ဆိုက်ဘေးရီးယား
| ဆိုက်ဗီးရီးယားဒေသ Сибирь (Sibir) | |
|---|---|
| Ergaki, Taiga in Siberia, Dark coniferous forest, Sayan Mountains, Russia.jpg | |
| ဧရိယာ | |
| • စုစုပေါင်း | ၁၂၆၅၇၈၅၀ စတုရန်းကီလိုမီတာ (၄၈၈၇၂၂၃ စတုရန်းမိုင်) |
| လူဦးရေ (၁၉၃၉ သန်းခေါင်စာရင်း) | |
| • စုစုပေါင်း | ၂၁၉၈၁၄၆၇ |
| အမြင့်ဆုံးတောင် | ကလျူချက်ဗစကာယာတောင် (၁၅,၆၆၆ ပေ) |
| အကြီးဆုံးရေချိုအိုင် | ဗိုက်ကာအိုင် (၁၂,၇၄၁ စတုရန်းမိုင်) |
ဆိုက်ဗီးရီးယားဒေသ (ရုရှား: Сибирь) သို့မဟုတ် ရုရှားနိုင်ငံ၏ အရှေ့ပိုင်းဒေသ သည် အာရှတိုက် မြောက်ပိုင်းတစ်ခုလုံးကို ခြုံငုံခေါ်ဝေါ်သော အမည်ဖြစ်ပြီး ရုရှားနိုင်ငံ (ယခင် ဆိုဗီယက်ယူနီယံ) ၏ အလွန်ကျယ်ဝန်းလှသော အရှေ့ဘက်ကုန်းမြေကြီး ဖြစ်သည်။ ရှေးအခါက ဆိုက်ဗီးရီးယားသည် ရာသီဥတုအလွန်အေးစက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ရုရှားရာဇဝတ်ကောင်များကို နယ်နှင်ဒဏ်ပေးရာ "မဲဇာရပ်ပမာ" လူသူအရောက်အပေါက်နည်းသော ဒေသအဖြစ် လူသိများခဲ့သည်။[၁] သို့သော်လည်း ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်တွင် သဘာဝသယံဇာတ ကြွယ်ဝမှုနှင့်အတူ စက်မှုလက်မှုလုပ်ငန်းများ တရှိန်ထိုးတိုးတက်လာခဲ့ရာ ယခုအခါ ရုရှားနိုင်ငံ၏ စီးပွားရေးစနစ်တွင် အလွန်အရေးပါသော စက်မှုဇုန်ဒေသကြီးတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။[၁]
ပထဝီဝင်နှင့် အုပ်ချုပ်ရေးနယ်ပယ်
[ပြင်ဆင်ရန်]ဆိုက်ဗီးရီးယားသည် သီးခြားနိုင်ငံတစ်ခုမဟုတ်ဘဲ ရုရှားပြည်ထောင်စု (ရုရှဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စုသမ္မတနိုင်ငံ) ၏ သုံးပုံနှစ်ပုံခန့်ရှိသော ယူရယ်တောင်တန်း အရှေ့ဘက်ပိုင်းဒေသ ဖြစ်သည်။[၁] အုပ်ချုပ်ရေးအရ ဆိုက်ဗီးရီးယားဒေသတွင် နယ်ပယ် ၁၇ ခု ပါဝင်ပြီး ၎င်းတို့ကို အောက်ပါအတိုင်း ခွဲခြားနိုင်သည် -
- (က) နယ်ခွဲ (၁၀) ခု: ဆွာဒလော့စခ၊ ချီလျာဗျင့်စခ၊ အွမ့်စခ၊ နိုဗော်စီဗီယတ်စခ၊ အီယာကွတ်စခ၊ ချီတာ၊ တွမ့်စခ၊ ကူရဂန်၊ ကျူမင် နှင့် ကယ်မရိုဗို။
- (ခ) ဒေသခွဲ (၄) ခု: ပင်လယ်ကမ်းခြေဒေသခွဲ၊ ခဗာရပ်စခေဒေသခွဲ (ယဟူဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ခွဲအပါအဝင်)၊ ကရက်စနိုယားစခ (ခကတ်စကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ခွဲအပါအဝင်)၊ အယ်လတိုင်ဒေသခွဲ (အွိုင်ရတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်အပါအဝင်)။
