ဇီကာအဖျားရောဂါ

ဝီကီပီးဒီးယား မှ
ဇီကာအဖျားရောဂါ
ဇီကာအဖျားရောဂါကြောင့် အနီကွက်များ ထနေစဉ်
အထူးပြုကူးစက်ရောဂါ

ဇီကာအဖျားရောဂါ (အင်္ဂလိပ်: Zika fever) သည် Flavivirus အမျိုးအစားဝင်ဖြစ်သော ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါတစ်ခု ဖြစ်သည်။ ရောဂါလက္ခဏာများသည် အခြား Flavivirus များကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ သို့မဟုတ် ချီကွန်ဂန်ယာအဖျားရောဂါ တို့နှင့် ဆင်တူသည်။[၁] သို့သော် မပြင်းထန်ပဲ လေးရက်မှ ခုနစ်ရက်အထိ ကြာတတ်သည်။ အချို့ (၆၀–၈၀%) တွင် ရောဂါလက္ခဏာမပြတတ်ပေ။[၂] ဖြစ်ပွားသူတို့တွင် တွေ့ရှိရသည့် အဓိကရောဂါလက္ခဏာမှာ တငွေ့ငွေ့ဖျားခြင်း၊ မျက်စိနာခြင်း၊ ယာယီအဆစ်နာခြင်း (အဓိကအားဖြင့် ခြေလက်များရှိ အဆစ်ငယ်များတွင် ဖြစ်သည်) နှင့် မျက်နှာအရေပြားတွင် အနီကွက်ထကာ ယားယံပြီး တစ်ကိုယ်လုံးသို့ ပြန့်သွားတတ်သည်။[၁] ယေဘုယျအားဖြင့် ရောဂါလက္ခဏာများမှာ မပြင်းထန်ပဲ ၂ ရက်မှ ၇ ရက်အထိသာ ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင် ဘရာဇီးနိုင်ငံတွင် ရောဂါကူးစက်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင် ဤရောဂါသည် ကိုယ်ဝန်ဆောင်မိခင်မှ တဆင့် သန္ဓေသားကို ကူးစက်ကာ မွေးရာပါချို့ယွင်းချက်အဖြစ် ဦးနှောက်မဖွံ့ဖြိုးသည့် ဦးခေါင်းသေးငယ်သည့်ရောဂါ microcephaly ဖြစ်စေနိုင်သည်ဟု ယူဆထားကြသည်။[၃]

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် သန္ဓေသားအပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှုရှိခဲ့သော ဖြစ်စဉ်နှစ်ရပ်တွင် ရေမွှာရည်အတွင်း၌ ဇီကာဗိုင်းရပ်စ်ကို တွေ့ရှိရမှုကြောင့် ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇီကာဗိုင်းရပ်စ်နှင့် မွေးကင်းစ ဦးခေါင်းသေးငယ်သည့် ကလေးများအကြား ဆက်စပ်မှုကို သတိထားကြရန် နိုဝင်ဘာ ၂၀၁၅ တွင် ထုတ်ပြန်ခဲ့သည်။[၄][၅][၆] ၅ ဇန်နဝါရီ ၂၀၁၆ တွင် သတင်းထုတ်ပြန်ချက်အရ ထိုသန္ဓေသားနှစ်ဦးကို အာထရာဆောင်းဖြင့် စစ်ဆေးခဲ့ရာတွင် နှစ်ဦးစလုံးမှာ ဦးနှောက်အစိတ်အပိုင်းအချို့ ပျက်စီးမှုကြောင့် ဦးခေါင်းသေးငယ်နေကြောင်းကို တွေ့ရှိခဲ့ရသည်။[၇] ၁၂ ဒီဇင်ဘာ ၂၀၁၅ အထိ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဇီကာဗိုင်းရပ်စ်ကူးစက်ခံရကာ ဦးခေါင်းသေးငယ်သည့် ကလေးများ မွေးဖွားခဲ့မှု ဖြစ်စဉ် အနည်းဆုံး ၂,၄၀၀ ရှိခဲ့ပြီး ၂၉ ဦး သေဆုံးခဲ့ကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။[၈][၉][၁၀][၁၁]

