စံဝင်း (ပန်းချီဆရာ)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဝဏ္ဏကျော်ထင်
ဦးစံဝင်း
မွေးဖွား၂၂ မတ်၊ ၁၉၀၄
(မြန်မာသက္ကရာဇ် ၁၂၆၆ ခုနှစ် တပေါင်းလပြည့်ကျော် ၂ ရက် အင်္ဂါနေ့)
ကျိုက္ခမီမြို့မွန်ပြည်နယ်
ကွယ်လွန်1981 (1982) (အသက် ၇၆)
ရန်ကုန်
နိုင်ငံလူမျိုးမြန်မာနိုင်ငံသား မွန်လူမျိုး
ပညာရေးဂိုးလ်စမစ်ကောလိပ်၊ ၁၉၅၃ ကိုလံဘီယာတက္ကသိုလ်
ကျော်ကြားမှုအရင်းခံအင်ပရက်ရှင်း၊ ကျောင်းသင် ပန်းချီအနုပညာပညာရေး
စတိုင်အင်ပရက်ရှင်းစနစ်
နိုင်ငံရေး လှုပ်ရှားမှုအင်ပရက်ရှင်းစနစ် စတင်သူ၊ ကျောင်းသင် ပန်းချီအနုပညာပညာရေး
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်ဘွဲ့ ၁၉၆၀၊ Fulbright/Smith-Mundt Scholarship (1952-53)
Patron(s)မာတင်ဝပ်၊ ဦးဘဉာဏ်

ပန်းချီ ဦးစံဝင်း (၁၉၀၄-၁၉၈၁) သည် မြန်မာပန်းချီလောကတွင် အင်ပရှက်ရှင်နည်းကို စတင်အသုံးပြုသူ၊ အင်ပရှက်ရှင်နည်းဖြင့် ရေးဆွဲသူ အဖြစ် ထင်ရှားသည်။ သူသည် ပန်းချီပညာဝန်ထောက် အစိုးရအရာရှိ အဖြစ်ဖြင့် ကျောင်းသင် ပန်းချီအနုပညာ သင်ကြားရေးအတွက် အားထုတ်ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်လည်း ဖြစ်သည်။[၁][၂][၃]

ငယ်ဘဝ[ပြင်ဆင်ရန်]

ဝဏ္ဏကျော်ထင် ပန်းချီဦးစံဝင်း ကို ၁၉၀၄ ခုနှစ်၊ မတ်လ ၂၂ ရက်၊ မြန်မာသက္ကရာဇ် ၁၂၆၆ ခုနှစ် တပေါင်းလပြည့်ကျော် ၂ ရက် အင်္ဂါနေ့တွင် အဖ ဦးမောင်မောင်၊ အမိ ဒေါ်သွန်းမေတို့မှ မွန်ပြည်နယ်ကျိုက္ခမီမြို့တွင် မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်ကပင် မိဘနှစ်ပါးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြသဖြင့် အဘိုးအဘွားလက်ပေါ်တွင်သာ ကြီးပြင်းလာခဲ့ရသည်။

အဘိုးအဘွားအိမ်နှင့် မျက်နှာချင်းဆိုင်အိမ်တွင် ပန်းချီဆရာမိသားစု နေထိုင်ရာ မောင်စံဝင်းသည် ထိုပန်းချီဆရာ၏ သားသမီးများနှင့် ဆော့ကစားရင်း ပန်းချီကို စိတ်ဝင်စားလာခဲ့သည်။ မောင်စံဝင်း၏ ပန်းချီဝါသနာနှင့် ဗီဇကို သိသော ပန်းချီဆရာကလည်း မောင်စံဝင်းကို မြေတောင်မြှောက် သင်ကြားပေးသည်။

၁၉၁၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ပါမောက္ခအဖြစ် လာရောက်တာဝန်ထမ်းဆောင်သော ကိန်းဘရစ်ချ်တက္ကသိုလ်မှ မစ္စတာ မာတင်ဝပ် သည် ကျောင်းပိတ်ရက်တွင် ကျိုက္ခမီကမ်းခြေသို့ ပန်းချီဆွဲရန် ရောက်ရှိလာလေရာ မောင်စံဝင်း၏ အဘိုးအဘွားများ ဆောက်လုပ်လှူဒါန်းထားသော ဇရပ်တွင် တည်းခိုခဲ့ရာမှ မောင်စံဝင်းကလေးကို ခင်မင်ရင်းနှီးလာပြီး မောင်စံဝင်းလေး၏ ပန်းချီဗီဇကို မြေတောင်မြှောက်ပေးလိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။ မောင်စံဝင်းအား သားအဖြစ် မွေးစားလိုကြောင်း ပြောလာသည့်အခါ အဘိုးအဘွားတို့မှာ ကလေး၏ ရှေ့ရေးကို မြော်တွေး၍ မောင်စံဝင်းကို ပါမောက္ခဝပ်ထံ အပ်နှံရန် ဆုံးဖြတ်လိုက်ကြသည်။

