တင်၊ ဦး (ပုဂံဝန်ထောက်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြညစွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' က "ပုဂံ ဝန်ထောက် ဦးတင် (၁၂၂၃ - ၁၂၉၅)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

မြန်မာမင်းပေး၊ 'နော်ရထာကျော်ထင်'ဘွဲ့၊ အင်္ဂလိပ်မင်းပေး၊ 'ကြက်သရေဆောင် ရွှေစလွယ်ရမင်း' 'အမှုထမ်းကောင်း တံဆိပ်ရမင်း' နှင့် 'မဟာဝိဇ္ဇာ'ဘွဲ့များ၊ ဒေလီနန်းခွင်၊ ရှေ့တော်ပြင်သို့၊ ဝင်ရောက်ရချက်၊ ဂုဏ်ထူး တွက်ကြောင့်၊ ငွေဘယက် တတန်၊ ဘန်ဘန်ထပ်ထပ်၊ ငါးရပ်ငါးဆင့်၊ ချီးမြှင့်ခြင်း ခံရသော၊ မြန်မာပညာရှိ၊ အငြိမ်းစား ပုဂံဝန်ထောက်မင်း ဦးတင်၏ပုံ။

ပုဂံ ဝန်ထောက် ဦးတင် (၁၂၂၃ - ၁၂၉၅)[ပြင်ဆင်ရန်]

မြန်မာမင်းပေး 'နော်ရထာ ကျော်ထင်ဘွဲ့'၊ အင်္ဂလိပ်မင်းပေး 'ကျက်သရေဆောင် ရွှေစလွယ်ရမင်း'၊ 'အမှုထမ်းကောင်း တံဆိပ်ရမင်း' နှင့် 'မဟာဝိဇ္ဇာ' ဘွဲ့များ။ "ဒေလီ နန်းခွင်၊ ရှေ့တော်ပြင်သို့၊ ဝင်ရောက်ရချက်၊ ဂုဏ်ထူးထွက်ကြောင့်၊ ငွေဘယက် တတန်၊ ဖန်ဖန် ထပ်ထပ်၊ ငါးရပ်ငါးဆင့်၊ ချီးမြှင့်ခြင်း" ခံရသော အငြိမ်းစား ဝန်ထောက်မင်း ပုဂံ ဦးတင်သည် သက္ကရာဇ် ၁၂၂၃ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၄ ရက် စနေနေ့တွင် မန္တလေးမြို့ ရွှေနန်းတော် အနောက်ဘက် ရန်နှည်တံခါး လမ်းမတော်ကြီးရှိ စကြာအိမ်တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်မောင်တင် ဖြစ်၏။


အဖကား အသုံး စာရေး ဝမ်းတွင်း ငါးမြို့ဝန် စာဆိုတော်၊ 'မဟာမင်းလှ သင်္ခယာ' ဘွဲ့ခံ ဦးမောင်၊ အမိကား အသုံး စာရေး စာဆိုတော် တောင်အင်းတိုက်စား၊ 'မဟာ မင်းခေါင်ရာဇာ' ဦးဖဲ၏ သမီး ဒေါ်စောတို့ ဖြစ်သည်။


ဖွားမြင်ပြီးနောက် အသက် ၃ နှစ်ကျော် ၄ နှစ် ဝင်လျှင် အိမ်၌ပင် စာပေများကို စတင်သင်ကြားသည်။ အသက် ၉ နှစ် အရွယ်သို့ ရောက်သော် အမရပူရမြို့ ဘုံကျော်တိုက်တွင် ဘုံကျော် ဆရာတော် ဘုရားကြီးနှင့် ဆရာတော် ကလေးတို့ လက်အောက်တွင် ကျောင်းသား အဖြစ်ဖြင့် ပညာရင်နို့ သောက်စို့သည်။ ၁၁ နှစ် အရွယ်သို့ ရောက်သော အခါ ရှင်သာမဏေ ပြု၍ ဘုံကျော် ဆရာတော် ဘုရားထံ ဆည်းကပ်ကာ စာပေ ပရိယတ္တိများကို ဆက်လက် သင်ကြား ပြန်လေသည်။ ရှင်မည်မှာ 'နိမလ' ဖြစ်၏။


သက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် ဘုံကျော် ဆရာတော် ဘုရားကြီး ပျံလွန်တော်မူသဖြင့် မန္တလေးမြို့ ဘုံကျော် တိုက်သစ်သို့ ဘုံကျော်ကျောင်း ဆရာတော် ကလေးနှင့် အတူ ပြောင်းရွှေ့ကာ စာပေ့ အရသာများကို ထပ်မံ ခံစားရ ပြန်သည်။


