အိန္ဒုမြစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိန္ဒုမြစ်

အိန္ဒုမြစ်[ပြင်​ဆင်​ရန်​]

အိန္ဒုမြစ်သည် ပါကစ္စတန်နိုင်ငံကို ဖြတ်သန်းစီးဆင်းသော အဓိက မြစ်တစ်စင်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ကို သည်း ဖြတ်သန်းစီးဆင်းသည်။

အိန္ဒုမြစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်း တိဘက်ကုန်းပြင်မြင့်ဒေသ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်ဆာရိုဗာကန်၏ ဝန်းကျင်မှ မြစ်ဖျားခံ ပြီး ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ် လာဒက်ရှ် ဒေသကို ဖြတ်သန်းစီးဆင်းကာ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းဒေသမှ စတင်၍ နိုင်ငံအတွင်းသို့ ဝင်ရောက်သည်။ ထို့နောက် ပါကစ္စတန် တစ်နိုင်ငံလုံးအား မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းပြီး အာရပ်ပင်လယ်အတွင်းသို့ ကရာချိမြို့ အနီးတွင် စီးဝင်သည်။ မြစ်၏ စုစုပေါင်း အရှည်မှာ ၁၉၈၀ မိုင် (၃၁၈၀ ကီလိုမီတာ) မျှ ဖြစ်ပြီး ပါကစ္စတန်နိုင်ငံတွင် အရှည်ဆုံးမြစ် ဖြစ်သည်။


ကမ္ဘာ့မြစ်ကြီးတစ်မြစ်ဖြစ်သော အိန္ဒုမြစ် သည် ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးမြစ်ကြီးဖြစ်သည်။ အိန္ဒိယ ကျွန်းဆွယ်ကြီးတစ်ခုလုံး၏ အဓိကမြစ်ကြီး သုံးသွယ်အနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၌ တည်ရှိ၍ ထိုနိုင်ငံ၏ အသက်သွေးကြောမကြီးသဖွယ် အရေးပါလှသော မြစ်ကြီး ဖြစ်ပေသည်။


အိန္ဒုမြစ်ကြီး စတင်မြစ်ဖျားခံရာအရပ်သည် တိဗက် နိုင်ငံအတွင်း၌ကျရောက်၍ ဆီးနှင်းများဖုံးလွှမ်းရာ ဟိမဝန္တာ တောင်စဉ်တောင်တန်းများ၌ အပါအဝင်ဖြစ်သည့် ကိုင်းလာ (ကေလာသ)တောင်တန်း၏ ရေခဲမြစ်တစ်ခုအဖြစ်မှ စတင်ခဲ့ သည်။ ထိုမြစ်ဖျားခံရာအရပ်သည် ပင်လယ်ရေပြင်မှ ပေ ၁၈ဝဝဝ ခန့်မြင့်၍ အိန္ဒိယနိုင်ငံ၏ ဗြဟ္မပုတ္တရမြစ်ကြီး မြစ်ဖျား ခံရာအရပ်နှင့် အနောက်မြောက်ဘက် မိုင် ၁ဝဝ ခန့်သာ ကွာ လေသည်။