ပန်းချီပညာများကို လေ့လာဆည်းပူးခြင်း[ပြင်ဆင်ရန်]

မောင်စံဝင်း အသက် ၁၃ နှစ်အရွယ်တွင် ပါမောက္ခဝပ်က အပြီးအပိုင် မွေးစားခွင့်ရပြီး ရန်ကုန်မြို့သို့ ခေါ်ယူလာခဲ့သည်။ ဒလမြို့စား  မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေးမှ ဆင်းသက်လာသူ မင်းကြီးကတော် ဒေါ်မြမေ၏ ရွှေတိဂုံဘုရားလမ်းရှိအိမ်တွင် မောင်စံဝင်းကလေးသည် ပါမောက္ခဝပ်နှင့်အတူ နေထိုင်ရသည်။ မောင်စံဝင်းအဖို့ ကံကောင်းသည်မှာ ထိုအချိန်က မင်းကြီးကတော် ဒေါ်မြမေအိမ်တွင် ပန်းချီ ဦးဘဇော်၊ ဦးသာထွန်း စသည့် တက်သစ်စ လူငယ်များကို ပျိုးထောင်ပေးနေချိန်ဖြစ်သည်။ မင်းကြီးကတော် ဒေါ်မြမေ ဖွင့်လှစ်ထားသော ဗုဒ္ဓဘာသာ ယောက်ျားလေးကျောင်းတွင် စတုတ္ထတန်းမှစ၍ အလယ်တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ထိုမှ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အစိုးရဟိုက်စကူးကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။ ကျောင်း၏ ပန်းချီပုံဆွဲနည်းပြဆရာမှာ ပန်းချီဆရာကြီး ဦးဘဉာဏ်ဖြစ်သည်။ ပါမောက္ခဝပ်ကလည်း မောင်စံဝင်းကို ပန်းချီပညာသင်ကြားပေးလျက်ရှိပြီး သူ အောက်ဒိုးပန်းချီရေးဆွဲသည့်နေရာတိုင်း မောင်စံဝင်းလေးကို အတူခေါ်သွားသည်။


၁၉၁၈ ခုနှစ်တွင် မြန်မာ့ပန်းချီလောက တိုးတက်ပြောင်းလဲမှုတစ်ရပ်အဖြစ် ပါမောက္ခဝပ်၊ မစ္စတာမာတင်ဂျုန်း၊ မစ္စတာကင်(ချ်)တို့က Burma Art Club ခေါ် မြန်မာပြည်ပန်းချီအသင်းကြီး ကို ဦးဆောင် ဖွဲ့စည်းခဲ့သည်။ ကလပ်မှ ဖွင့်သော ပန်းချီသင်တန်း၊ ပန်းချီဟောပြောပွဲများတွင်း မောင်စံဝင်းကလေး တက်ရောက်ခွင့် ရရှိခဲ့သည်။[၂][၄][၅] နှစ်စဉ် ဂျူဗလီဟော၌ ကျင်းပလေ့ရှိသော ပန်းချီပြိုင်ပွဲတွင် ပန်းချီဆရာများနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၉၂၅ ခုနှစ်တွင်ပြသော ပန်းချီပြိုင်ပွဲ၌ တတိယဆု ရရှိခဲ့သည်။ မောင်စံဝင်း ဆယ်တန်းအောင်သည့်အချိန် ၁၉၂၇ ခုနှစ်တွင် ပါမောက္ခဝပ် အင်္ဂလန်တွင် ကွယ်လွန်ခဲ့သည်။


