ဆင်တုပ်ကွေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဆင်တုပ်ကွေးရောဂါ
2012-01-09 Chikungunya on the right feet at The Philippines.jpeg
ဆင်တုပ်ကွေးရောဂါတွင် တွေ့ရသော အနီစက်များ
Specialtyကူးစက်ရောဂါ&Nbsp;Edit this on Wikidata
လက္ခဏာများဖျားခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
ကာလတစ်ပတ်ခန့်
အကြောင်းရင်းခြင်ကိုက်ခံရခြင်းမှ ကူးစက်သည်

ဆင်တုပ်ကွေးရောဂါ (အင်္ဂလိပ်: Chikungunya; ချီကန်ဂန်ညာ) သည် chikungunya ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ခြင်ကျားအကိုက်ခံရရာမှတစ်ဆင့် ကူးစက်သော ရောဂါတစ်မျိုး ဖြစ်သည်။[၁] အာရှ၊ အာဖရိက၊ ဥရောပနှင့် အမေရိကတိုက်တို့ရှိ နိုင်ငံပေါင်း (၆၀) ကျော်တွင် ဖြစ်ပွားသည်။ အာရှတိုက်၊ အာဖရိကတိုက်နှင့် အိန္ဒိယတိုက်ငယ်တို့တွင် ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။ ခြင်ကျားပေါက်ဖွားမှု များပြားသော နေရာများတွင် ဆင်တုပ်ကွေး ပိုမိုဖြစ်ပွားတတ်သည်။

ရောဂါ လက္ခဏာများ[ပြင်ဆင်ရန်]

ဆင်တုပ်ကွေးရောဂါပိုး ကူးစက်ခံရသူများသည် ခေါင်းကိုက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ မောပန်းအားနည်းခြင်း၊ အရေပြားပေါ်တွင် အနီကွက်များထွက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အဆစ်အမြစ်များရောင်ရမ်းခြင်းတို့ ဖြစ်ပွားလေ့ ရှိသည်။ အထူးသဖြင့် မနက်ခင်းတွင် အဆစ်အသေးများ ယောင်ယမ်းနာကျင်လေ့ရှိသည်။

ရောဂါပိုးကို သယ်ဆောင်လာသည့်ခြင်ကိုက်ပြီး (၂) ရက်မှ (၁၂) ရက်အတွင်း ရောဂါလက္ခဏာ စတင်ပြလေ့ရှိသည်။[၂] အခြားခြင်ကျား အကိုက်ခံရရာမှတစ်ဆင့် ကူးစက်သည့် ရောဂါများဖြစ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ဇီကာရောဂါတို့၏ လက္ခဏာများနှင့် ဆင်တူပြီး မှားယွင်းနိုင်သည်။

ရောဂါဖြစ်ပွားသူအများစုတွင် ရောဂါပြင်းထန်လေ့မရှိဘဲ ရက်သတ္တပတ် (၁) ပတ်ခန့်အတွင်း ရောဂါလက္ခဏာအားလုံး သက်သာပျောက်ကင်းကြသော်လည်း အချို့တွင် အဆစ်အမြစ်များနာကျင် ကိုက်ခဲခြင်းကို လနှင့်ချီ၍ ခံစားရနိုင်ပါသည်။ အသက်အရွယ်ကြီးသူများ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါ အစရှိသည့် နာတာရှည်ရောဂါအခံရှိသူများတွင် ရောဂါပြင်းထန်နိုင်သည်။

ဆေးကုသမှု အစီအစဉ်[ပြင်ဆင်ရန်]

ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် စနစ်တကျ စမ်းသပ်စစ်ဆေး၍ ကုသမှုခံယူရသည်။ ဆင်တုပ်ကွေး၏ ရောဂါလက္ခဏာများ သက်သာစေရန်အတွက်သာ ကုသမှုပေးနိုင်ပြီး သီးသန့်ကုထုံးမရှိသေးပါ။

ကူးစက်ခြင်း[ပြင်ဆင်ရန်]