အိန္ဒုမြစ်ကြီး၏အလျားသည် မိုင်ပေါင်း ၁၉ဝဝ ကျော် ခန့်ရှိ၍ ယင်း၏ ရေဆင်းဒေသအကျယ်အဝန်းသည် စတုရန်း မိုင် ၃၆ဝဝဝဝ ကျော်သည်။ တောင်ဘက်သို့ အာရေဗျပင်လယ် (အိန္ဒိသမုဒ္ဒရာ)အတွင်း စီးဆင်းရာ၌ အိန္ဒုမြစ်ကြီးသည် ရှုမငြီး ဖွယ်ရာ တင့်တယ်ခန့်ညားသော တောတောင်စိမ့်စမ်း ရှုခင်းသာ များကိုလည်းကောင်း၊ ပူပြင်းခြောက်သွေ့သော သဲကန္တာရပိုင်းကို လည်းကောင်း၊ စိုက်ခင်းပျိုးခင်းတို့ဖြင့်ဝေဆာသော ဆည်မြောင်း ဒေသများကိုလည်းကောင်း အဆင့်ဆင့် ဖြတ်ကျော်ခဲ့သည်။ ထိုမြစ်ကြီးအတွင်းသို့ စီးဝင်သော မြစ်လက်တက်ကြီးငယ် အများအပြားရှိသည့်အနက် ဂျေလမ်၊ ချီနဗ်၊ ရာဗီ၊ ဗိအတ်နှင့် ဆပ်တလက်မြစ်တို့သည် အဓိကမြစ်ကြီးများဖြစ်သည်။ ယင်းတို့ သည်လည်း ဟိမဝန္တာတောင်တန်း၌ပင် မြစ်ဖျားခံကြသည်။ အိန္ဒုမြစ်သည် မြစ်ဖျားပိုင်းတွင် ဟိမဝန္တာတောင်တန်း ၏ မြောက်ဘက်တောင်ခြေရင်းတစ်လျှောက် အနောက်မြောက် ယွန်းယွန်း စီးလာပြီးနောက် ကသ္မီရပြည်နယ်ထဲသို့ဝင်သည်။ မြစ်ဝှမ်းကျယ်ကျယ်ပြန့်ပြန့်ဖြင့် တိဗက်ကုန်းပြင်မြင့်ကို ဖြတ် သန်းလာခဲ့သော ထိုမြစ်ကြီးသည် ကသ္မီရနယ်နိမိတ်ကို ဖြတ် ကျော်ပြီးနောက်တွင် အကျယ် ၁ဝ မိုင်၊ အမြင့်ပေ ၆ဝဝဝ ခန့် ရှိသော ချောက်ကမ်းပါးကြီးတစ်ခုကို ဖြတ်သန်းစီးဆင်းရသည်။ ထို့နောက် ကာရာကိုရမ်တောင်တန်းနှင့် ဟိမဝန္တာတောင်တန်း အကြားတစ်လျှောက် စကာဒူးမြို့အရောက်စီးလာပြီးလျှင် ဟာရာ မော့တောင်တန်းကိုဖြတ်သန်း၍ ပေ ၁ဝဝဝဝ နက်သောချောက် ကမ်းပါးကိုဖြစ်ပေါ်စေပြီးနောက် အနောက်ဘက်သို့ မြစ်ကြောင်း ပြောင်းသည်။


ကသ္မီရပြည်နယ်၏ အရှေ့ဘက်နယ်ခြားခရိုင် လဒက် ၏ရုံးစိုက်ရာမြို့ဖြစ်သော လေးမြို့၏အောက်ဘက်တွင် ဇန်စကာ ခေါ် မြစ်လက်တက်တစ်ခုစီးဝင်သည်။ ထို့နောက် ဒရတ်မြစ် သည်လည်းကောင်း၊ ဗလစ္စတန်မြစ်သည်လည်းကောင်း စီးဝင် သည်။ ထိုနေရာ၌ပင် ကာရာကိုရမ်တောင်တန်းမှ ရေခဲမြစ် တစ်မြစ်ဖြစ်သော ဂီလဂစ်မြစ်သည် အိန္ဒုမြစ်အတွင်းသို့ လကျာ် ဘက်ကမ်းမှ စီးဝင်သည်။ ထိုမြစ်နှစ်မြစ် ပေါင်းဆုံသည့်အရပ် တွင် မြေပြင်အမြင့်သည် ပေ ၄ဝဝဝ ခန့်သာရှိလေသည်။ ဟိမဝန္တာတောင်တန်းဒေသမှ အိန္ဒုမြစ်အတွင်းစီးဝင်သော မြစ် လက်တက်များအနက် ဂီလဂစ်သည် အကြီးဆုံးမြစ်ဖြစ်သည်။ အိန္ဒုမြစ်သည် ဂီလဂစ်မြစ်နှင့် ပေါင်းဆုံ၍ မိုင် ၁ဝဝ ခန့် ဆက်လက်စီးဆင်းလာပြီးနောက် အနောက်တောင်ဘက်သို့ ရုတ်တရက်မြစ်ကြောင်းပြောင်းလိုက်သည်။ ယင်းသို့မြစ်ကြောင်း ပြောင်း၍ မိုင် ၁၈ဝ ခန့် စီးဆင်းခဲ့ပြီးနောက်တွင်မူ တောင် တန်း တောင်ကုန်းဒေသကို လွန်မြောက်ကာ မြေနိမ့်ပိုင်းသို့ ဆင်းသက်လေသည်။


