ဆာဗူးသီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆာဗူးသီးသည် ချင်းတို့၏ ကိုယ်ပိုင်ရိုးရာ အစားအစာ တစ်ခုဖြစ်သည်။ ဆာဗူးသီးသည် ချင်းလူမျိုးတို့၏ အဓိကဟင်းလျာအဖြစ် စားသုံးသော အစားအစာ မဟုတ်ပဲ အစာပြေစားသုံးသော အစားအစာ(Snack) အမျိုးအစား တစ်မျုှိးဖြစ်သည်။ ဆာဗူးသီးဟူသော ချင်းဝေါဟာရမှာ ချင်းပြည်နယ်ဟားခါး စကားဖြစ်သည်။ ဆာသည် အသားဟု အဓိပ္ပါယ်ရပြီး ဗူးသီးမှာ ပြောင်းဖူးပြုတ်ရည်ဟု အဓိပ္ပါယ် ထွက်သည်။ ထို့ကြောင့် ဆာဗူးသီး၏ မြန်မာလို အဓိပ္ပါယ်မှာ အသားနှင့် ပြောင်းဖူးပြုတ်ရည် ဖြစ်သည်။

ဆာဗူးသီး အစားအစာသည် မည်သည့် အချိန်က စတင်ပေါ်ပေါက်ခဲ့သည်ကို မှတ်တမ်းတင်ထားသော အထောက်အထားများ ရှာမတွေ့သေးပါ။ သို့သော်လည်း ရှေးနှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့ပြီး မြန်မာဘုရင်များလက်ထက် ချင်းစော်ဘွားများ ခေတ်ကတည်းက စော်ဘွားများမှစ၍ သာမန်ပြည်သူများအထိ နှစ်သက်ခုံမင်စွာ စားသုံးခဲ့ကြသည်ဟု ချင်းလူကြီးသူမများက ပြောကြပေသည်။ ပထဝီအနေအထားအရ ချင်းတောင်တန်းဒေသတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းဖူးကို ပိုမိုစိုက်ပျိုးကြသည်။ ထို့ကြောင့်ပြောင်းဖူးနျင့် ဆက်နွယ်သော ချင်းရိုးရာ အစားအသောက် ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်ဟု ယူဆသည်။

ဆာဗူးသီး အစားအစာ ချက်ပြုတ်ရန် ပါဝင်သော အရာများမှာ သစ်သားဆုံဖြင့် ထောင်းထားသော အခွံချွတ် ပြောင်းဖူးကြမ်းအဆန်၊ အသားနှင့် ရေတို့ပင်ဖြစ်သည်။ ဟင်းခတ်မှုန့် မပါသော်လည်း အသား၏ အချိုဓာတ်နှင့် ပြောင်းဖူး၏ ချိုဆိမ့်သော အရသာ ပေါင်းစပ်ကာ ချိုဆိမ့်အိနေသော အရသာပင် ဖြစ်သည်။ ဆာဗူးသီး တစ်ခွက်စားပြီးပါက တောင်ယာလုပ်ငန်းကို တစ်နေကုန် မမောမပန်းဘဲ အလုပ်လုပ်နိုင်လောက်အောင် အဟာရရှိသည်ဟု ချင်းရှေးလူကြီးများ၏ ဆိုရိုးစကား ရှိသည်။ အသားမှာ ရှေးအခါက နွားနောက်ဝမ်းတွင်းသား (နွားနောက် အူကို အများဆုံးသုံးသည်။)ကို အခွံချွတ် ပြောင်းဖူးကြမ်းဆန်ဖြင့် ရော၍ပြုတ်သည်။ ရရှိသည့် ပြုတ်ရည်ပျစ်ပျစ်ကို ပန်းကန်လုံးတွင်ထည့်၍ နွားနောက်ခြောက်ဖုတ်နှင့် တွဲ၍ စားသုံးသည်။ အပေါ့အငံကို လိုသလို ဆား၊ ဟင်းခတ်မှုန့်များ ထည့်စားကြသည်။ အစပ်ကြိုက်သူများ ငြုပ်သီးထည့်စားသည်။

ကိုးကား[ပြင်ဆင်ရန်]