စက်ဘီး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အမြဲတမ်းတွေ့နေကျ သယ်ယူပို့ဆောင်ရေး စက်ဘီး
သစ်သားဖြင့် ပြုလုပ်ထားသော ဒန်ဒီဟော့စ် စက်ဘီး(၁၈၂၀ ခုနှစ်ခန့်)၊ ပထမဆုံး နှစ်ဘီးစက်ဘီး မူလပထမ ပုံစံ

စက်ဘီးဆိုသည်မှာ စီးစရာထိုင်ခုံနှင့် သံမဏိဘောင်တွင် ဘီးတပ်၍ ခြေဖြင့် ခြေနင်းကိုလှည့်ပေးရသော လူစီးယာဉ်တစ်မျိုးသည် စက်ဘီးဖြစ်၏။ စက်ဘီးသည် ခရီးသွားရာ၌ တွင်ကျယ်သည့်အပြင် မော်တော်ယာဉ်များကဲ့သို့ စရိတ်အကုန်အကျ မများချေ။ ယင်းကို ထိန်းသိမ်းရသည့်တာဝန်လည်း မကြီးမားချေ။ တန်ဖိုးချိုသာ သောကြောင့် ကျောင်းသူကျောင်းသားများနှင့် အလုပ်သမား ဆင်းရဲသားတို့ပင်လျှင် ယင်းကို ဝယ်ယူသုံးစွဲ နိုင်ပေသည်။ စက်ဘီးကို အလုပ်ကိစ္စအတွက်သာလျှင် အသုံးပြုနိုင်သည် မဟုတ်။ ကိုယ်လက်လှုပ်ရှား ကစားမှုတစ်ရပ် အနေနှင့်လည်း အသုံးပြုနိုင်လေသည်။

စက်ဘီးကို ၁၉ရာစုတွင် စတင်အသုံးပြုခဲ့ပြီး အခုအခါ တကမ္ဘာလုံးတွင် အစင်းပေါင်း သန်းတစ်ထောင် နီးပါးများ ရှိသည်။ ဒေသ အများစုတို့တွင် သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုကြသည်။ စက်ဘီးများကို အပန်းဖြေခြင်းတွင် အသုံးပြုရာတွင်လည်း ခေတ်စားပြီး ကလေးများ၏ ကစားစရာ အဖြစ်လည်းကောင်း၊ လူကြီးများအတွက် ခန္ဓာကိုယ် ကြံ့ခိုင်ရေး အထောက်အကူပစ္စည်း အဖြစ်လည်းကောင်း၊ စစ်တပ် နှင့် ရဲဌာနတို့တွင် လည်းကောင်း၊ စာနှင့် ပါဆယ်ပစ္စည်းပို့ရာတွင် လည်းကောင်း၊ အားကစား ယှဉ်ပြိုင်ခြင်းတွင် လည်းကောင်း အသုံးပြုကြသေးသည်။

စက်ဘီး၏ အခြေခံ ပုံသဏ္ဌန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံမှာ ပထမဆုံး ချိန်းကြိုးကို အသုံးပြု၍ မောင်းနှင်သော မော်ဒယ်လ်ကို စတင်ထုတ်လုပ်ခဲ့သည့် ၁၈၈၅ ခုနှစ်မှ စ၍ အနည်းငယ်မျှသာ ပြောင်းလဲသေးသည်။ အသေးစိတ် တည်ဆောက်ပုံ အတော်များများမှာမူ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် ခေတ်သစ် ရုပ်ဝတ္ထုပစ္စည်းများနှင့် ကွန်ပြူတာအသုံးပြု ဒီဇိုင်းပညာတို့ တိုးတက်လာချိန်တွင် ဖြစ်သည်။ ထိုအရာတို့သည် စက်ဘီးစီးခြင်း အမျိုးအစား တစ်ခုစီအတွက် သီးသန့် တည်ဆောက်သော ဒီဇိုင်းပုံစံများကို အလွန်လျှင်မြန်သော အရှိန်ဖြင့် တိုးတက် ဖြစ်ထွန်းလာစေခဲ့သည်။