မြစ်၏အထက်ပိုင်းတွင် ကြိုးတံတား၊ ကြိမ်တံတား အနည်းငယ်ရှိသည်။ လေးမြို့တွင် သစ်သား မြစ်ကူးတံတား တစ်ခုရှိသည်။ အိန္ဒုမြစ်သည် မြေနိမ့်ပိုင်းသို့ဆင်း၍ ပန်ဂျပ် ပြည်နယ်အတွင်းသို့ ရောက်လာသောအခါ ယခင်က ဗြိတိသျှ ခံတပ်မြို့ဖြစ်ခဲ့သော အတော့မြို့၏အောက်ဘက်တွင် မီးရထား တံတားတစ်ခုက မြစ်ကိုဖြတ်ကျော်ထားသည်။ ထိုတံတားသည် ကရာချိ-ပက်ရှဝါ မီးရထားလမ်း၏ တံတားဖြစ်သည်။ အိန္ဒုမြစ် ပေါ်ရှိ အကောင်းဆုံးမြစ်ကူးတံတားသည် ဆွတ်ကူမြို့ရှိ လင်းစ ဒေါင်းတံတားဖြစ်၍ ထိုတံတား ဆောက်လုပ်ထားပုံသည် အံ့ဩ ချီးကျူးဖွယ်ရာ ဖြစ်ပေသည်။


အတော့မြို့တွင် အာဖဂန်နိစတန်နိုင်ငံမှလာသော ကဗူး မြစ်သည် အိန္ဒုမြစ်အတွင်းသို့ ပေါင်းဆုံစီးဝင်သည်။ ထိုအရပ် တွင် မြစ်အကျယ်သည် ပေ ၈ဝဝ ခန့်သာရှိ၍ ရေအနက်သည် အခါရာသီကိုလိုက်၍ ပေ ၃ဝ မှ ၆ဝ ခန့်သာရှိသည်။ မြေပြင် အမြင့်သည်လည်း ပေ ၉၅ဝ ခန့်မျှသာရှိ၍ ရေစီးလည်း နှေး လာသည်။ ကျန်ရှိသော မိုင်၉ဝဝ ခန့်ရှိသည့် မြစ်ကြောင်းသည် အနောက်တောင်ဘက်သို့စီးကာ အာရေဗျပင်လယ်ထဲသို့ စီးဝင် လေသည်။


အတော့မြို့၏အောက်ဘက် မိုင် ၁၁ဝ ခန့်ရှိ ကာလာ ဗက်မြို့အနီးတွင် မြစ်အကျယ်သည် ပေ ၁၄ဝဝ ခန့်ရှိပြန်သည်။ မြေနိမ့်မြေပြန့်ဒေသ၌ စီးဆင်းသဖြင့် မြစ်ရေသည်ရွှံ့နှစ်ထနေ သည်။ မတ်လတွင် တောင်တန်းဒေသမှ နှင်းများပျော်ဆင်း သဖြင့်လည်းကောင်း၊ ဇွန်နှင့်ဇူလိုင်လများတွင် မိုးရေကြောင့် လည်းကောင်း မြစ်ရေတိုးသဖြင့် မြစ်ရေလျှံသည်။ မြစ်ရေကျ သွားသည့်အခါ နုန်းတင်မြေနုများ ကျန်ခဲ့သဖြင့် အလွန်မြေဩ ဇာ ထက်သန်ကောင်းမွန်သောကြောင့် ဂျုံ၊ စပါး၊ ဝါဂွမ်း၊ ပြောင်းစသည့် သီးနှံများစိုက်ပျိုးရေး အလွန်အောင်မြင်ဖြစ်ထွန်း လေသည်။


မီသန်ကော့မြို့အနီးတွင် ပန်ဂျပ်ပြည်နယ်၏ မြစ် ငါး သွယ်တို့သည် အိန္ဒုမြစ်မကြီးအတွင်းသို့ စီးဝင်ကြသည်။ မြစ် ခြောက်သွယ်တို့ စုပေါင်းစီးဆင်းသဖြင့် ရေလုံးထုထည် ကြီးမား လာလေရာ၊ မြစ်ဆုံ၏ အောက်ဘက်တွင် ရေနည်းသည့်ကာလ၌ ပင် မြစ်အကျယ်သည် ပေ ၁၉၈ဝ ကျော်ရှိလေသည်။ မြစ်ခြောက်သွယ်တို့၏ မြစ်ကြောင်းအသီးသီးတွင် အနည်အနှစ်များ အများအပြားပါလာသဖြင့် အနည်အနှစ်ပို့ချမှု လည်းများပြားလာသည်။ အီဂျစ်နိုင်ငံသည်နိုင်းမြစ်ကိုအကြောင်း ပြု၍ ဖြစ်ပေါ်သည့်နည်းတူ သိန္ဒုပြည်နယ်သည်လည်း အိန္ဒုမြစ် မှ ပို့ချသောနုန်းမြေများဖြင့် ဖြစ်ပေါ်ခဲ့သည်ဟုဆိုကြသည်။ သိန္ဒုပြည်နယ်တွင်းသို့ရောက်လာသောအခါမြစ်ကြောင်း သည် ကွေ့ကောက်လာသည်။ ထိုပြည်နယ်ရှိ ဟိုက်ဒရဗတ်မြို့၏ အောက်ဘက်တွင် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ကဲ့သို့ မြစ်ခွဲ များစွာဖြစ်ပေါ်လျက် မြစ်ဝများစွာဖြင့် အာရေဗျပင်လယ် အတွင်းသို့စီးဝင်သည်။ မြစ်ဝများအနက် ယာထိုမြစ်ဝသည် အရေးပါဆုံးဖြစ်သည်။ မြစ်ကြောင်းတစ်လျှောက် သယ်ယူခဲ့ သော နုန်းမြေများပို့ချသဖြင့် ဧရိယာစတုရန်းမိုင် ၃ဝဝဝ ကျော် ရှိ၍ ကမ်းရိုးတန်းမိုင် ၁၃ဝ အလျားရှိသော မြေနုကျွန်း ပေါ် သည်။ ထိုမြေနုကျွန်းပေါ်၏ထိပ်သည် တတ္တာမြို့ဖြစ်၍ ပင်လယ် မှ မိုင် ၇ဝ ဝေးကွာသည်။ ပင်လယ်ဒီရေသည် ထိုတတ္တာမြို့ အထိ ရောက်လေသည်။