ရောဂါသွင်ပြင်နှင့် လက္ခဏာများ[ပြင်ဆင်ရန်]

ဇီကာအဖျားရောဂါတွင် အများဆုံးတွေ့ရှိရသည့် လက္ခဏာမှာ ဖျားခြင်း၊ အရေပြားတွင် အဖုအပိန့်များထွက်ခြင်း၊ အဆစ်နာခြင်း၊ မျက်စိနာခြင်း (မျက်စိနီခြင်း)၊ ကြွက်သားနှင့် အရိုးများ နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်ကာ သွေးလွန်တုပ်ကွေးနှင့် ချီကွန်ဂန်ယာအဖျားရောဂါ လက္ခဏာများနှင့် ဆင်တူသည်။[၁၂] ခြင်ကိုက်ခံရပြီး ရောဂါပိုးကူးစက်ခံရချိန်မှ ရောဂါလက္ခဏာပြသည့် အချိန်မှာ ရက်အနည်းငယ်မှ ရက်သတ္တပတ်အတွင်း ဖြစ်သည်။[၁၃] ရောဂါသည် တစ်ပတ်ခန့်အထိ ကြာတတ်ကာ မပြင်းထန်သလို ဆေးရုံတက်ကုသရန်လည်း လိုအပ်လေ့မရှိပေ။ ရောဂါကြောင့် သေဆုံးမှုမှာ ရှားပါးဖြစ်စဉ် ဖြစ်သည်။

ရောဂါကူးစက်ခြင်း[ပြင်ဆင်ရန်]

အပူပိုင်းဒေသတွင် အတွေ့ရများသည့် အေးဒီးစ်ခြင်ကိုက်ခံရမှ တဆင့် ရောဂါကူးစက်သည်။[၁၄] တောင်ပစိဖိတ်သမုဒ္ဒရာ ရပ်ကျွန်းတွင် ဖြစ်ပွားခဲ့မှုတွင် ရောဂါပိုးသယ်ဆောင်သည့်ခြင်မှာ Aedes hensilli ဖြစ်ပြီး ၂၀၁၃ ခုနှစ် ပြင်သစ်ပိုလီနီးရှားတွင် ဖြစ်ပွားခဲ့မှုတွင် Aedes polynesiensis ခြင်ကြောင့် ဖြစ်သည်။[၁၅]

လိင်ဆက်ဆံခြင်းမှ တဆင့်ကူးစက်မှု နှစ်ခုနှင့် ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်မှုရှိကြောင်းလည်း အစီရင်ခံထားသည်။[၁၆] အခြား flavivirus များနှင့် မတူသည်မှာ သွေးသွင်းခြင်းမှလည်း ကူးစက်နိုင်ခြေရှိသဖြင့် ရောဂါဖြစ်ပွားလျက်ရှိသော နိုင်ငံများတွင် သွေးလှူရှင်များအား စစ်ဆေးရန် နည်းလမ်းများ ချမှတ်ထားကြသည်။[၁၇]

ကာကွယ်ခြင်း[ပြင်ဆင်ရန်]

လက်ရှိအချိန်တွင် ဇီကာအဖျားရောဂါကို ကာကွယ်နိုင်မည့် ကာကွယ်ဆေး မရှိသေးပဲ အမေရိကန် အမျိုးသားကျန်းမာရေးသိပ္ပံမှ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။[၁၈][၁၉][၂၀] ခြင်မှတဆင့် ကူးစက်ခြင်းကြောင့် ခြင်နှိမ်နင်းခြင်းနှင့် ခြင်ကိုက်မခံရစေရန် နေထိုင်ခြင်းသည် ရောဂါထိန်းချုပ်ရာတွင် အရေးပါနေသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေး ဗဟိုဌာနက အကြံပြုချက်များမှာ[၂၁]

