိသည်။ Trans-Ili Alatauရှိ ၄၁၀၈မီတာ(၁၃၄၇၈ ပေ) အမြင့်ရှိသော တောင်တခုကိုလည်း ဇိုယာ့နာမည်ကိုပင် ဂုဏ်ပြုမှည့်ခေါ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ရုရှား အာကာသယာဉ်မှူး Tamara Mikhailovna Smirnova ရှာဖွေတွေ့ရှိခဲ့သော ဂြိုဟ်သိမ်တစ်ခုကို ဇိုယာကိုဂုဏ်ပြုသောအားဖြင့် 1793 Zoya ဟု အမည်ပေးခဲ့သည်။ [၁၀] ဇိုယာကို မော်စကိုမြို့ရှိ Novodevichy စစ်သချိုင်းတွင် မြှုပ်နှံပေးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Kazimiera J. Cottam: Women in War and Resistance: Selected Biographies of Soviet Women Soldiers, ISBN 0-9682702-2-0, page 297
  2. Указ Президиума Верховного Совета СССР «О присвоении звания Героя Советского Союза т. т. Гурьянову М. А., Космодемьянской З. А., Кузину И. Н., особо отличившимся в партизанской борьбы в тылу против немецких захватчиков» от 16 февраля 1942 года // Ведомости Верховного Совета Союза Советских Социалистических Республик : газета. — 1942. — 10 марта (№ 7 (166)). — С. 1.
  3. The Voice of Russia: Road to Victory: Zoya Kosmodemyanskaya Archived April 6, 2005, at the Wayback Machine.
  4. КОСМОДЕМЬЯНСКИЙ Александр Анатольевич (ရုရှား)
  5. Heroes of Soviet Union Zoya and Aleksandr Kosmodemiyanskiy Museum Archived March 12, 2008, at the Wayback Machine.
  6. Vladimir Kreslavsky The truth about Zoya and Shura(in Russian)
  7. Petr Lidov. "Tania". "Pravda" newsletter. 26th of January 1942 [၁] Archived 15 August 2017 at the Wayback Machine.(in Russian)
  8. Petr Lidov. "Partisan Tania". "Pioneer" newsletter. January–February 1942 [၂](in Russian)
  9. Mikhail Gorinov, Zoya Kosmodemyanskaya (1923–1941) Archived May 27, 2011, at the Wayback Machine., Otechestvennaya istoriia, №1, 2003, ISSN 0869-5687
  10. Schmadel၊ Lutz D. (2003)။ Dictionary of Minor Planet Names (5th ed.)။ New York: Springer Verlag။ p. 143။ ISBN 3-540-00238-3
  11. Kazimiera J. Cottam: Women in War and Resistance: Selected Biographies of Soviet Women Soldiers, ISBN 0-9682702-2-0, page 297
  12. Valentina Kuchenkova Martyrdom of village priest Pyotr Kosmodemyansky Archived October 20, 2008, at the Wayback Machine.(in Russian)
  13. Vladimir Kreslavsky The truth about Zoya and Shura