မြစ်ဝကျွန်းပေါ်ရှိ မြစ်ကြောင်းများ မကြာခဏပြောင်း လဲတတ်သဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ကူးလူးသွားလာရေး အတွက် ရေကြောင်းလမ်းကို အဓိကထား၍မရချေ။ ကရာချိမြို့ သည် အိန္ဒုမြစ်ဝကျွန်းပေါ်၏ တစ်ခုတည်းသော ပင်လယ် သင်္ဘောဆိပ်ကမ်းမြို့ဖြစ်၍ အရေးအပါဆုံးလည်း ဖြစ်ပေသည်။ ခရစ် ၁၈၇၈ခုနှစ်တွင် အိန္ဒုမြစ်ဝှမ်း(ကရာချိ-ပက်ရှဝါ)မီးရထား လမ်းကို ဆောက်လုပ်သည်မှစ၍ သယ်ယူပို့ဆောင်ရေးနှင့် ကူး သန်းသွားလာရေးအတွက် အိန္ဒုမြစ်ကြောင်းကို အသုံးချ နည်း သွားသည်။ ဟိုက်ဒရေဗတ်မှ မူလတန်အထိ သင်္ဘောများအသွား အလာရှိ၍ သင်္ဘောငယ်များဖြင့်မူ မြစ်အထက်ပိုင်း၌တောင်တန်း ဒေသများအရောက် သွားလာနိုင်လေသည်။


အိန္ဒုမြစ်သည် အထက်ပိုင်း၌ရေလုံးကောင်းသော်လည်း အောက်ပိုင်းတွင် မိုးပါးသောဒေသ၊ ခြောက်သွေ့သော သဲကန္တာရ တို့ကို ဖြတ်သန်းလာခဲ့ရသဖြင့်လည်းကောင်း၊ ရေသွင်းစိုက်ပျိုး ရေးအတွက် ဆည်မြောင်းတူးမြောင်း သွယ်ယူကြသဖြင့်လည်း ကောင်း ပင်လယ်တွင်းသို့စီးဝင်သော ရေလုံးထုထည်သည် ဂင်္ဂါ မြစ်လောက်ပင် မကောင်းလှချေ။


အိန္ဒုမြစ်ဝှမ်းတစ်လျှောက် ဆည်များဆောက်၍ တူး မြောင်းများသွယ်ကာ လယ်ယာများသို့ ရေသွင်းစိုက်ပျိုးခြင်းကို အကြီးအကျယ်ပြုလုပ်ကြသည်။ အိန္ဒုမြစ်မကြီး၌သာမက၊ ယင်း ၏မြစ်လက်တက်ကြီးများဖြစ်သော ပန်ဂျပ်ပြည်နယ်မှ ချီနဗ်၊ ဂျေလမ်၊ ရာဗီ၊ ဆပ်တလက်မြစ်တို့မှလည်း ရေသွယ်စိုက်ပျိုး ခြင်းကိုပြုလုပ်ကြသည်။ အိန္ဒုမြစ်ဝှမ်းသည် ကမ္ဘာပေါ်၌ရေသွင်း စိုက်ပျိုးရေးကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက်သော ဒေသ တစ်ခုဖြစ်၍ အကြီးအကျယ်ဆုံးသည် သိန္ဒုပြည်နယ်၊ ဆွတ်ကူ မြို့အနီးရှိ လွိုက်ဆည်ကြီး ဖြစ်လေသည်။