ဦးတင် ၁၃ နှစ်ခန့် အရွယ်၊ သက္ကရာဇ် ၁၂၃၆ ခုနှစ်တွင် ကင်းဝန်မင်းကြီး ရေးသားသော အဋသံခေပ ဓမ္မသတ် လင်္ကာ ၇၂ ပုဒ်ကို နှုတ်တက် အာဂုံ ဆောင်နိုင်ရုံ မျှမက အထွက် အတက်နှင့် အနက် အဓိပ္ပာယ် ကိုပါ ကျန သေချာစွာ ဆရာတော် ဘုရားကြီး သင်ကြား ထားသည့် နည်းအတိုင်း ကင်းဝန်မင်းကြီး ရှေ့၌ ပြန်ဆို ဖြေကြား နိုင်သဖြင့် ကင်းဝန်မင်းကြီး၏ ချီးကျူး ဩဘာ ထောမနာ ပြုခြင်း ခံရသည်မှ အစ ထင်ရှားလာခဲ့သည်။


ရှင်သာမဏေ အဖြစ်နှင့်နေစဉ် အခါတပါးသော် ဘုံကျော် တိုက်သစ်၏ ကျောင်းဒကာ အခွန်ဝန်မင်း ဦးစံဘက ဘုရားရှေ့တော်တွင် ဆွဲထားရန် ခေါင်းလောင်း တစ်လုံး သွန်းလုပ် လှူဒါန်းရာ ကဗျာ ဝါသနာ ပါသူတို့ ခေါင်းလောင်း မော်ကွန်း ရေးသား ပြသကြရမည်ဟု ကျေးဇူးရှင် ဆရာတော် ဘုရားကြီးက အမိန့်တော် ရှိသည် အရ တပည့်များ အသီးသီး ရေးသား တင်ပြ ကြကုန်သည်။ ထိုအထဲတွင် အသက် ၁၃ နှစ် အရွယ်မျှသာ ရှိသေးသော သာမဏေ ဝန်ထောက်မင်း ဦးတင်လည်း ပါခဲ့၏။ ဦးတင် ရေးသားသော စာကို ဖတ်ပြီးသော အခါ၌မူ ဆရာတော်ဘုရားက "ရှင်ကလေး၏ စာသည် စာဆန်း ဖြစ်သည်။ ကမစ္စုတ - ဒေါသသင့်သည်။ သတ်ပုံများနှင့် လင်္ကာများကို အားထုတ်ဦး" ဟု ပရိသတ် အလယ်တွင် ဆုံးမသည်ကို ရှက်ကြောက် ရိုသေစွာ နာခံ၍ သတ်ပုံ သတ်ညွှန်းဘက်တွင် အထူးကြိုးစား အားထုတ် လေတော့သည်။


အသက် ၁၅ နှစ်တွင် ရှင်လူထွက်၍ ရွှေနန်းတော်တွင်း ရွှေတိုက်ဘက်တွင် ဝင်ရောက်၍ ရွှေတိုက်ဝန် တောင်ခွင် မြို့စားမင်း လက်အောက်၌ မြန်မာမင်း ၂ ဆက် အသက် ၂၃ နှစ်အထိ စာရေးတော် အရာနှင့် ထမ်းရွက်လေသည်။ ဤသို့ ထမ်းရွက် နေစဉ် သက္ကရာဇ် ၁၂၄၂ ခုနှစ် သီပေါမင်း တရား လက်ထက် ဇေတဝန်ဆောင်တော်အတွင်း ကျင်းပသော စာရေးတော်များ ဖြေဆိုရမည့် စာမေးပွဲတွင် ဝင်နွှဲသမျှ အရပ်ရပ်၌ သတ်ပုံ သတ်ညွှန်းဘက်က ပထမ ရသည့်အတွက် အသက် ၁၉-နှစ်အရွယ်တွင် 'နော်ရထာ ကျော်ထင်' ဘွဲ့ ရွှေသား ရွှေပြားကို သနားတော်မြတ် ခံရ၏။


သက္ကရာဇ် ၁၂၄၇ ခုနှစ် အတွင်း မြန်မာ နိုင်ငံတော်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ချိန် အသက် ၂၃ နှစ်မှ စ၍ ၂၆ နှစ်တိုင် အောင် အင်္ဂလိပ် အစိုးရလက်အောက်၌ မန္တလေး လွှတ်တော်တွင် မြန်မာ အရာရှိကြီး များနှင့် အတူ ထမ်းရွက် ရပြန်သည်။ အသက် ၂၇ နှစ်မှ ၃၃ နှစ် တိုင်အောင်လည်း မြန်မာနိုင်ငံ အတွင်းဝန်ရုံး စာပြန်တော် ဌာနနှင့် ကျောက်စာဌာနများတွင် ထမ်းရွက်ရပြန်သည်။


