မာတိကာသို့ ခုန်သွားရန်

ဆူးခြို့

ဝီကီပီးဒီးယား မှ

ဆူးခြို့သည် သကြားပင် ဖြစ်လေသည်။ မိုနိုဆချရိုတ်ခေါ် သကြားရင်းဖြစ်သော ဂလူးကို့နှင့် ဖရူးတို့တို့ကို တွဲဆက်ရာ ဒိုင်ဆချရိုက်ခေါ် ဆူးခြို့ဖြစ်လာသည်။ အပင်တို့က သဘာဝအတိုင်း ထုတ်ပြီး ၎င်းတို့ကို ကြိတ်ခဲသန့်စင်ကာ သကြားမှုန့်လုပ်သည်။ ဓာတ်တွဲပုံသေနည်းမှာ C12H22O11 ဖြစ်သည်။

လူတို့စားရန် ဆူးခြို့ကို သကြား သို့တည်းမဟုတ် ကန်စွန်းဥမှာ ကြိတ်ခွဲထုတ်လုပ်သည်။ ကြံမှထုတ်လျှင် ကြံစိုက်သောနေရာများ၌ ကြံကြိတ်စက်ထားကာ သကြားကြမ်းရအောင်ထုတ်ပြီး အချောကြိတ်စက်ဆီသို့ ထပ်ပို့ရသည်။ ကန်စွန်းဥမှထုတ်လျှင် တခါတည်းပင် အချောမှုန့်ရအောင် ထုတ်လေသည်။ သကြားသန့်သော လုပ်ငန်းစဉ်မှာ သကာရည်မဖြစ်မီ အနည်စစ်ပြီး ကာဘွန်ပေါ်ဖြတ်စေကာ အရောင်ကျန်များကို ဖယ်သည်။ ၎င်းနောက် သကာရည်ကို လေထုတ်ကန်၌ ကြို၍ အခဲဖြစ်အောင်ပြုကာ အနံ့ကင်း အရောင်ကြည်သော ချိုမြမြသကြားကို ဖန်တီးလေသည်။

ချက်နည်းပြုတ်နည်းမုံ့လုပ်နည်းတို့၌ အဓိကပါဝင်ပစ္စည်းအဖြစ်သည်။ ၂၀၁၇ ခု၌ ကမ္ဘာအနှံ့တွင် သကြား တန်ပေါင်း ၁၈၅ သန်း ထုတ်ခဲ့သည်။

သွားအနေဖြင့်မူ သကြားမှာ ရန်သူဖြစ်သည်။ စထြပ်တိုကော့ကပ်မြူတန်ခေါ် ဘတ္တရီးယားတမျိုးသည် သကြားကို ပိုလီဆချရိုတ်ခေါ် သကာစေးဖြစ်အောင်လုပ်ကာ သွား၌ကပ်စေသည်။ ၎င်းကြောင့် သွားပိုးစားသည်ဟူ၍ ဖြစ်လာသည်။ ဆူးခြို့မှာ ၎င်းဘတ္တီးရီးယားတို့ ပိုလီဆချရိတ်ဖြစ်အောင်လုပ်နိုင်အောင် တမျိုးတည်းသောအရာ ဖြစ်သည်။

ရင်းမြစ်

[ပြင်ဆင်ရန်]

ဆူးခြို့သည် အပင်အများစုတွင် ရှိပြီး အမြစ်၊ အသီးနှင့် ဝတ်ရည်တို့တွင် အတွေ့ရများသည်။ ဖိုတိုဆင်းသစစ်ခေါ် နေရောင်ဖြင့်အစာချက်ကာ စွမ်းအင်ကို ဤနေရာများ၌ သိမ်းထားခြင်းဖြစ်သည်။ နို့တိုက်သတ္တဝါ၊ ငှက်၊ ဆစ်များကောင်နှင့် ဘတ္တီးရီးယားတို့က အပင်တို့မှ ဆူးခြို့ကို ဖြတ်စားလျက်စားလုပ်ကြသည်။ အုံလုပ်ပျားတို့မှာမူ ဆူးခြို့ကိုစားသော်လည်း ၎င်းတို့ပြန်ထုတ်သော ပျားရည်မှာ ဆူးခြို့ပမာဏများသော ဖရက်တို့နှင့် ဂလူးကို့တို့ပင် ဖြစ်လေသည်။