ရှေးခေတ်အိန္ဒိယစာပေများ၌ အိန္ဒုမြစ်ကို ဒဒမြစ်ဘုရင်ဒဒ ဟု တင်စားခေါ်ဝေါ်ကြသည်။ သက္ကတဘာသာဖြင့်မူ သိန္ဒုဟု ခေါ်ဝေါ်သည်။ အိန္ဒိယဟူသော အမည်သည်လည်း အိန္ဒုမြစ်ကို အစွဲပြုခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ယဉ်ကျေးစခေတ် က စိုက်ပျိုးရေးသည် အဓိကလုပ်ငန်းဖြစ်ပေရာ၊ စိုက်ပျိုးရေး ဖြစ်ထွန်းသော မြစ်ဝှမ်းဒေသများ၌ ယဉ်ကျေးမှုတို့ စတင်ပေါက် ဖွားခဲ့သည်။ ယဉ်ကျေးမှုထွန်းကားသော ကမ္ဘာ့မြစ်ဝှမ်းကြီးများ အနက် အိန္ဒုမြစ်ဝှမ်းသည် တစ်ခုအပါအဝင်ဖြစ်သည်။ ထို မြစ် ဝှမ်း၌ ယဉ်ကျေးမှု ထွန်းကားချိန်သည် ခရစ်မပေါ်မီနှစ်ပေါင်း ၃ဝဝဝ ခန့်မှသည် ခရစ်ပေါ်ပြီး နှစ်ပေါင်း ၁၅ဝဝ ခန့်အတွင်း ဖြစ်၍ ထိုခေတ်အတွင်း၌ပင် အိန္ဒုမြစ်ဝှမ်း၌သာမကဆပ်တလက် မြစ်ဝှမ်းနှင့် ကာတီအဝါးကျွန်းဆွယ်၌လည်း ယဉ်ကျေးမှုထွန်း ကားကြောင်း အထောက်အထားများတွေ့ရသည်။


၁၉၂၁ ခုနှစ်မှစ၍ အိန္ဒိယ ရှေးဟောင်းသုတေသနဌာန က သုတေသနပြုကာ တူးဖော်ခဲ့သဖြင့် တွေ့ရှိရသော ရှေးခေတ် မြို့ဟောင်းကြီးများမှာ သိန္ဒုနယ် လားကားနခရိုင်အတွင်းရှိ မောဟိန်ဇောဒရောမြို့၊ ပန်ဂျပ်နယ် မောင်ဂိုမာရီခရိုင်အတွင်းရှိ ဟာရပ္ပမြို့၊ ဆင်းမလားတောင်ကုန်းခြေရင်းရှိ ရူပါမြို့၊ နာဗဒါ မြစ်ဝှမ်းဒေသရှိ လိုသယ်မြို့တို့ ဖြစ်ကြသည်။ ထိုဒေသတို့တွင် အီဂျစ်နိုင်ငံနှင့် မက်ဆိုပိုတေးမီးယား (ယခု- အီရတ်) နိုင်ငံတို့ ၏ ရှေးခေတ်ယဉ်ကျေးမှုနှင့် ဆင်ဆင်တူသော ယဉ်ကျေးမှု ထွန်းကားခဲ့ကြောင်း ခိုင်လုံသောအထောက်အထားများ တွေ့ရှိရ သည်။ တွေ့ရှိရသော အထောက်အထားများအရ အိန္ဒုမြစ်ဝှမ်း ဒေသသည် ထိုခေတ်အခါက ကြွယ်ဝဖွံ့ဖြိုး၍ အီဂျစ်၊ မက်ဆိုပို တေးမီးယားတို့နှင့်ပင် ကုန်သွယ်ဆက်ဆံမှုရှိခဲ့ကြောင်း သိရလေ သည်။


ဆိုခဲ့သော မြို့ဟောင်းများလောက် အရေးမပါသော် လည်း ထိုခေတ်အတွင်းက ယဉ်ကျေးမှုထွန်းကားခဲ့သော ဌာန ပေါင်း ၆ဝ ကျော်ကိုလည်း တူးဖော်တွေ့ရှိရသည်။ တူးဖော်တွေ့ ရှိရချက်များအရ ဆိုခဲ့သော မြို့ပြကြီးငယ်တို့ကို စနစ်တကျ တည်ဆောက်ထားကြောင်း သိရသည်။ ကျယ်ဝန်းပျံ့ပျူးသော လမ်းများ တစ်ဖက်တစ်ချက်တွင် အဆောင်ဆောင် အခန်းခန်း ရှိသော နေအိမ်တိုက်တာများရှိ၍ နေအိမ်တိုင်း၌ ရေချိုးခန်းများ လည်းရှိသည်။ ထို့ပြင် ဝတ်ပြုရာဌာနများ ကြီးမားသောစပါးကျီ များလည်းရှိကြောင်း တွေ့ရလေသည်။


