စစ်စလီငှက်
စစ်စလီငှက် (Whistling ducks) | |
---|---|
နှုတ်သီမည်း စစ်စလီ | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Anseriformes |
မျိုးရင်း: | Anatidae |
မျိုးရင်းသေး: | Dendrocygninae Reichenbach, 1850 |
မျိုးစု: | Dendrocygna Swainson, 1837 |
အမျိုးအစား မျိုးစိတ် | |
Anas arcuata Horsfield, 1824
| |
မျိုးစိတ် | |
|
စစ်စလီသည် မြန်မာနိုင်ငံတွင်တွေ့ရသော ဝမ်းဘဲအမျိုးမျိုးအနက် တစ်မျိုးဖြစ်၏။ သတ္တဗေဒ(ပါဏဗေဒ) အမည်မှာ 'ဒင်ဒရိုစိုင်နာ ဂျာဗန်နိကား' ဖြစ်သည်။ စစ်စလီကို အရှေ့တိုင်းဒေသများတွင် အများအပြားတွေ့ရသည်။ ယခင်က မြန်မာနိုင်ငံတွင် အများအပြားတွေ့ရသော်လည်း ဖမ်းယူသတ်ဖြတ်ကြသောကြောင့် ယခုအခါ နည်းပါးလျက်ရှိ၏။ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ဖမ်းဆီးသတ်ဖြတ်သူများပြားသော်လည်း အလွန်ပေါများစွာကျန်ရှိနေသေးသည်။ မိုးရာသီတွင် စစ်စလီကို ပို၍တွေ့ရသည်။ စစ်စလီ၏ အလျားမှာ ၁၇ လက်မရှိသည်။ အတောင်သည်ဝိုင်း၍ တစ်ကိုယ်လုံးမှာ အညိုရောင်လွှမ်းနေသည်။ ပျံသန်းရာတွင် မမြန်လှသော်လည်း တောင်ပံကိုအားစိုက်၍ ရိုက်ခတ်တတ်သည်။
စစ်စလီသည် အနီးအနား၌ သစ်ပင်ထူထပ်သော ရေအိုင်များတွင် ကျက်စားသည်။ ဖိုမတွဲ၍ဖြစ်စေ၊ အအုပ်အသင်းနှင့်ဖြစ်စေ နေတတ်သည်။ ရေကူးရာတွင် လျင်မြန်၍ ရေငုပ်ကျင်လည်သည်။ ခရု၊ ပက်ကျိများနှင့် အသီးအရွက်များကို စားတတ်သည်။ ရေတိမ်၌ အစာရှာဖွေစဉ် ဦးခေါင်းနှင့် လည်တိုင်ကို ဆန့်ထားတတ်သည်။ ကုန်းပေါ်၌မူ တည့်တည့်မတ်မတ်နေတတ်သည်။ ပျံသန်းနေစဉ် လေချွန်တတ်သည်။
စစ်စလီသည် ဇွန်လမှ စက်တင်ဘာလအတွင်း သားပေါက်သည်။ အများအားဖြင့် အသိုက်ကို မြေပြင်မှပေ ၂ဝ ခန့်မြင့်သော နေရာတွင်ပြုလုပ်သည်။ တစ်ခါတစ်ရံ မြေပေါ်တွင် အသိုက်လုပ်သည်။ ကျီးသိုက်ဟောင်းများ၊ သစ်ပင်ခေါင်းများ၌လည်း အသိုက်လုပ်လေ့ရှိတတ်သည်။ တစ်မြုံလျှင် ၈ ဥမှ ၁ဝ ဥအထိရှိသည်။ ဥမှာ ဖြူဖွေးသည်။
စစ်စလီကြီး
[ပြင်ဆင်ရန်]သာမန်စစ်စလီထက်ကြီးသော စစ်စလီကြီးမျိုးလည်းရှိသည်။ စစ်စလီကြီး၏ သတ္တဗေဒ(ပါဏဗေဒ) အမည်မှာ 'ဒင်ဒရို စိုင်နာ ဗိုင်ကာလာ' ဖြစ်သည်။ စစ်စလီကြီးကို အမေရိကတိုက်တောင်ပိုင်းနှင့် အလယ်ပိုင်း၊ အာဖရိကတိုက်၊ အိန္ဒိယ၊ မြန်မာနှင့် သီဟိုဠ် နိုင်ငံများတွင် တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ် အလယ်ပိုင်းနှင့် စစ်တောင်းမြစ်ဝှမ်းများ၌ အမြဲနေ၍ တောင်ပိုင်းရှမ်းပြည်တွင်လည်း တွေ့ရတတ်သည်။
အလျားလက်မ ၂ဝ ရှိသည်။ ခေါင်း၊ နှုတ်သီးနှင့် ခြေထောက်များ ကြီးမားသောကြောင့် အချိုးအစား မပြေပြစ်လှချေ။ တစ်ကိုယ်လုံး၏အရောင်မှာ သစ်ကျားခွံရောင် ပင်ဖြစ်သော်လည်း၊ ကိုယ်အထက်ပိုင်းသည်နက်၍ သစ်ကျားခွံရောင် အစင်းများရှိသည်။ တောင်ပံနက်၍ အမြီးဖြူသည်။ ပျံသန်းရာတွင် သန်မာ၍ လျင်မြန်သည်။
လူကိုကြောက်ရွံ့တတ်သဖြင့် ရွာအနီးရှိ ရေအိုင်၊ ချောင်းမြောင်းများသို့ လာလေ့မရှိချေ။ အလေ့အကျင့်မှာ သာမန် စစ်စလီနှင့် အတူတူပင်ဖြစ်သည်။ ပျံသန်းနေစဉ် စူးရှစွာ လေချွန်တတ်သည်။ ဇွန်လမှ စက်တင်ဘာလအတွင်း သားပေါက်သည်။ အသိုက်မှာ စစ်စလီ၏ အသိုက်နှင့်တူသည်။ တစ်မြုံလျှင် ၆ ဥမှ ၈ ဥအထိရှိသည်။ ဥခွံရောင်မှာ ဖြူဖွေး၍ ချောမွတ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)