ငှက်သိုက်

ဝီကီပီးဒီးယား မှ
(ငှက်သိုက် (ဆေး) မှ ပြန်ညွှန်းထားသည်)
အခြောက်လှန်းထားသည့် ငှက်သိုက်

ငှက်သိုက်သည် ပျံလွှားငှက် တစ်မျိုးတွင် ပါဝင်သည့် ငှက်များက အံဖတ်ဖြင့်ပြုလုပ်သော အသိုက် ဖြစ်ပြီး အဖိုးကြီးမားသော ဓာတ်စာ ဖြစ်သည်။ မိုးစာငှက်ပြီးလဲငှက်ဇီဝဇိုးငှက်များမှ ငှက်သိုက်ကို ထုတ်ယူရရှိနိုင်၏။ မြန်မာ နိုင်ငံတွင် ငှက်သိုက်ကိုဇီဝဇိုးငှက်မှသာ ရရှိသည်။ ဇီဝဇိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် ``လေစားငှက်´´ ဟုလည်းခေါ်သည်။ ဇီဝဇိုးငှက်မှ အမည်းရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂)မျိုးရရှိသည်။ အမည်းရောင်ငှက်သိုက် ကို Collocalia innominata ဆိုသည့် ဇီဝဇိုးငှက်မှ ရရှိပြီး အဖြူရောင်ငှက်သိုက်ကို Collocalia fuciphaga ဆိုသည့် ငှက်သိုက်မှ ရရှိသည်။

ငှက်သိုက်ထွက်ရှိရာဒေသ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစုပုသိမ်မြို့ အနောက်တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရ၏။ တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း (၃၂)ကျွန်းမှ အဖိုးတန်းငှက်သိုက်များ ထွက်ရှိသည်။ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစုဘုတ်ပြင်းမြို့နယ်ရှိ ပုလုတိကျွန်းစုကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစု များမှ ရရှိ၏။ ယင်းကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက်အများဆုံး ရရှိသည်။ မြန်မာနိုင်ငံ၌ ရရှိသော ငှက်သိုက်မှာ ဇီဝဇိုးငှက်မျိုးက လုပ်သော ငှက်သိုက်ဖြစ်သည်။ ငှက်သိုက်ကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့အနောက် တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရသည်။ ထို့ပြင် မလ္လာယုကျွန်းဆွယ်ထိုင်းနိုင်ငံဖိလစ်ပိုင်နိုင်ငံ အနီးရှိ ကျွန်းများတွင်လည်း တွေ့ရသည်။

ငှက်သိုက်များ ပြုလုပ်ပုံ[ပြင်ဆင်ရန်]

ငှက်သိုက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်သည့် ငှက်ကဖွဲ့ထားသည့် အသိုက်ဖြစ်သည်။ တပေါင်းလတန်ခူးလမှ စ၍ ငှက်သိုက်ပြုလုပ်တတ်သည်။ ၎င်းတို့၏ ငှက်သိုက်များသည် အခြား ငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် မပြုလုပ်ပဲ ထူးဆန်းစွာ အာခေါင်မှာ အာစေးတစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြသည်။ ယင်းအသိုက်များတွင် ငှက်မများ ဝင်ဥကြသည်။ တစ်နှစ်လျင် နှစ်ကြိမ်ဥပြီး တစ်မြုံလျှင် ဥ နှစ်လုံးရှိသည်။ အများအားဖြင့် အထီး တစ်ကောင်၊ အမ တစ်ကောင် ပေါက်သည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လကြာမျှ ကျွေးမွေးပြုစုပြီးနောက် အသိုက်မှ ဆင်းသွားကြသည်။ ဇီ၀စိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်နဝါရီလဧပြီလနှင့် ဩဂုတ်လများတွင် ဥများဥရန် အသိုက်ဆောက်လေ့ရှိသည်။ အသိုက်ဆောက်မည့် ကျောက်လှိုဏ်ဂူအမိုးမှာ ပေ ၄၅၀ ကျော်ခန့်အထိ မြင့်မားလှ၏။ ဇီ၀စိုးငှက်အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိသည်။ အသိုက်ဆောက်လုပ်ရာတွင် ငှက်၏ တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီး အစာရည်အချို့ပါဝင်၏။ အသိုက်ပြုလုပ်မည့် နေရာကို စိတ်ကြိုက်ရွေးချယ်ပြီး တံတွေးများကို အံထုတ်လိုက်သည်။ အစဦးဆုံးထွက်သော အာစေးမှာ ဖြူစင်သည်။ ယင်းတံတွေးများသည် လေနှင့် ထိတွေ့သည့်အခါ မာကြောသွား၏။ ယင်းအံဖတ်များကို ထပ်ခါထပ်ခါ အံပြီး နှုတ်သီးဖြင့် ခွက်ပုံသဏ္ဌာန်ဖော်ပေးသည်။ တစ်ခါတစ်ရံတွင် ငှက်သိုက်၏ သွေးစများ ပါလာတတ်သည်ကို တွေ့ရ၏။ ငှက်သိုက်မှာ အရွယ်ရောက် ငှက်တစ်ကောင်နှင့် ငှက်ပေါက်စ နှစ်ကောင်နေရန် လုံလောက်သည်။ အဖြူရောင် ငှက်သိုက်တွင် အဖြူရောင် ငှက်မွေးနုများ ပါဝင်သည်။ အမည်းရောင်ငှက်သိုက်တွင် အမည်းရောင် ငှက်မွေးနုများ ပါဝင်သည်။ အရွယ်အစားအားဖြင့် အမည်းရောင် ငှက်သိုက်သည် အဖြူရောင် ငှက်သိုက်ထက် (၂)ဆကြီး၏။ စီးပွားရေး ဈေးကွက်တွင် အဖြူရောင် ငှက်သိုက်ကို လူကြိုက်များသောကြောင့် (၁၀)ဆမျှ ဈေးပိုကြီးသည်။