အိန္ဒုမြစ်ဝှမ်းသားတို့တွင် စာရေးစာဖတ်စနစ်၊ အခြင် အတွယ်စနစ်၊ ရေတွက်မှတ်သားသော စနစ်များရှိကြောင်းလည်း သိရှိရသည်။ အိုးခွက်လုပ်ငန်း အတော်ပင် အဆင့်အတန်းမြင့်၍ လက်သမား၊ ကျောက်ဆစ်သမား၊ ပန်းပဲ၊ ပန်းထိမ်နှင့် ဆင်စွယ် ပန်းပုပညာရှင်တို့၏ လက်ရာကောင်းများကိုလည်း တွေ့ရသည်။ တံဆိပ်တုံးများနှင့် အခြားအရာဝတ္ထုများအရ ထိုစဉ်က ဟိန္ဒူ နတ်ဘုရားများ ကိုးကွယ်မှုပြုကြသည်ဟု ယူဆရသည်။ အိန္ဒု မြစ်ဝှမ်းသားတို့သည် အိမ်မွေးတိရစ္ဆာန်များထားရှိ၍ ဂျုံ၊ မုယော စသည်တို့ကို စိုက်ပျိုးကြပြီးလျှင် ဝါဂွမ်းကိုလည်း အသုံးချတတ် ကြလေသည်။


ထိုသို့ လူနေမှုစနစ်အဆင့်အတန်းမြင့်မားခဲ့သော အိန္ဒု မြစ်ဝှမ်းသားတို့၏ အမျိုးအမည်ကို မဖော်ထုတ်နိုင်သေးသော် လည်း၊ ယင်းတို့သည် အာရိယာန်တို့ထက်ပင် ရှေးဦးကျသော လူ့ယဉ်ကျေးမှုများဖြစ်ကြောင်းကိုကား လက်ခံနိုင်သည်။ ထို့ပြင် ထိုလူမျိုးများနှင့်ဒြာဗီးဒီးယန်းလူမျိုး၊ အာရိယန်လူမျိုးတို့ မည်ကဲ့ သို့ ဆက်သွယ်မှုရှိခဲ့ကြောင်း ဖော်ထုတ်ရန် ကျန်ပေသေးသည်။ အသေအချာပြောနိုင်သော အချက်တစ်ရပ်မှာမူ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုသည် ထိုဒေသ၌ပင် မူလပေါက်ဖွားခဲ့၍ ထိုယဉ် ကျေးမှုထွန်းကားရာဒေသသည်လည်း အတော်အတန်ကျယ်ပြန့်ခဲ့ ပေသည်။


ထိုမျှ ဖွံ့ဖြိုးထွန်းကားခဲ့သော ယဉ်ကျေးမှုသည် မည်သို့ သောအကြောင်းကြောင့် အဆုံးသတ်ခဲ့သည်ကိုမူ အတိအကျ မဖော်ထုတ်နိုင်သေးပေ။ သဘာဝဘေးဆိုး တစ်ခုခုကြောင့်သော် လည်းကောင်း၊ သတ္ထန္တရကပ်ဘေးကြောင့်သော်လည်းကောင်း၊ ထိုယဉ်ကျေးမှု ပျက်သုန်းခဲ့ရမည်မှာကား မလွဲနိုင်သောအချက် ဖြစ်သည်။ အချို့သော သုသေသီတို့အလိုမှာမူ သံဖြင့်ပြုလုပ် သော လက်နက်များစွဲကိုင်လျက် မြင်းများစီးကာ အိန္ဒုမြစ်ဝှမ်း ဒေသသို့ ဒလကြမ်းဝင်ရောက် တိုက်ခိုက်လာသော အာရိယန် တို့ကြောင့် ထိုယဉ်ကျေးမှုကြီး ပျက်စီးခဲ့ရသည်ဟုယူဆကြလေ သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)