  • လက်ရှည်အင်္ကျီနှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊
  • အင်းဆက်ပိုးနှင်ဆေးများ အသုံးပြုခြင်း၊
  • နေလောင်ခံဆေး အသုံးပြုသူများသည် နေလောင်ခံဆေး ခြောက်မှ အင်းဆက်ပိုးနှင်ဆေးကို လိမ်းကျံရန်၊
  • အင်းဆက်ပိုးနှင်ဆေးကို အသုံးပြုရာတွင် ညွှန်ကြားချက်အတိုင်း လိုက်နာရန်နှင့် ကလေးငယ်များ၏ လက်၊ မျက်လုံးနှင့် ပါးစပ်တို့ဖြင့် မထိမိစေရန် သတိပြုရန်၊
  • ခြင်လုံခန်းအတွင်းတွင် အိပ်စက်ရန်၊
  • ပြင်ပတွင် အိပ်စက်မည်ဆိုပါက ခြင်ထောင် အသုံးပြုရန်

ဆေးကုသမှု[ပြင်ဆင်ရန်]

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုအတွက် တိကျသည့် ကုသမှုနည်းလမ်း မရှိသေးပေ။ နာကျင်ခြင်း၊ ဖျားနာခြင်းနှင့် ယားယံခြင်းတို့ကို ဂရုပြု ကုသရန်သာ ဖြစ်သည်။[၁၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Musso, D.; Nilles, E.J.; Cao-Lormeau, V.-M. (2014).
  2. "Factsheet for health professionals" Archived 23 December 2015 at the Wayback Machine.. ecdc.europa.eu.
  3. Schnirring, Lisa (30 November 2015).
  4. "Zika virus: Health alerts in South America and Caribbean following fears illness may cause birth deformities" http://www.independent.co.uk/news/world/americas/health-alerts-in-south-america-and-caribbean-following-fears-spreading-zika-virus-may-cause-birth-a6740301.html
  5. "Brazil reports 739 suspected microcephaly cases in nine states" http://agenciabrasil.ebc.com.br/en/geral/noticia/2015-11/brazil-reports-739-suspected-microcephaly-cases-nine-states
  6. "Ministério da Saúde divulga boletim epidemiológico".
  7. Oliveira Melo, A. S.; Malinger, G.; Ximenes, R.; Szejnfeld, P. O.; Alves Sampaio, S.; Bispo de Filippis, A. M. (1 January 2016).
  8. (In Portuguese) Governo confirma relação entre zika vírus e epidemia de microcefalia http://www.bbc.com/portuguese/noticias/2015/11/151127_confirma_zika_microcefalia_mdb
  9. Brazil confirms Zika virus link to fetal brain-damage outbreak, http://www.reuters.com/article/brazil-health-zica-idUSL1N13N0NH20151128#x4sFsU0kCzW0J1Uk.97
  10. "MONITORAMENTO DOS CASOS DE MICROCEFALIAS NO BRASIL (Portuguese)" (PDF).
  11. (In Portuguese) País registra 1.248 casos de microcefalia e sete mortes; maioria em PE http://noticias.uol.com.br/saude/ultimas-noticias/redacao/2015/11/30/pais-tem-1248-casos-de-microcefalia-ligacao-com-virus-zika-e-confirmada.htm
  12. Heang, V.; Yasuda, C.Y.; Sovann, L.; Haddow, A.D.; Travassos da Rosa, A.P.; Tesh, R.B.; Kasper, M.R. (February 2012).
  13. "Signs and Symptoms".
  14. Hayes, Edward B. "Zika Virus Outside Africa".
  15. ၁၅.၀ ၁၅.၁ "WPRO | Zika virus". www.wpro.who.int.
  16. Gatherer, Derek; Kohl, Alain (18 December 2015).
  17. Franchini, M.; Velati, C. (November 2015).
  18. Fauci, Anthony S.; Morens, David M. (13 January 2016).
  19. "Factsheet for health professionals" Archived 23 December 2015 at the Wayback Machine.. ecdc.europa.eu.
  20. "U.S. Launches 'Full-court Press' for a Zika Vaccine".
  21. "Zika Virus in Central America—Watch—Level 1, Practice Usual Precautions—Travel Health Notices | Travelers' Health | CDC". wwwnc.cdc.gov.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]