ကောလိပ်ကျောင်း ဥပစာတန်း (ခ)စာမေးပွဲကို (၃) နှစ်ဆက်တိုက် ကျရှုံးခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ကျောင်းအုပ်ကြီး မစ္စတာစလော့က မောင်စံဝင်းစား တင်းနစ်သင်တန်းမှူးအဖြစ် ခန့်ထားခဲ့သည်။ တင်းနစ်အားကစားကို အပတ်တကုတ် ကြိုးစားသလို ပန်းချီကိုလည်း မပြတ်ရေးဆွဲခဲ့သည်။ ပညာကို အေးဆေးစွာ သင်ယူနိုင်စေရန်အတွက် ပါမောက္ခဝပ်က သူ၏ သေတမ်းစာတွင် တနင်္သာရီတိုင်းတွင်ရှိသော သတ္တုမိုင်းရှယ်ယာတွင် အမွေဆက်ခံသူအဖြစ် ဦးစံဝင်းကို ထည့်သွင်းခဲ့သည်။ ပါမောက္ခဝပ်၏ မိခင်ဖြစ်သူမှလည်း မောင်စံဝင်းပညာသင်စရိတ်အတွက် တစ်နှစ်စာကို နှစ်စဉ်ပို့ပေးခဲ့ရာ လေးနှစ်တိုင်သောအခါ ငွေပို့ခြင်းကို ရပ်ဆိုင်းပါရန် အကြောင်းကြားမှ ရပ်ခဲ့သည်။

ပန်းချီနည်းပြနှင့် ပန်းချီဝန်‌ထောက် အဖြစ် တာဝန်ထမ်းဆောင်ခြင်း[ပြင်ဆင်ရန်]

၁၉၃၂ ခုနှစ်တွင် ကျောင်းအုပ်ကြီး အေ စီ ဘော်ဒွင်က အလယ်တန်းပြဆရာအဖြစ် အမှုထမ်းစေခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဆရာဦးဘဇော် ကျန်းမာရေးမကောင်း၍  ဆရာဖြစ်သင်ကောလိပ်တွင် ပန်းချီကထိက ပြောင်းလုပ်ခဲ့သည်။ ပန်းချီကထိကအဖြစ် တစ်နှစ်ခွဲခန့် အမှုထမ်းပြီး ပန်းချီပညာအုပ် တီ အေ စံကရာ ပင်စင်ယူသောကြောင့် ပန်းချီပညာအုပ်အဖြစ် အမှုထမ်းခဲ့သည်။

၁၉၃၉ ခုနှစ် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သော ပန်းချီနှင့် တူရိယာကျောင်းတွင် ဦးမောင်ကြီး၊ ဆရာမြ၊ ဦးဘကြည်တို့နှင့်အတူ ပန်းချီနည်းပြခဲ့သည်။ ဒုတိယကမ္ဘာစစ်၏ အရိပ်အငွေ့များကြောင့် မကြာမီ ကျောင်းပိတ်လိုက်ရသည်။ ပညာမင်းကြီးရုံးတွင် ရုံးအုပ်အဖြစ် အမှုထမ်းရသည်။ ဂျပန်ခေတ်တွင် ဦးဘဉာဏ်က ကျောင်းအုပ်၊ ဦးဘကြည်နှင့် ဦးစံဝင်းက ကထိကအဖြစ် အတူလက်တွဲ၍ လုပ်ခဲ့ကြသည်။ ဂျပန်များထွက်သွားပြီး စစ်အုပ်ချုပ်ရေးလက်ထက် ဗဟန်းအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်။[၂][၃] ပညာမင်းကြီး ဦးချိုလက်ထက်တွင် အင်္ဂလန်သို့ ပညာတော်သင် စေလွှတ်ခြင်းခံရသည်။ လန်ဒန် ဂိုစမစ်ကောလိပ်တွင် ၃ နှစ်ကျော် ပညာသင်ယူခဲ့ပြီး ပန်းချီဝန်ထောက်ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ဖို့ဖောင်ဒေးရှင်း ပညာမင်းကြီး ဦးချိုနှင့် ဦးကောင်းတို့၏ တိုက်တွန်းမှုဖြင့် အမေရိကန် ကိုလံဘီယာတက္ကသိုလ်တွင် တစ်နှစ်ကြာ ပညာတော်သင် သွားရောက်ခဲ့သည်။[၂] ၁၉၆၀ ခုနှစ်တွင် ယူနက်(စ်)ကိုအထောက်အပံ့ဖြင့် ကမ္ဘာတစ်ပတ် (၆)လနှင့် လှည့်လည်ရန် စရိတ်အလုံအလောက်ချီးမြှင့်ခံရသည်။ နိုင်ငံစုံလှည့်လည်ရင်း ထိုနိုင်ငံများရှိ ကျောင်းများမှ သင်ကြားနည်းများကို လေ့လာခဲ့သည်။[၃] ၁၉၆၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