အသီးများရင့်သော် ဆူးခြို့ပါဝင်နှုန်း အလွန်မြင့်သည်။ သို့သော် အချို့အသီးတို့မှာ ဆူးခြို့ လုံးဝမရှိတော့သည်ကိုလည်း တွေ့ရသည်။ နမူနာဆိုသော် စပျစ် ချယ်ရီ အပြာခြုံသီး အနက်ခြုံသီး သဖန်းသီး သလဲသီး ခရမ်းချဉ်သီး ထောပတ်သီး ရှောက်သီး သမ္ဘုရာသီးတို့ကို ပြရပေမည်။

ဆူးခြို့မှာ သဘာဝအတိုင်းဖြစ်သော သကြားပင်ဖြစ်သည်။ သို့သော် စက်မှုပညာတိုးတက်လာသည်နှင့်အမျှ ပြုပြင်ထုတ်လုပ်သောအစာတိုင်း၌ ပါဝင်လာလေသည်။

ထုတ်လုပ်ခြင်း

[ပြင်ဆင်ရန်]

သကြားထုတ်ခြင်းမှာ အလွန်သက်တမ်းရှည်လေပြီ။ အချို့ပညာရှင်တို့က အေဒီ ၃၅၀ ခုဝန်းကျင် ဂုပ္ပတမင်းဆက်၌ ဣန္ဒိယသားတို့က သကြားခဲဖြစ်အောင်လုပ်နိုင်ခဲ့ကြောင်း သိထားသည်။ အချို့ကမူ ဘီစီ ၈ ရာစုခန့်က တရုပ်ရှေးဟောင်းစာကို ညွှန်းလေသည်။ ၎င်း၌ ကြံကို စားသုံးခြင်းအား ဖော်ပြထားပြီး ၎င်းအသိပညာကို ဣန္ဒိယမှရကြောင်း ဆိုသည်။ ထပ်တွေ့သောအချက်မှာ ဘီစီ ၅၀၀ ဝန်းကျင်တွင် ဣန္ဒိယသားတို့ သကာရည်လုပ်ကာ လင်ပန်းတွင်ထည့်၍ သကြားခဲဖန်တီးရောင်းချကြောင်း ဖြစ်သည်။ ဣန္ဒိယဝေါဟာရအရ ထိုသည်ကို ခန္ဒ (खण्ड) ခေါ်သည်။ အနောက်တိုင်းအခေါ် ကန်ဒီ (candy) ဟူသော သကြားလုံး၏ ဝေါဟာရအစပင် ဖြစ်လေသည်။

အလက်ဇန္ဒားတပ်ကြီးသည် လက်အောက်တပ်တို့ အရှေ့ဘက်ထပ်သွားရန်ငြင်းကြသည်နောက် ဣန္ဒုမြစ်ကမ်း၌ ရပ်ကြသည်။ ထိုအခါ ဣန္ဒိယတိုက်ငယ်မှလူတို့သည် ကြံစိုက်ကာ ဆားကဲ့သို့ ခပ်ဖြူဖြူအမှုန့်များလုပ်ကြောင်း တွေ့လေသည်။ ဒေသအခေါ် သကာ (साखर) ခေါ်ပြီး ရောမသားတို့က ဆချရွန် (ζακχαρον) ခေါ်လေသည်။ ဂရိတို့က ဇချရီ (ζάχαρη) ဟု အမည်ပေးသည်။ အပြန်ခရီး၌ ဂရိစစ်သည်တို့က ပျားရည်ချောင်းကို သယ်လာကြလေသည်။ သို့သော် ကြံစိုက်ခြင်းမှာ နောက်ထောင်စုနှစ်မရောက်ခင်အထိ တွင်တွင်ကျယ်ကျယ်မဖြစ်ခဲ့ပေ။ သကြားမှာ ရှားပါးကုန်ဖြစ်သဖြင့် ဣန္ဒိယမှာသကြားကို ကုန်သွယ်သူတို့ အလွန်စီးပွားဖြစ်သည်။ ဗင်းနစ်မြို့ ကောင်းစားချိန်မှာ ဥရောပအား သကြားပို့သော အဓိကဆုံရပ်ဖြစ်ချိန်၌ ဖြစ်လေသည်။ အာရပ်တို့က စစ္စလီနှင့် စပိန်တို့၌ သကြားကို စထုတ်ကြသည်။ ဥရောပ၌ ပျားရည်အစားထိုး အချိုခတ်ပစ္စည်းအဖြစ် အာရပ်တို့နှင့်အပြိုင် ခရူးဆိတ်တပ်သားတို့က ထုတ်လေသည်။ ၁၅၀၆ ခု၌ အနောက်အင်းတိုင်၌ စပိန်တို့က ကြံစိုက်စေသည်။ ကျူးဘား၌ စစိုက်သည်မှာ ၁၅၂၃ ခုက ဖြစ်သည်။ ၁၅၃၂ ခု၌ ပေါ်တူဂီတို့က ဘရာဇီး၌ စစိုက်သည်။