- (ဂ) နယ်ခွဲ (၃) ခု: တူးဗာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ခွဲ၊ ယာကွတ်စခ နှင့် ဗူးရယတ်မွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ။
နယ်မြေအကျယ်အဝန်းနှင့် လူဦးရေ
[ပြင်ဆင်ရန်]ဆိုက်ဗီးရီးယားဒေသ၏ အကျယ်အဝန်းသည် စတုရန်းမိုင်ပေါင်း ၄,၈၈၇,၂၂၃ မိုင် ရှိပြီး၊ ၁၉၃၉ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၂၁,၉၈၁,၄၆၇ ယောက် ဖြစ်သည်။[၁]
ဒေသအလိုက် ကွဲပြားခြားနားမှုများမှာ -
- မြောက်ပိုင်းဒေသ: အာတိတ်သမုဒ္ဒရာ ကမ်းခြေတစ်လျှောက်တွင် တည်ရှိပြီး အစဉ်မပြတ် ရေခဲဖုံးလွှမ်းနေသော တန်ဒြာ (Tundra) ရေခဲပြင်ဖြစ်သည်။ ထိုဒေသတွင် သားမွေးထုတ်လုပ်ငန်း အလွန်ကြီးကျယ်သည်။ ၁၉၄၄ ခုနှစ်စာရင်းအရ မြေဧကပေါင်း ၇၉၀,၀၀၀ ခန့်ကို ကောက်ပဲသီးနှံစိုက်ပျိုးနိုင်အောင် ပြုပြင်နိုင်ခဲ့သည်။
- အနောက်ပိုင်းဒေသ: မြေနိမ့်ပိုင်းဖြစ်ပြီး ကျောက်မီးသွေး၊ ဓာတ်သတ္တု၊ သစ်တောနှင့် ကောက်ပဲသီးနှံများ ထွက်ရှိသည်။
- အရှေ့ပိုင်းဒေသ: တောတောင်ထူထပ်ပြီး ဓာတ်သတ္တု၊ သံနှင့် သံမဏိများ ကြွယ်ဝသဖြင့် စက်မှုလုပ်ငန်းကြီးများ ထွန်းကားသည်။ ကမ်ချတ္တကာနယ်ရှိ ကလျူချက်ဗစကာယာတောင် (၁၅,၆၆၆ ပေ) သည် ဆိုက်ဗီးရီးယားတွင် အမြင့်ဆုံးတောင် ဖြစ်သည်။
မြစ်နှင့် အိုင်များ
[ပြင်ဆင်ရန်]အော့ဗ်မြစ်၊ ယိနျိဆယေယိမြစ်နှင့် လျိနာမြစ်တို့သည် မြောက်ဘက် အာတိတ်သမုဒ္ဒရာထဲသို့ စီးဝင်ကြပြီး၊ အာမူးဝါးမြစ်သည် အရှေ့ဘက် တာတာရေလက်ကြားသို့ စီးဝင်သည်။ တောင်ဘက်ပိုင်းတွင် စတုရန်းမိုင် ၁၂,၇၄၁ မိုင် ကျယ်ဝန်းသည့် ဗိုက်ကာအိုင် (Lake Baikal) တည်ရှိပြီး အာရှမြောက်ပိုင်းတွင် အကြီးဆုံးသော ရေချိုအိုင်ကြီး ဖြစ်သည်။[၁]
ရာသီဥတု
[ပြင်ဆင်ရန်]ဆိုက်ဗီးရီးယားသည် ဆောင်းရာသီ အလွန်အမင်း ရှည်လျားသော ဒေသဖြစ်ပြီး မြောက်ဝင်ရိုးစွန်းထက်ပင် ပိုမိုအေးခဲတတ်သည်။ အရှေ့ပိုင်းဒေသ၏ သုံးပုံတစ်ပုံခန့်မှာ ရေခဲပြင်များ တစ်ခါမျှ အရည်မပျော်ဘဲ အအေးဆုံးအချိန်တွင် အနှုတ် ၉၇.၆ ဒီဂရီဖာရင်ဟိုက်ထိ ရှိခဲ့ဖူးသည်။ သို့သော် သွေ့ခြောက်သော ရာသီဥတုဖြစ်၍ အအေးဒဏ် ခံသာသည်။ နွေဥတုတွင်မူ အပူချိန် ၅၀° မှ ၆၅° ဖာရင်ဟိုက်အထိ ရှိတတ်သည်။[၁]
စီးပွားရေးနှင့် စက်မှုလုပ်ငန်း
