ဇမ္ဗုကထေရ်
ဇမ္ဗုကထေရ် သည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်ခဲ့သည်။ ဇမ္ဗုကသည် ယခင်က အာဇီဝကတစ်ဦးဖြစ်သည်။ ထို့နောက်မှ သာသနာတော်တွင် ယုံကြည်သက်ဝင်လာကာ ရဟန်းဖြစ်လာခဲ့သည်။[၁]
အာဇီဝက ဖြစ်ခြင်း
[ပြင်ဆင်ရန်]ဇမ္ဗုက၏ မိဘတို့သည် ကြွယ်ဝချမ်းသာသူများ ဖြစ်၏။ ရာဇဂြိုဟ်ပြည်တွင် နေထိုင်ကြသည်။ မိဘတို့က ကြွယ်ဝသော်လည်း ဇမ္ဗုကသည် ထူးခြား၏။ ဇမ္ဗုကသည် မြေကြီးပေါ်တွင် အိပ်၏၊ မစင်ကို စား၏၊ အဝတ်မဝတ်ဘဲ နေ၏။ အရွယ်ရောက်သောအခါ မိဘတို့သည် သားဖြစ်သူကို အာဇီဝက ပြုပေး၏။ အာဇီဝကပြုရာတွင် ဇမ္ဗုကကို တွင်းထဲတွင်ထား၏။ ပခုံးနှစ်ဖက်ပေါ် ပျဉ်ပြားကိုတင်ကာ အထက်မှ နင်းပြီး ဆံပင်တို့ကို ထန်းစေ့မှုတ်ခြမ်းတို့ဖြင့် နှုတ်၏။ ဤသို့ဖြင့် ဇမ္ဗုကသည် အာဇီဝကတစ်ဦး ဖြစ်လာခဲ့၏။[၁]
အာဇီဝကတို့ မောင်းထုတ်ခြင်း
[ပြင်ဆင်ရန်]ဇမ္ဗုက၏ မိဘတို့သည် သားဖြစ်သူနှင့်အတူမနက်ဖြန်မနက်ခင်းတွင် အာဇီဝကတို့ကို ဆွမ်းစားရန် ဖိတ်၏။ နောက်နေ့ အာဇီဝကတို့သည် ဆွမ်းစားရန် သွား၏။ ဇမ္ဗုကသည် တစ်ယောက်တည်း နေခဲ့ကာ မစင်တွင်းရှိ မစင်ကို စားလေ၏။ နောင်အခါတွင် ဇမ္ဗုက၏ အဖြစ်ကို သိကြ၏။ ထိုအခါ ဂေါတမဗုဒ္ဓ၏ ရဟန်းတို့သည် ဤအဖြစ်ကို သိပါက အာဇီဝကတို့သည် မစင်စားကုန်၏ဟု ပြောဆိုကဲ့ရဲ့ ကြလိမ့်မည်စိုးကာ ဇမ္ဗုကကို နှင်ထုတ်၏။[၁]
ရဟန္တာဖြစ်ခြင်း
[ပြင်ဆင်ရန်]အာဇီဝကတို့ မောင်းထုတ်သဖြင့် ဇမ္ဗုကသည် ထွက်လာခဲ့ရာ ဇမ္ဗုကသည် လူတို့မစင်စွန့်ရာ နေရာသို့ ရောက်၏။ ထိုနေရာအနီးတွင် ကျောက်ဖျာကြီး ရှိ၏။ ညအခါ လူတို့စွန့်ခဲ့သည့် မစင်ကို စား၏။ နေ့အခါ လူတို့လာသောအခါတွင် ကျောက်ဖျာ၏ ကျောက်စွန်းကိုကိုင်လျက် ပါးစပ်ဟထား၏။ ခြေတစ်ဖက်ကလည်း မြှောက်ထားပြန်သေးသည်။ အများသူငါတို့ မေးကြသောအခါ မိမိသည် လေကိုသာစား၏၊ မြေကြီးကို နင်းပါက တုန်လှုပ်၏၊ ထို့ကြောင့် မိမိသည် မည်သည့်အခါမှ အိပ်ခြင်း၊ ထိုင်ခြင်း မပြုလုပ်ဟု ပြန်ဖြေ၏။ ထိုအခါ အင်္ဂတိုင်း၊ မဂဓတိုင်းတို့မှ လူအများသည် ဇမ္ဗုကကို ယုံကြည်လာကြသည်။ ဇမ္ဗုကသည် လူတို့က ပစ္စည်းများ၊ စားသောက်ဖွယ်များကို လက်မခံပေ။ အတင်းပြောဆိုနိုင်ပါမှ စားသောက်ဖွယ်တို့ကို သမန်းမြက်ဖျားဖြင့် ကော်ယူ၍ လျှာပေါ်တင်၏။