၁၈ ရာစုမတိုင်မီအထိ သကြားသည် ဇိမ်ခံပစ္စည်းပမာ ဖြစ်နေသည်။ လူချမ်းသာတို့သာ မြည်းနိုင်သည်။ ၁၈ ရာစုရောက်သော် ဥရောပ၌ လူတိုင်းက သုံးစားလိုလာသောကြောင့် ဝယ်လိုအားတက်ကာ အားထည့်စိုက်ပျိုးလာကြသည်။ ၁၉ ရာစု၌ အရေးပါသုံးကုန်အဖြစ် သတ်မှတ်လာသည်။ သကြားအသုံးမှာလည်း ကော်ဖီထဲ ထည့်သည်မှာသည် ကိတ်မုံ့ ပေါင်မုံ့ ချော့ကလက်တို့အထိပါ ဖြစ်လာသည်။ ရောင်းသူတို့ကလည်း အချောင်း အတုံး အခဲ စသဖြင့် ဝယ်သူအကြိုက် ပုံစံအမျိုးမျိုးဖြင့် ရောင်းလေသည်။

ဈေးကွက်အပြိုင်အဆိုင်များလာသဖြင့် နယ်ချဲ့ထားသော မိုးသမနိုင်ငံကျွန်းမြေတို့၌ လုပ်အားသုံးကာ အထူးစိုက်သည်။ သကြားဖြစ်သည်မှာ ပူနွေးစွတ်စိုသောဥတုမျိုးဖြစ်ရာ နေပူပူ၌ရိတ်ရကြိတ်ရသောအလုပ်မှာ အတော်လူပင်ပန်းသည်။ ထိုသို့လုပ်အားကို ဈေးသက်သက်သာသာနှင့်ရရန် အာဖရိက (အထူးသဖြင့် အနောက်အာဖရိက) မှ လူတို့ကို ကျွန်အဖြစ် ခေါ်သုံးလေသည်။ ထိုကျွန်တို့ကို မြေထဲပင်လယ် ဣန္ဒိယသမုဒ္ဒရာ ပစိဖိတ်ကျွန်းစုများ အရှေ့အာဖရိက တောင်အမေရိက၏မြောက်ဘက်နှင့်အရှေ့ဘက်ပိုင်းများ အရှေ့တောင်အာရှတို့သို့ ပို့ရသည်။ ၁၉-၂၀ ရာစု၏ လူမျိုးရောယှက်ခြင်း၏ အကြောင်းရင်းတရပ်မှာ သကြားကြောင့်ဖြစ်လေသည်။

၁၈ ရာစုနှောင်းပိုင်း၌ သကြားထုတ်ခြင်းကို စက်တို့ဖြင့် အစားထိုးလာသည်။ ရေနွေးငွေ့အင်ဂျင်သုံး သကြားစက်ကို ၁၇၆၈ ၌ ဂျမေကာတွင် စတည်သည်။ ၎င်းရာစု၌ပင် ဥရောပသားတို့က ကြံအပြင် သကြားရနိုင်သေးသော စိုက်ပျိုးသီးနှံကို ကြံဆကြသည်။ အန္ဒြေးမာဂရော့က ကန်စွန်းဥ၌လည်း ဆူးခြို့မြင့်ကြောင်း တွေ့လေသည်။ သူ့တပည့် ဖရန့်အာ့ချက်က ကန်စွန်းဥကြိတ်စက်ကို စလက်ရှား (ပရက်ရှား) ၌ စတည်သည်။ ကန်စွန်းသကြားဈေးကွက်မှာ မြေထဲပင်လယ်မှသကြားကို ပြင်သစ်တို့မဝယ်နိုင်အောင်လုပ်သော နပိုလီယန်စစ်ပွဲကာလများ၌ တွင်ကျယ်လာသည်။ ၂၀၁၀ ခု၌ ကမ္ဘာ့ဈေးကွက်ရှိ သကြားပမာဏ၏ ရာနှုန်း ၂၀ ကို ကန်စွန်းဥမှထုတ်လေသည်။

ယနေ့အခါ ကန်စွန်းကြိတ်စက်ကြီးများမှ တနေ့လျှင် သကြား တန် ၁၅၀၀ ခန့် ထွက်သည်။ ၎င်းပမာဏမှာ ယခင်ကဲ့သို့ လုပ်အားသုံးရပါက လူအယောက် ၁၅၀ က ၂၄ နာရီလုပ်ရမည့်အလုပ် ဖြစ်လေသည်။