စက္ခုပါလထေရ်

ဝီကီပီးဒီးယား မှ

စက္ခုပါလထေရ် သည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် အထင်ကရ ရဟန္တာ တစ်ပါး ဖြစ်၏။ လူအမည်မှာ မဟာပါလ ဖြစ်၏။ ဖခင်မှာ သာဝတ္ထိမြို့ရှိ မဟာသုဝဏ္ဏသူဌေးကြီး ဖြစ်သည်။ ညီဖြစ်သူသည် စူဠပါလ ဖြစ်သည်။[၁][၂]


ရဟန်းပြုခြင်း[ပြင်ဆင်ရန်]

မဟာပါလ၏ ဖခင်ဖြစ်သူ ကွယ်လွန်သော ညီအစ်ကို နှစ်ယောက်သာကျန်၏။ တစ်နေ့သော် ဇေတဝန်ကျောင်းတော် တရားနာယူရန် သွားရောက်ကြကုန်သော လူတို့ကို မဟာပါလမြင်၏။ ထိုအခါ မဟာပါလ၏ စိတ်တွင် တရားတော်ကို နာကြားလိုစိတ်များ ဖြစ်ပေါ်လာ၏။ ထို့နောက် တရားဟောကြားမည့် ပရိသတ်၏ အစွန်းတွင်ထိုင်ကာ မြတ်စွာဘုရား၏ တရားတော်ကို ရိုသေစွာနာကြား၏။ မြတ်စွာဘုရားသည် မဟာပါလနှင့် သင့်လျော်သော တရားကို ဟောကြား၏။ မဟာပါလသည် တရားဆုံးသည့်အခါ လူ့အဖြစ်ကို ငြီးငွေ့ကာ ရဟန်းပြုချင်စိတ် ဖြစ်လာ၏။ ထို့နောက် မြတ်စွာဘုရားထံ ရဟန်းပြုခွင့်ရရန် လျှောက်ထား၏။ ဘုရားရှင်က ဆွေမျိုးများက အရင်ခွင့်တောင်းရန် မိန့်၏။ ထို့နောက် ညီဖြစ်သူထံပြန်လာကာ ရဟန်းပြုမည့်အကြောင်းပြော၍ ကျောင်းတော်သို့ တစ်ဖန် ပြန်ခဲ့ကာ ရဟန်းပြုလေသည်။[၁][၂]

ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်း[ပြင်ဆင်ရန်]

မဟာပါလသည် ဥပဇ္ဈာယ်ဆရာထံပါးတွင် ငါးဝါပတ်လုံးနေထိုင်၏။ ထို့နောက် မြတ်စွာဘုရားထံ မိမိမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်၏။ ထို့ကြောင့် မိမိသည် ပိဋကတ်စာပေတို့ကို သင်အံပို့ချခြင်းမှာ မစွမ်းနိုင်တော့ပေ။ သို့ဖြစ်၍ မိမိအား တရားအားထုတ်ရန် သင့်လျော်သည့် ကမ္မဋ္ဌာန်းတရား ဟောကြားပေးပါရန် မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားသည် မဟာပါလထေရ်နှင့် သင့်လျော်သည့် ကမ္မဋ္ဌာန်းတရားကို ဟောကြား၏။ ထို့နောက်တွင် မဟာပါလထေရ်သည် သီတင်းသုံးဖော်ရဟန်း ခြောက်ဆယ်တို့နှင့်အတူ သာဝတ္ထိမှာ ယူဇနာ ၁၂၀ (၁ ယူဇနာ = ၈ မိုင်) ဝေးသော ပစ္စန္တရစ်ရွာသို့ကြွကာ သီတင်းသုံး၏။ မဟာပါလထေရ်သည် အိပ်၊ လျောင်း၊ ထိုင်၊ ရပ်ဟူသော ဣရိယာပုတ်လေးခုတွင် အိပ်ခြင်းကိုပယ်၏။ မည်သည့်အခါမျှ မအိပ်ပေ။ ကျောလည်း မဆန့်ဘဲ တရားအားထုတ်၏။[၁][၂]

ရဟန္တာဖြစ်ခြင်း[ပြင်ဆင်ရန်]