ဆင်တုပ်ကွေး ရောဂါပိုးသည် အခြေခံအားဖြင့် အေးဒီး(စ်) ခေါ် ခြင်ကျားများ၊ အထူးသဖြင့် အေ အေဂျစ်ပ္ပတီ မှ ကူးစက်တတ်သည်။ ဤခြင်များသည် ပုံမှန်အားဖြင့် မြောက်လတ္တီတွဒ် ၃၅ ဒီဂရီနှင့် တောင်လတ္တီတွဒ် ၃၅ ဒီဂရီ၊ ပင်လယ်ရေမျက်နှာပြင်အောက် ၁၀၀၀ မီတာ (၃၃၀၀ ပေ)တွင် နေသည်။ ၎င်းတို့သည် အများအားဖြင့် နေ့ပိုင်းတွင် ကိုက်တတ်သည်။ အခြားသော ခြင်မျိုးစိတ်များဖြစ်သော အေ အာဘိုပစ်တပ်၊ အေ ပိုလီနီးဆီးယန်စစ် နှင့် အမျိုးမျိုးသော အေ စကူတဲလာရစ် ခြင်များသည်လည်း ဆင်တုပ်ကွေး ရောဂါပိုးကို ကူးစက်ပြန့်ပွားစေသည်။ လူသည် မူလအခြေခံ ရောဂါပိုး လက်ခံသူ ဖြစ်သော်လည်းလူမဟုတ်သော လူဝံ၊ မျောက် အစရှိသည့် အဆင့်မြင့် နို့တိုက်သတ္ထဝါများတွင်လည်း သယ်ဆောင်ပျံ့နှံ့နိုင်သည်။ ကူးစက်မှုခံရမှုသည် ခြင်တစ်ချက် အကိုက်ခံရခြင်းဖြင့် ရရှိနိုင်သည်။ ရောဂါဖြစ်ပွားနေသော သူ၏ သွေးကို ရရှိထာသော ခြင်သည် ၎င်းကိုယ်တိုင် ကူးစက်မှု ခံရလျှက် ၎င်း၏ အူဆဲ(လ်)ထဲတွင် ရောဂါပိုးများ အစီအရီ ရှိနေသည်။ ၈ ရက်မှ ၁၀ ရက်ကြာပြီးနောက် ရောဂါပိုးသည် ၎င်းခြင်၏ တံတွေးဂလင်းများ အပါအဝင် အခြားသော တစ်ရှူးများသို့ ပျံ့နှံ့သွားသည်။ နောက်ပိုင်း၌ တံတွေးတွင်း ရောက်ရှိသွားသည်။ ရောဂါပိုးသည် ခြင်ကို အန္တရာယ် ပေးဟန်မတူဘဲ ခြင်တွင် တစ်သက်တာ ရှိနေသည်။ ခြင်ကျားသည် ၎င်း၏ ဥများကို လူတို့လုပ်ထားသော ရေထည့်ရာ ပစ္စည်းများတွင် ဥလေ့ရှိပြီး လူနှင့် နီးနီးကပ်ကပ်နေကာ အခြားသော ကျောရိုးရှိ သတ္တဝါများထက် လူထံမှ အာဟာရ ရယူရန် ပိုမိုနှစ်သက်သည်။

ကြိုတင်ကာကွယ်ခြင်း[ပြင်ဆင်ရန်]

ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားသူများအနေဖြင့် အခြားသူများထံသို့ ကူးစက်ပြန့်ပွားခြင်း မရှိစေရန်အတွက် မိမိအား ခြင်ကိုက်ခံရမှုမှ ကာကွယ်ရမည် ဖြစ်သည်။ ရောဂါအတွက် ကာကွယ်ဆေးမရှိသေးသော်လည်း နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်နှင့် ခြင်လောက်လန်း နှိမ်နင်းရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဆင်တုပ်ကွေး ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။ ခြင်ကျားပေါက်ဖွားမှုမရှိလျှင် ဆင်တုပ်ကွေး ရောဂါသာမက ဇီကာရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတို့လည်း မဖြစ်ပွားနိုင်ပါ။

ကိုးကား[ပြင်ဆင်ရန်]

  1. http://mohs.gov.mm/su/rtqw6923RT
  2. Davidson's Principles and Practices of Medicine 23rd Edition