ပန်းချီလောကအတွက် ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]

ဗိုလ်လက်ျာဦးငွေကိုင်၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဘကြည်၊ ဦးအုံးလွင်၊ ဦးလှရှိန်၊ ဂျီလှမောင်တို့နှင့် လက်တွဲ၍ ၁၉၄၆ ခုနှစ်တွင် ပန်းချီကောင်စီကို တည်ထောင်ခဲ့သည်။[၆] ပန်းချီကောင်စီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရင်း ၁၉၆၁ ခုနှစ် စာပေဗိမာန်တွင် ပန်းချီပြပွဲကို ပြုလုပ်ခဲ့သည်။ ကလေးပန်းချီကို စတင်နိုင်ခဲ့သူဖြစ်ပြီး ပန်းချီဉာဏ်သစ်လောင်းသင်တန်းများ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။ ဆရာကြီး၏ ထိုကြိုးပမ်းဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှ ဝဏ္ဏကျော်ထင်ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

သဘာဝကို ဦးတည်ပြီး အသက်ထက်ဆုံး ပန်းချီရေးဆွဲခဲ့သော ဆရာကြီးဦးစံဝင်းသည် ခြေလေးချောင်းသားကို မစား၊ အသောက်အစား လောင်းကစားမလုပ် အသက်အတော်ကြီးသည်အထိ တင်းနစ်ရိုက်သည်။ ပင်စင်ယူပြီး အိမ်ဝယ်ရန် စုဆောင်းထားသော ငွေကို တင်းနစ်ရိုက်ဖက် မိတ်ဆွေက ချေးငှားပြီး ပြန်မပေးခဲ့သဖြင့် ဘဝနောက်ဆုံးချိန်တွင် ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်ခွင့် မရခဲ့ရှာပေ။ မင်္ဂလာတောင်ညွန် ၁၀၈ လမ်းတွင် အိမ်ငှား၍ နေရသည်။ အိမ်ကျဉ်းလွန်းသဖြင့် တူမဖြစ်သူ ဒေါ်ညွန့်စိန်မှ လမ်း ၃၀ တိုက်ခန်းတွင် ဆရာကြီးမိသားစု နေထိုင်ရန် စီစဉ်ပေးခဲ့သည်။ ဆရာကြီး ဦးစံဝင်းသည် ၁၉၈၁ ခုနှစ် အသက် ၇၆ နှစ်အရွယ်တွင် လမ်း ၃၀ တိုက်ခန်း၌ ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The Atlantic monthly, Volume 201။ Atlantic Monthly Co.။ 1958။ p. 141။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Andrew Ranard (၂၀၀၉)။ Burmese Painting: A Linear and Lateral History။ Silkworm Books။ pp. 153–158။ ISBN 978-974-9511-76-3
  3. ၃.၀ ၃.၁ ၃.၂ ဉာဏ်ရှိန် (၁၉၉၈)။ "ဦးစံဝင်း (၁၉၀၅-၁၉၈၁)"။ On Burmese Painters, Sculptors, and Architects, Vol. 2 (Burmeseဘာသာစကားဖြင့်)။ စာပေဗိမာန်။ pp. ၃၁–၃၉။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  4. Khin Mya Zin။ Generations of Myanmar Women ArtistsArtstream Myanmar။ 23 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-11-15 တွင် ပြန်စစ်ပြီး။
  5. မင်းနိုင် (၁၉၇၄)။ ဦးဘဉာဏ် - သူ့ဘဝနှင့် သူ့လက်ရာများ (မြန်မာဘာသာစကားဖြင့်)။ စာပေဗိမာန်။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  6. Tun Sein။ Mahanadi Art Gallery။ 2011-07-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-11-15 တွင် ပြန်စစ်ပြီး။
  • ကမ္ဘာ့ပန်းချီသိ မြန်မာ့ပန်းချီသိ - ဂျီလှမောင်
  • ဝဏ္ဏကျော်ထင် ပန်းချီဦးစံဝင်း ဘဝနှင့် သူ့လက်ရာ - ပန်းချီလှတင်ထွန်း