[ပြင်ဆင်ရန်]မူလက ဂျုံစက်၊ သကြားစက်၊ သားရေလုပ်ငန်းများသာ ရှိခဲ့သော်လည်း ဆိုဗီယက်အစိုးရ၏ ငါးနှစ်စီမံကိန်းများ (ဥပမာ- ၁၉၅၆-၆၀ စီမံကိန်း) အရ အန်ကာရာမြစ်အနီးတွင် ရေအားလျှပ်စစ်ရုံများ တည်ဆောက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးတွင်းများနှင့် သံ၊ သံမဏိလုပ်ငန်းများကို တိုးချဲ့ခဲ့သည်။ ထို့ပြင် ကမ္ဘာ့ဒုတိယရွှေအများဆုံးထွက်ရာ ဆိုဗီယက်ယူနီယံ၏ ရွှေအများစုမှာ ဆိုက်ဗီးရီးယားမှ ထွက်ရှိခြင်းဖြစ်သည်။ ပင်လယ်ငါးဖမ်းလုပ်ငန်းသည်လည်း အကြီးအကျယ် လုပ်ကိုင်သော လုပ်ငန်းတစ်ခု ဖြစ်သည်။[၁]
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]ကမ္ဘာကျော် ကုန်စည်ကူးသန်းရာ လမ်းမကြီးဖြစ်သော ထရန်ဆိုက်ဗီးရီးယန်း မီးရထားလမ်း (Trans-Siberian Railway) သည် အရှေ့ဘက်အစွန် ဗလာဒီဗော့စတော့မြို့မှသည် မော်စကိုမြို့နှင့် လီနင်ဂရက်မြို့များအထိ ပေါက်ရောက်သည်။ ထို့ပြင် ၁၉၁၆ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နှင့် မွန်ဂိုလီးယားကို ဆက်သွယ်သည့် ရထားလမ်းပြီးစီးခဲ့ရာ ပီကင်နှင့် မော်စကိုမြို့တို့သည် ရထားလမ်းဖြင့်ပါ ဆက်သွယ်မိသွားခဲ့သည်။ ဆိုက်ဗီးရီးယားနှင့် တာကီစတန်နယ်ကို ဆက်သွယ်ထားသော ရထားလမ်းမှာ ၉၀၆ မိုင် ရှည်လျားသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရှေးဦးသမိုင်းတွင် မွန်ဂိုလူမျိုးများ ရွှေ့ပြောင်းအခြေချမှုကြောင့် တိုင်းရင်းသားများသည် မြောက်ပိုင်းသို့ ရောက်ရှိကာ အိုးအိမ်ထူထောင်ခဲ့ကြသည်။ ၁၅၈၁ ခုနှစ်တွင် ရုရှားနှင့် ကော့ဆက် (Cossack) လူမျိုးများက တာတာ (Tatar) လူမျိုးများကို အောင်နိုင်ပြီး "ဆယီဗျားရိ" ဟုခေါ်သောမြို့ကို သိမ်းပိုက်ရာမှ ရုရှားအင်ပိုင်ယာသည် အရှေ့ဘက်သို့ နယ်ချဲ့လာနိုင်ခဲ့သည်။ ၁၆ ရာစုတွင် အာမူးဝါးမြစ်ဝှမ်းသို့ ရုရှားဩဇာ ရောက်လာသော်လည်း မန်ချူးဘုရင်များက တွန်းလှန်ခဲ့သဖြင့် ၁၆၈၉ ခုနှစ်တွင် နယ်ခြားစာချုပ် ချုပ်ဆိုခဲ့ရသည်။[၁]
၁၈၅၈ ခုနှစ်နှင့် ၁၈၆၀ ပြည့်နှစ် စာချုပ်များအရ တရုတ်တို့က ပင်လယ်ကမ်းရိုးတန်းဒေသကို ပေးအပ်ခဲ့ရသဖြင့် ဗလာဒီဗော့စတော့အထိ ရုရှားပိုင်နက် ဖြစ်လာခဲ့သည်။ ၁၇၁၀ ပြည့်နှစ်မှစ၍ ပီတာသဂရိတ်ဘုရင် (Peter the Great) က ဆိုက်ဗီးရီးယားကို အကျဉ်းသားများ နယ်နှင်ဒဏ်ခတ်ရာ တစ်ကျွန်းအဖြစ် အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် ရွှေတွင်းနှင့် သတ္တုတွင်းများကို အကြောင်းပြု၍ ရုရှားတောင်သူလယ်သမားများ ကိုယ်တိုင် ရွှေ့ပြောင်းလာကြသဖြင့် လူနေစည်ကားသော နယ်သစ်ကြီးတစ်ခု ဖြစ်လာခဲ့လေသည်။[၁]