သို့နှင့် ဦးတင်သည် အသက် ၃၃ နှစ်ခွဲမှ စ၍ ပုဂံမြို့တွင် မြို့အုပ် ရာထူးဖြင့် ချီးမြှင့်ခြင်း ခံရရာ အသက် ၃၆ နှစ်တွင် အင်္ဂလိပ် အစိုးရက 'အမှုထမ်းကောင်း ရွှေတံဆိပ်ရမင်း' (A.T.M) ဘွဲ့တံဆိပ်ဖြင့် ခတ်နှိပ် ပေးအပ်ခြင်း ခံရ၏။ အသက် ၄၄ နှစ်တွင် ခေတ္တ နယ်ပိုင် ဝန်ထောက် အလုပ်တွင် ခန့်ထားခြင်း ခံရပြန်ပြီး အသက် ၄၆ နှစ်မှ အစ ပြု၍ အမြဲတမ်း နယ်ပိုင် ဝန်ထောက် အလုပ်ကို လုပ်ဆောင် သွားရသည်။

အသက် ၄၉ နှစ်တွင် ဒေလီမြို့သို့ သွားရောက်၍ ပဉ္စမမြောက် ဂျော့ဘုရင်၏ ရှေ့တော်သို့ ဝင်ရသေး၏။ အသက် ၅၂ နှစ်တွင် 'ကျက်သရေဆောင် ရွှေစလွယ်ရမင်း' (K.S.M) ဘွဲ့ဖြင့် ထပ်မံ ချီးကျူးခြင်း ခံရပြန်လေသည်။


ဦးတင်သည် အသက် ၆ဝ အဝင်တွင် အငြိမ်းစား ရိက္ခာတော်ကို ရပေ၏။ သို့ရာတွင် အထက်အစိုးရက ပေးထားပြီး အမိန့်ကို ပယ်ဖျက်ပြန်ကာ အတွင်းဝန်ရုံးတွင် မြန်မာ လွှတ်တော် အမှတ်အသားများကို အထူးအလုပ် ဝတ္တရားနှင့် ၃ နှစ်ကျော်ကျော် ထမ်းဆောင်ရပြန်သည်။ သို့နှင့် အသက် ၆၃ နှစ်တွင်မှ အငြိမ်းစား ရိက္ခာတော်ကို ရပေ၏။


အသက် ၆၅ နှစ်သို့ ရောက်ပြန်သော် အထုံ ဝါသနာ ပါရင်းစွဲ အတိုင်း ရန်ကုန် တက္ကသိုလ် ကျောင်းတွင် မြန်မာ ဆရာကြီး အဖြစ်ဖြင့် တစ်နှစ်တိတိ မြန်မာစာပေ ဗဟုသုတများကို ပို့ချ သင်ကြားပေးပေ၏။ အသက်အရွယ် ကြီးရင့် လာပြီ ဖြစ်သဖြင့် ကျန်းမာရေး ချွတ်ယွင်းမှု ကြောင့်သာ တက္ကသိုလ်မှ ခွာခဲ့ရတော့သည်။ ထိုကျေးဇူးများကို ထောက်ထားသဖြင့်လည်း တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့မှ ဦးတင် အသက် ၇၁ နှစ် အရွယ်၊ သက္ကရာဇ် ၁၂၉၄ ခုနှစ် ဝါဆို လဆုတ် ၁၂ ရက်နေ့တွင် 'မဟာဝိဇ္ဇာ' (M.A) ဘွဲ့ဖြင့် ချီးမြှင့်ကြပေသည်။


သက္ကရာဇ် ၁၂၉၅ ခုနှစ် ဝါခေါင် လပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့ ညနေ ၅ နာရီ အချိန် သက်ရွယ် ၇၃ နှစ်တွင် မိမိ နေထိုင်ရာ ရန်ကုန်မြို့ အရှေ့ပိုင်း ကရိလမ်း (ဗိုလ်မြတ်ထွန်းလမ်း) နေအိမ်၌ လူကြီး ရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်ပါ သတည်း။