စက်ဘီးကို တည်ထွင်ခြင်းသည် လူ့အဖွဲ့အစည်းကို ယဉ်ကျေးမှုဆိုင်ရာ အပိုင်းနှင့် ခေတ်သစ် စက်ရုံသုံး ပစ္စည်းထုတ်လုပ်ခြင်းကို တိုးတက်စေခြင်း နှစ်ခုစလုံးတွင် အလွန်ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့သည်။ မော်တော်ယာဉ် တည်ဆောက်ခြင်း တိုးတက်လာမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော ဘောဘယ်ရင်၊ လေအားသုံး တာယာ၊ ချိန်းကြိုးဖြင့် မောင်းနှင်သော ခွေးသွားစိတ်ဘီး၊ စပုတ်တိုင်ဖြင့် ထိန်းကန်ထားသောဘီး၊ ကျောက်တုံးခင်းသော လမ်းကို အစားထိုးခဲ့သော ကျောက်ြပားခင်းထားသောလမ်း အစရှိသော အရာတို့သည် မူလပထမက စက်ဘီးအတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

လူအားဖြင့် မောင်းနှင်သော စက်ဘီး မပေါ်ပေါက်မီ အချိန်ကပင် တီထွင်ကြံဆသူ အသီးသီးတို့သည် စက်ဘီး၏ ပေါ်ပေါက်လာစေရန် အတွက် တတပ်တအား ထောက်ပံ့ပေးခဲ့ကြသည်။ စက်ဘီးစီးပြိုင်ပွဲများကို အခြားသောပြေးပွဲပြိုင်ပွဲ၊ ကစားပွဲ များ နည်းတူ ရံဖန်ရံခါ ကျင်းပလေ့ရှိကြ၏။ စက်ဘီးစီးပြိုင်ပွဲ များတွင် အနှေးစီးခြင်း၊ အမြန်စီးခြင်း၊ အလှစီးခြင်း၊ တာတို စီးခြင်း၊ တာရှည်စီးခြင်းဟူ၍ နည်းအမျိုးမျိုး ရှိသည်၊ တာတို၊ တာရှည်၊ အမြန်စီး ပြိုင်ပွဲတွင်လည်း နည်းနှစ်မျိုး ရှိပြန်သည်၊ နည်းတစ်မျိုးမှာ ပြိုင်ပွဲဝင်သူများကို တစ်ပြိုင်တည်း မလွှတ် မိနစ်ဝက်၊ တစ်မိနစ်စီခန့်ခြား၍ တစ်ယောက်ပြီးတစ်ယောက် ပန်းတိုင်သို့ အရောက်လွှတ်ခြင်းဖြစ်ပြီးလျှင် အခြားနည်းတစ်မျိုး မှာ ပြိုင်ပွဲဝင်သူအားလုံးကို တာထွက်စည်းမှ တစ်ပြိုင်တည်း လွှတ်ခြင်း ဖြစ်သည်။ပထမနည်းဖြစ်သော ပြိုင်ပွဲတွင် ပန်းတိုင် သို့ အချိန်အနည်းဆုံးဖြင့် ရောက်သွားသူသည် ပထမရ၍ ဒုတိယနည်းဖြစ်သော ပြိုင်ပွဲတွင် ပန်းတိုင်သို့ ရှေးဦးစွာ ရောက်သူသည် ပထမရလေသည်။ စက်ဘီးဟူသည် ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်၏။ ၁၇၇၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ထုတ် ပြင်သစ်နိုင်ငံ ပါရစ်ဂျာနယ် တွင် ခြေယက်စက်ဘီးတစ်မျိုးကို ပြင်သစ်လူမျိုး ၂ ဦးက တီထွင် ပြုလုပ်လိုက်ကြပြီဟု ရေးသားဖော်ပြခဲ့၏။ ထိုစက်ဘီး မှာ သစ်သားဘောင်တစ်ခုကို ရှေ့နောက်ထားရှိသော ဘီး ၂ ဘီးတွင် အသေတပ်ဆင်ထားသော ကိရိယာဖြစ်လေသည်။ စီးသူသည် သစ်သားဘောင်ကို ခွ၍ထိုင်ပြီးလျှင် မြေကြီးကို ခြေနှင့်ကန်ကာ ယက်ကာ၊ ဘီးလိမ့်သွားအောင် ပြုလုပ်ပေးရ လေသည်။ ထိုစက်ဘီးသည် ညီညာ ပျံ့ပျူးသော မြေပြင်တွင် အသင့်အတင့်မျှ အရှိန်ဖြင့် သွားနိုင်သော်လည်း ကုန်းတက်များ တွင်မူ အလျင်းပင် အသုံးမဝင်တော့ချေ။ ဆင်ခြေလျှောများကို စီးဆင်းရာတွင်ကား အလွန်ပင် လျင်မြန်လေသည်။ ၁၈၁၇ ခုနှစ်တွင် ဂျာမန်လူမျိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၌ ပေါ်ခဲ့သော ခြေယက်စက်ဘီးထက် အနည်းငယ်သာသည့် ခြေ ယက်စက်ဘီးကို ကြံစည်ပြုလုပ်လိုက်လေသည်။ ထိုစက်ဘီး၏ ထူးခြားချက်တစ်ရပ်မှာ ရှေ့ဘီးကို ထိုင်တန်းသစ်သား ဘောင် တွင် ငုတ်ဖြင့်လျှိုသွင်းကာ လှည့်နိုင်အောင် တပ်ဆင်ထားခြင်း ပင် ဖြစ်၏။ ထိုအစီအမံကြောင့် ရှေ့ဘီးကို လက်ကိုင်ဖြင့် ထိန်းကာ လိုရာဖက်သို့ ဦးလှည့်ပေးနိုင်လေသည်။ စကော့လူမျိုးတစ်ဦးသည်လည်း ၁၈၄၃ ခုနှစ်တွင် ခြေနင်း တပ် ၃ ဘီးစက်ဘီးကို၎င်း၊ ၁၈၄ဝ ပြည့်နှစ်တွင် ခြေနင်းတပ် ၂ ဘီးစက်ဘီးကို၎င်း၊ စီမံပြုလုပ်ခဲ့၏။ ထိုစက်ဘီးတို့၏ ထူးခြားချက်ကား နောက်ဘီးဝင်ရိုးကို ခြေနင်းမှ မောင်းတံနှင့် ဆက်ကာ လှည့်ပေးနိုင်ခြင်းပင် ဖြစ်၏။ ခြေနင်းတပ် ၂ ဘီး စက်ဘီး၏ ရှေ့ဘီးမှာ လက်မ ၃ဝ ခန့်မြင့်၍ အားပေးဘီး ဖြစ်သော နောက်ဘီးမှာ လက်မ ၄ဝ ခန့် မြင်ပြီးလျှင် ၂ ဘီး စလုံး မှာ သံတိုင်ယာကွပ်ထားသော သစ်သားဘီးများ ဖြစ်ကြ လေသည်။ ထိုစက်ဘီးသည် ယခုခေတ်သုံး စက်ဘီးများ၏ ရှေ့ပြေး နမူနာပင် ဖြစ်လေတော့သည်၊ ထိုနောက်၌ကား ယခုခေတ် ကလေးစီး သုံးဘီးစက်ဘီးမှာ ကဲ့သို့ ခြေနင်းကို ရှေ့ဘီး၏ ဝင်ရိုးတွင် တပ်ဆင်ထားသည့် စက်ဘီးမြင့်ကြီးများ ခေတ်စားလာလေသည်။ ရှေ့ဘီးမှာ လွန် စွာပင် ကြီးမား၍ နောက်ဘီးမှာမူ အဆမတန် သေးငယ်လေ သည်။ ထိုသို့ ပြုလုပ်ထားခြင်း၏ ရည်ရွယ်ချက်မှာ စီးနင်းရာ တွင် ပို၍ ခရီးတွင်စေရန် ဖြစ်၏။ ရှေ့ဘီးတို့သည် လက်မ ၆ဝ မှ ၆၄ လက်မထိ အမြင့်ရှိတတ်ကြသည်။ ထို စက်ဘီးမျိုးကို စီးတတ်ရန်မှာ အလေ့အကျင့် များစွာလိုသည့်အပြင် အထိန်း ရလည်း ခက်သောကြောင့် ဘေးအန္တရာယ် များလေသည်။ ၁၈၆၈ ခုနှစ်တွင် အင်္ဂလန်ပြည်၌ သံတိုင်ယာများအစား ရော်ဗာ တိုင်ယာများကို စတင် သုံးစွဲလာကြ၏။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုးတစ်ဦးသည် အရွယ်တူညီ သော နှစ်ဘီးတပ်စက်ဘီးကို ရှေးဦးစွာ လုပ်ကိုင်ခဲ့လေသည်။ ဘောင်မှာလည်း ယခင် စက်ဘီးများ၏ ဘောင်ထက် နိမ့်၍ ကျယ်ပြန့်လေသည်။ ခြေနင်းကိုလည်း ရှေ့ဘီးတွင် မဟုတ်ဘဲ ဘီးနှစ်ခုစပ်ကြားတွင် ခွေးသွားစိတ်ဘီးတစ်ခု၌ တပ်ဆင်ထား၍ နောက်ဘီး ဝင်ရိုးသို့ သံကြိုးတစ်ခုဖြင့် ဆက်သွယ်ထားလေ သည်။ နင်းလိုက်သည့်အခါ စက်ဘီးသည် နောက်ဘီး၏အား ဖြင့် လိမ့်ရ၏။ ထိုစက်ဘီးမှာ ယခုခေတ်သုံး စက်ဘီးများ၏ သဘောအတိုင်းပင် ဖြစ်သည်။ ထိုနောက်တွင်ကား သံလုံးငယ် ဗယ်ရင်ကလေးများကို မပွန်းအောင် ထည့်ခြင်း၊ စပရင်ခံ သားရေထိုင်ခံများ တပ်ဆင်ခြင်း အစရှိသော ပြုပြင်ချက်များကို တစ်စတစ်စ ပြုလုပ်လာကြပြီးလျှင် နောက်ဆုံး ၁၈၈၈ ခုနှစ် တွင် ရော်ဗာတိုင်ယာများအစား လေလုံးတိုင်ယာများကို ပြောင်း လဲ တပ်ဆင်လိုက်သောအခါ ယခုခေတ်သုံးစက်ဘီး၏ အသွင် အပြင်သို့ ရောက်ရှိလာလေသည်။ စက်ဘီးလုပ်ငန်းသည် ပထမကမ္ဘာစစ်ကြီးအပြီးတွင်မှ သိသိသာသာ တိုးတက်လာခဲ့လေသည်။ နောက်ဆုံးပေါ် ပြိုင်ဘီးများမှာ သာမန်စက်ဘီး၏ အလေးချိန် ထက်ဝက်သာ ရှိလေသည်။ ဘောင်များနှင့် ရွှံ့ကာများကို လွန်စွာပေါ့ပါးသော ကရိုမီယမ် (ခေါ်) သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။ လက်ကိုင်မှာ နွားချို ကုပ်ကဲ့သို့ အောက်ဖက်သို့ ကောက်ထားလေသည်။ စီးနင်းရာတွင် သာမန်စက်ဘီးများထက် သုံးလေးဆပို၍ လျင်မြန်စေရန် အတူးဂီယာခေါ် ခွေးသွားစိတ်ဘီးတစ်ခုကို နောက် ဘီးဝင်ရိုးတွင် တပ်ဆင်ထားလေသည်။[၁] မြန်မာနိုင်ငံတွင် စက်ဘီးကို အနှေးယာဉ်အဖြစ် သတ်မှတ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)