ထိုသို့ နေလာခဲ့သည်မှာ ၅၅ ကြာမြင်ခဲ့သည်။ မြတ်စွာဘုရားသည် အခြေအနေ၊ အချိန်အခါကျရောက်ပြီ ဖြစ်၍ ဇမ္ဗူက ရှိရာသို့ ကြွ၏။ မြတ်စွာဘုရားသည် ဇမ္ဗုကထံမှ တစ်ညတာ နေခွင့်ပေးရန် ခွင့်တောင်း၏။ ဇမ္ဗုကသည် ခွင့်မပေး၊ ငြင်း၏။ ထိုအခါ ဘုရားသည် မနီးမဝေး တောင်စောင်းတစ်နေရာတွင် သီတင်းသုံး၏။ ညအခါတွင် မြတ်စွာဘုရားထံသို့ နတ်မင်းကြီးလေးပါး၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့သည် ဘုရားရှင်ထံသို့ လာကြ၏။ ထိုအခါ ဇမ္ဗုကသည် ထိုနတ်တို့၏ ကိုယ်ရောင်ကိုယ်ဝါကို မြင်၏။ မနက်လင်းသော် မြတ်စွာဘုရားထံသို့ ထိုနတ်တို့အကြောင်း မေး၏။ မြတ်စွာဘုရားလည်း ဖြေလေ၏။ ထိုအခါ ဇမ္ဗုကသည် မိမိသည် ၅၅ နှစ်တိုင် လေကိုစားလျက်နေခဲ့သည်။ သို့သော် မိမိထံသို့ မည်သည့်နတ်မျှ မလာခဲ့ပါဟု လေအမှန်တကယ်မစားဘဲ စားသည်ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဇမ္ဗုကအား တရားပြဆိုဆုံးမ၏။ ဘုရားသည် ဇမ္ဗုကအား ရေသနုပ်တစ်ထည်ကို ပစ်ပေး၏။ ရေသနုပ်ကို ပတ်၍ တရားနာရာ တရားဆုံးသော် အရဟတ္တဖိုလ်သို့ ရောက်လေသည်။ မြတ်စွာဘုရားသည် ဇမ္ဗုကအား ဧဟိဘိက္ခုဟု ခေါ်လိုက်သည့်အခါ ပရိက္ခရာရှစ်ပါး ကိုလွယ်လျက် ရဟန်း ဖြစ်လေသည်။[၁]
ရှေးဘဝ ဝဋ်ကြွေး
[ပြင်ဆင်ရန်]ဇမ္ဗုကသည် ကဿပဘုရားရှင်လက်ထက်က ကျောင်းထိုင်ရဟန်း ဖြစ်ခဲ့သည်။ ထိုရဟန်း၏ ဒါယကာသည် အခြားအာဂန္တုရဟန်းကို ကိုးကွယ်၏။ ထိုအခါ မနာလိုမရှုဆိတ်ဖြစ်ကာ အာဂန္တုရဟန်းကို "သင်သည် သူကြွယ်အိမ်မှ ဆွမ်းကို စားခြင်းထက် မစင်စားခြင်းက မြတ်၏။ သူကြွယ် စေခိုင်းသော ဆတ္တာသည်က ဆံပင်ရိတ်သည်ထက် ထန်းစေ့မှုတ်ဖြင့် နှုတ်သည်က မြတ်၏။ သူကြွယ်လှူသော သင်္ကန်းကို ဝတ်သည်ထက် ကိုယ်လုံးတီး နေသည်က မြတ်၏။ သူကြွယ်လှူသော သလွန်ညောင်စောင်းထက် မြေကြီးပေါ် အိပ်သည်က မြတ်၏" ဟု ဆဲရေးခဲ့သည်။ ထိုအကုသိုလ်ကံသည် ယခုဘဝတွင် အကျိုးပေးလေသည်။[၁]