ထိုငှက်မျိုးသည် စာကလေးအရွယ် လောက်သာရှိသည်။ ပျံသန်းရာ၌ အလွန်လျင်မြန်သည်။ ညအိပ်သည့် အချိန်မှလွဲ၍ တစ်နေ့လုံး ပျံသန်း၍ နေနိုင်စွမ်းရှိသည်။ ထိုငှက်မျိုး၏ ခြေချောင်းလေးများသည် ကား၍ ရှေ့သို့ရှည်ထွက်လျက် ရှိသည်။ ထိုခြေတံမျိုး ရှိသဖြင့် ကျောက်ဆောင်၏ အစွန်အဖျားများပေါ်၌ နားနေနိုင်ကြသည်။ ထိုငှက်ကလေးများသည် လူသူဝေးသော ကျွန်းများပေါ်ရှိ ကျောက်လိုဏ်ဂူနံရံများတွင် အသိုက်ပြုလုပ်၍နေကြသည်။

ငှက်သိုက် အသုံးဝင်ပုံ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက်ပေါင်း ကျွေးလေ့ရှိသည်။ ငှက်သိုက်သည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ် များစွာပါဝင်သည်။ သဘာဝ ငှက်သိုက်ကို ခေတ်မီနည်းဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြားပစ္စည်းများနှင့် ပေါင်းစပ်ဖော်ထားသဖြင့် အဆုတ်ကို အားကောင်းစေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေးရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုး ဖြစ်သောကြောင့် အလွန်အဖိုးအနဂ္ဃ ထိုက်သဖြင့် ရွှေနှင့် စက်၍ပင် ဝယ်ယူကြသည်။ ငှက်သိုက်များကို ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချသည်။ နိုင်ငံခြားဝင်ငွေရရှိသော ငှက်သိုက်သည် တနင်္သာရီတိုင်းမှ ရရှိသောကြောင့် တနင်္သာရီတိုင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်နေသည်။[၁]

ငှက်သိုက်များ ထုတ်လုပ်ပုံ[ပြင်ဆင်ရန်]

ငှက်သိုက်များကို ပင်လယ် သမုဒ္ဒရာတို့အလယ်မှ လူသူမနီးသော ကျွန်းများပေါ်တွင် အလွန်မြင့်မားသော ကျောက်ဆောင် လှိုဏ်ဂူစောင်းများ၏ အထက်မျက်နှာကျက်တွင် အသိုက် ဖွဲ့လေ့ရှိကြသည်။ ထို့ကြောင့် ငှက်သိုက် စုဆောင်းချိန်တွင် ငှက်သိုက်များ ရရှိနိုင်သည့် ကျောက်ဆောင် လှိုဏ်ခေါင်းအတွင်း ဝင်ရောက်၍ အတွင်းနံရံကို ခဲယဉ်းစွာ တက်ရောက် ဆွတ်ယူကြရ၏။ ထိုကဲ့သို့ ဆွတ်ယူနိုင်ရန် ကျောက်ဆောင်များကို ငြမ်းဆင်၍ သက်စွန့်ဆံဖျား တက်ရောက်ကာ ခဲယဉ်းစွာ လိုက်လံ စုဆောင်း ကြရသည်။