မဟာပါလထေရ်သည် အိပ်စက်ခြင်း မပြုဘဲ တရားအားထုတ်လာရာ ဝါခေါင်လသို့ ရောက်သောအခါ မျက်စိရောဂါ ဖြစ်လေသည်။ ထိုအခါ မျက်စိကုဆရာဖြင့် ကုသလေ၏။ မျက်စိကုဆရာသည် ဆီကိုချက်၍ သီတင်းသုံးဖော်တို့အား ဆေးသုံးစွဲပုံကို ပြောပြလိုက်၏။ အသုံးပြုပုံမှာ ဆီကို နှာခေါင်းထဲသို့ လောင်းထည့်ရန် ဖြစ်၏။ သို့သော် မဟာပါလထေရ် မတ်တပ်ရပ်လျှက်သာ ဆီကိုလောင်း၏။ တရားအားထုတ်ချိန်မှ စကာ အိပ်ခြင်းကို လုံးဝမပြုဟု အဓိဋ္ဌာန်ပြုထား၏။ ဆီတို့သည် ပက်လက်အနေအထားဖြင့် ထည့်ပါမှ ဝင်မည်ဖြစ်သော်လည်း ထိုကဲ့သို့မပြုပေ။ သူတော်ကောင်းတို့မည်သည် မိမိ၏ ကတိသစ္စာအဓိဋ္ဌာန်ကို အပျက်မခံပေ။ မဟာပါလထေရ်သည် မျက်စိကုဆရာ ညွှန်ကြားသည့်အတိုင်း မလိုက်နာဘဲ ရဟန်းတရားကို ကြိုးစားအားထုတ်ရာ ညသန်းခေါင်ယံကျော်အချိန်တွင် မျက်စိနှစ်ကွင်းတို့ အလင်းမရတော့ပေ။ ထို့အတူ အာသဝေါတရားတို့ကုန်ခမ်းကာ ရဟန္တာ ဖြစ်လေသည်။ ထိုအခါမှစ၍ မဟာပါလထေရ်မှ စက္ခုပါလထေရ်ဟု အမည်တွင်လေသည်။[၁][၂]

မထေရ်၏ ဝဋ်ကြွေး[ပြင်ဆင်ရန်]

ရှေးအခါ ဗာရာဏသီပြည်တွင် ကာသိမင်း အုပ်ချုပ်သည့် အချိန်က ဖြစ်၏။ ဆေးဆရာတစ်ဦးသည် ရပ်ရွာတို့ကို လှည့်လည်ဆေးကု၏။ ရွာတစ်ရွာသို့ရောက်သော် မျက်စိမမြင်ရသည့် အမျိုးသမီးကို တွေ့၏။ အမျိုးသမီးက မိမိ၏ မျက်စိကို ပျောက်ကင်းအောင် ကုသပေးပါက သားသမီးများနှင့်တကွ ကျွန်ခံမည်ဟု ကတိပေးကာ ကုသစေ၏။ ဆေးဆရာလည်း ကုသရာ ပျောက်ကင်း၏။ သို့သော် ထိုအမျိုးသမီးသည် ကျွန်ခံရမည်ကို စိုးသဖြင့် ပိုမိုဆိုးလာသည်ဟု လိမ်ကာ ပြော၏။ ဆေးဆရာလည်း လိမ်ပြောသည်ကို သိသဖြင့် ဆေးတစ်မျိုးကို အမျိုးသမီးအား မျက်စဉ်းခပ်ပေးလိုက်၏။ ထိုအခါ အမျိုးသမီး၏ မျက်စိနှစ်ဖက်စလုံး ပေါက်ကွဲထွက်လေသည်။ ဆေးဆရာဘဝက ပြုခဲ့သောကံသည် ယခုဘဝရောက်သောအခါ အကျိုးပေးလေသည်။[၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ မာဏဝ (ဇူလိုင်လ ၂၀၁၀)။ ဓမ္မပဒ (ဒေသနာတော်များနှင့် ဝတ္ထုတော်များ)။ အမှတ် ၅၊ ၁၀၀ လမ်း၊ ရန်ကုန်မြို့: နှလုံးလှစာပေ။ pp. ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၅။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ဦးရွှေအောင် - မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နှင့် သိရောမဏိ (၁၊ နိုဝင်ဘာလ ၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၈။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)