ပုဂံ ဝန်ထောက်မင်း ဦးတင် ပြုစုခဲ့သော စာများကား။ ။ ကဗျာ ဗန္ဓသာရကျမ်း၊ ကတညုတ ကတဝေဒီ စာတမ်း၊ ကျောက်စာဝန် တော်စိန်ခို အတ္ထုပ္ပတ္တိ၊ ကလျာဏီ ကျောက်စာ အတ္ထုပ္ပတ္တိ၊ ခွဲထားကျော်၊ ဂူနှင့် ပုထိုး ခွဲခြားပုံ အတ္ထုပ္ပတ္တိ၊ ငါးရာ့ငါးဆယ်ဇာတ် အတိုကောက်၊ စတုရာရက္ခ စံပြကျမ်း၊ စာစစ်ဆေးနည်း၊ တောပု ရှင်ဥက္ကံသမာလာ မေတ္တာစာ အဖွင့်၊ ဓမ္မဝါဒီ စာတမ်း၊ နန်းသုံး နိဗ္ဗာန် ကမ္မဋ္ဌာန်း၊ ဒေလီသွား ကဗျာ၊ နတ်စာတမ်း၊ ပသင်္ဂဝိသောဓနီ၊ ပေါတကောဝါဒ (ပထမ)၊ ပေတကောဝါဒ (ဒုတိယ)၊ ပုဂံ အတ္ထုပ္ပတ္တိ အကျယ်၊ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ ဆက်ဆံပုံ၊ မြန်မာမင်း အုပ်ချုပ်ပုံနှင့် ဘိုးတော်ဘုရား၏ ရာဇသတ် ခေါ်သော အမိန့်တော် ပြန်တမ်းကြီး၊ မြန်မာနိုင်ငံ အောက်ပိုင်းရှိ ဘုရားများအကြောင်း၊ ပုဂံနယ် အတွင်းရှိ ဘုရားများ အကြောင်း၊ ဘုရားမြေ ပိဋကတ်မြေ သံဃာမြေ ဝတ္ထုကံမြေ စာတမ်းများ၊ ပန်းတမော့ စာတမ်း၊ မြန်မာနိုင်ငံရှိ အဆောက်အဦ ၄၄ ခု အကြောင်းနှင့် မြင်းခြံနယ် မြို့ရွာများ အတ္ထုပ္ပတ္တိ၊ ဘုန်းတော် မော်ကွန်း၊ မြန်မာစာ အသက်ဆက် စာတမ်း၊ မြန်မာမင်း - အင်္ဂလိပ်မင်းတို့ အုပ်စိုးပုံ နှိုင်းယှဉ်ချက် စာတမ်း၊ ရွှေဘို ဒိုင်းတော်ကြီး - ဒိုင်းတော်ကလေး စာတမ်း၊ သင်္ဃာဂိုဏ်းကွဲပုံ၊ လွှတ်တော် အမှတ်အသား အဖြေ၊ သေလက္ခရ စာတမ်း၊ ဝိဝါဒ မင်္ဂလာ စာတမ်း၊ သန့်စင်ပန်း မေတ္တာစာ၊ ဝေါဟာရ ပြင်မှု ဂရုပြုရန် စာတမ်း၊ လွှတ်မော် အတ္ထုပ္ပတ္တိနှင့် ဒိုင်းတော်ကြီး - ဒိုင်းတော်ကလေး မဟာဆွေတော် စာရင်း၊ ရွှေတိဂုံ ဝတ္ထုကံမြေ အကြောင်း၊ သမဝါဒီ သစ္စဝါဒီ စာတမ်း၊ ဘိုးဘပိုင် စာတမ်း၊ သံချက်နည်း အတ္ထုပ္ပတ္တိ၊ ယွန်းထည်လုပ်နည်း အတ္ထုပ္ပတ္တိ၊ ဝိဇ္ဇာ အမျိုးမျိုး အကြောင်း လင်္ကာ၊ အဇ္စကောဝါဒ၊ အရာတော်မြေ စာတမ်း၊ အာဏာပါဏ မော်ကွန်း၊ အသင်္ခတနိဗ္ဗာန် တရားမှန် မော်ကွန်းတို့ ဖြစ်ပေသည်။

ကျမ်းကိုး ။ ။[ပြင်ဆင်ရန်]

  1. သက္ဗရာဇ် ၁၂၉၅ ခုနှစ် သီတင်းကွ္ဆတ် လဆန်း ၁၃ ရက်နေ့ထုတ် 'ကြီးပွားရေး မဂ္ဂဇင်း' လာ ပုဂံဝန်ထောက် ဦးတင် အတ္ထုပ္ပတ္တိ ဆောင်းပါး။
  2. မြန်မာစာ အသက်ဆက် စာတမ်း၊ နိဒါန်း။
  3. ကဗျာဗန္ဓသာရကျမ်း၊ မျက်နှာ ၆၅၃၊ ၆၅၄၊ ၆၅၅။
  4. အရူးလွယ်အိတ် စာတမ်း၊ ဒုတိယတွဲ၊ မျက်နှာ ၉။ ။]