ငှက်သိုက်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း[ပြင်ဆင်ရန်]

ငှက်သိုက်သည် အချင်း ၂ လက်မ ၃ လက်မခန့်ရှိ၍ စောက် ၁ လက်မခန့်ရှိသည်။ ငှက်တို့သည် တပေါင်းလ၊ တန်ခူးလများတွင် အသိုက်လုပ်တတ်ကြသည်။ တစ်မြုံလျှင် ဥ ၂ လုံးရှိသည်။ မြန်မာနိုင်ငံတွင် ငှက်သိုက်ရသော ကျွန်းများကို သစ်တောဌာနက အုပ်ချုပ်၍ နှစ်စဉ် ငှက်သိုက်သိမ်းယူခွင့် လိုင်စင်ကို ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်မပြုန်းစေရန် စောင့်ရှောက်ပေးထား၏။ ၂၀၀၅ ခုနှစ်တွင် ငှက်သိုက် စုဆောင်းချိန် ကို မတ်လ ပထမပတ်မှ ဒုတိယပတ်၊ ဧပြီလ ပထမပတ်မှ ဒုတိယပတ်၊ ဇူလိုင်လ ပထမပတ်မှ ဒုတိယပတ်၊ နိုဝင်ဘာ (၂၁)မှ လကုန်အထိ (၄)ကြိမ် ခွဲ၍ စုဆောင်းရန် သတ်မှတ်ပေးထား သည်။ စုဆောင်းခွင့်ရရှိသော ငှက်သိုက်များကို သစ်တောဦးစီးဌာနမှ စစ်ဆေး၏။ သစ်တောဌာနက ထိုငှက်များ မျိုးမပြုတ်သွားရေလေအောင် စောင့်ရှောက်ပေးသည်။ ဥပမာအားဖြင့် လိုင်စင်ရောင်းချရာ၌ အချို့ကျွန်းများကို နှစ်စဉ် တလှည့်စီ ပိတ်ပေးသည်။ ပိတ်ထားသော ကျွန်းများပေါ်၌ ငှက်ကလေးတို့သည် အနှောင့်အယှက်မရှိပဲ အသိုက်ပြုလုပ်၍ ပေါက်ပွားနိုင်ကြသည်။ ထိုကျွန်းများပေါ်သို့ တက်ရောက်၍ ငှက်သိုက်များကို ခိုးယူတတ်ကြသော လူဆိုးတို့၏ ရန်ကိုလည်းကောင်း၊ ငှက်ကလေးများကို ဖမ်းယူတတ်သော သိမ်း၊ စွန်၊ ငှက်ရဲတို့၏ ရန်ကိုလည်းကောင်း သစ်တောဝန်ထမ်းများက ကာကွယ်ပေးကြရသည်။ စုဆောင်းရရှိသော ငှက်သိုက်များကို သစ်တောဌာနက စစ်ဆေးသည်။ အကယ်၍ သွေးပါသော ငှက်သိုက်များကို တွေ့ရှိပါက လိုင်စင်ရသူကို ဒဏ်ရိုက်လေသည်။ ငှက်ကလေးများ သွေးပါသည်အထိ အန်ထုတ်၍ ပြုလုပ်သော အသိုက်များကို မယူကြရန် လိုင်စင်တွင် စည်းကမ်းချက်များ ပါရှိသောကြောင့် ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြိတ်တက္ကသိုလ် ၂၀၀၄-၂၀၀၅ နှစ်လည်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြထားသော သတ္တဗေဒဌာန(ဌာနမှူး)ပါမောက္ခ ဒေါ်မြင့်မြင့်သန်း၏ `` ငှက်သိုက် `` ဆောင်းပါး- ဦးသန်းမြင့် (၂၀၀၁) ၊ ´´ မြန်မာပြည်တောင်ဘက် ပင်လယ်တွင်းက`` စာအုပ်ဓာတ်ပုံ..ထားဝယ်ဗျူးတီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)