ငွေမြိုင် (မြခြေချင်း)
| မြခြေချင်း မငွေမြိုင် | |
|---|---|
မင်းသမီးကြီး မြခြေချင်း မငွေမြိုင် | |
| မွေးဖွား | မငွေလှိုင် ၂၁ နိုဝင်ဘာ ၁၈၉၄ (မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) ကြည့်မြင်တိုင်၊ ရန်ကုန်မြို့ |
| ကွယ်လွန် | စက်တင်ဘာ ၂၀၊ ၁၉၅၉ (အသက် ၆၄) (မြန်မာသက္ကရာဇ် ၁၃၂၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်) မန္တလေးမြို့ |
| ပညာရေး | စတုတ္ထတန်း (ကြည့်မြင်တိုင် မြူနီစီပယ်ကျောင်း) |
| အလုပ်အကိုင် | ဇာတ်မင်းသမီး၊ အငြိမ့်မင်းသမီး၊ ဓာတ်ပြားအဆိုတော် |
| အိမ်ထောင်ဖက်(များ) | ကိုကိုကြီး (ရာဇဝတ်အုပ်) |
| သားသမီး | မောင်မောင် (မွေးစားသား) စိန်စိန် (မွေးစားသမီး) |
| မိဘ(များ) | အောင်ဘ (ဖခင်) ငြိမ်းဇံ (မိခင်) |
မြခြေချင်း မငွေမြိုင် (၂၁ နိုဝင်ဘာ ၁၈၉၄ – ၂၀ စက်တင်ဘာ ၁၉၅၉) သည် မြန်မာ့ဇာတ်သဘင်လောကနှင့် အငြိမ့်သဘင်လောကတို့တွင် တစ်ခေတ်တစ်ခါက အလွန်ထင်ရှားကျော်ကြားခဲ့သော ထိပ်တန်းဇာတ်မင်းသမီးကြီးနှင့် ဓာတ်ပြားအဆိုတော်တစ်ဦး ဖြစ်သည်။ နန်းတော်ရှေ့ဆရာတင် ရေးစပ်ပြီး မြန်မာပြည်တစ်လွှား အလွန်ခေတ်စားခဲ့သည့် "ရွှေကျီးညို" သီချင်း၊ "မိန်းမမင်းတိုင်ပင်" သီချင်းတို့၏ မူလအဆိုတော် ဖြစ်သည်။ ၎င်းသည် ဇာတ်သဘင်လောကမှ အငြိမ့်လောကသို့ ကူးပြောင်းကာ "မြခြေချင်း အငြိမ့်အဖွဲ့" ကို တည်ထောင်ပြီး မိုးလင်းပေါက် ဇာတ်လမ်းရှည်များခင်းကျင်းပြသသည့် စတိုင်ဖြင့် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ခရစ်နှစ် ၁၉၂၇ ခုနှစ်တွင် ဗြိတိသျှအစိုးရ ဘုရင်ခံ၏ ရွှေတံဆိပ်နှင့် နာမည်ကောင်းလက်မှတ် ချီးမြှင့်ခြင်း ခံခဲ့ရပြီး၊ အလင်္ကာကျော်စွာဘွဲ့ရ ရွှေမန်းတင်မောင်၏ ငယ်ဆရာလည်း ဖြစ်သည်။[၁]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]မြန်မာဇာတ်သဘင်လောက၏ နာမည်ကျော် ဇာတ်မင်းသမီး မြခြေချင်း မငွေမြိုင်ကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ အိုးဘိုရပ်၌ ၁၂၅၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် အဖ လူကြမ်းမင်းသား ဦးအောင်ဘ၊ အမိ ဒေါ်ငြိမ်းဇံတို့မှ ဖွားမြင်သည်။ ငယ်မည် မငွေလှိုင် ဖြစ်၏။ မငွေလှိုင်နှင့်အတူ မွေးချင်း ၁ဝ ဦးရှိသည်။ မိဘများမှာ ဆင်ဖြူကျွန်းဇာတိကုန်သည် မျိုးရိုးဖြစ်သည်။ငွေလှိုင်သည် ကြည့်မြင်တိုင် မြူနီစီပယ်ကျောင်းမှ စတုတ္ထတန်း အောင်မြင်ခဲ့သည်။ မြခြေချင်း မငွေမြိုင်မှာ အသက် ၁၅ နှစ် ၁၆ နှစ်မှစ၍ မန္တလေးမြို့ ရှမ်းပွဲရပ်တွင် နေထိုင်ခဲ့သည်။[၂]
အနုပညာခရီးလမ်း
[ပြင်ဆင်ရန်]၁၁ နှစ်သမီးအရွယ်တွင် ဖခင်ဖြစ်သူက ပုဇွန်တောင် စက်ဆန်းမောင်းတန်းရပ် စာရေးဆရာ ဆရာစံထံ၌ ဇာတ်သဘင်ပညာများကို သင်ယူစေသည်။ အသက် ၂၁ နှစ်အရွယ်၌ ရာဇဝတ်အုပ် ဦးကိုကိုကြီးနှင့် ထိမ်းမြားလေသည်။ သဘင်လောကသို့ ဝင်ရောက်စ၌ မငွေလှိုင်သည် မြခြေချင်းမငွေမြိုင် အမည်ဖြင့် ဇာတ်မင်းသမီးအဖြစ် ကပြခဲ့သည်။ ထိုအခါမှစ၍ မြခြေချင်း မငွေမြိုင်ဟု တွင်ခဲ့လေသည်။ မငွေမြိုင်နှင့်အများဆုံး တွဲဖက်၍ ဇာတ်ကခဲ့ဘူးသူမှာ အောင်စည်ဗလ ဖြစ်သည်။ မငွေမြိုင်သည် မင်းသား ဦးစိန်အုပ်၊ ဦးဘလွန်း၊ ဦးဘထွန်း၊ ဦးဘလှိုင်တို့နှင့်လည်း တစ်ဇာတ်တည်း ပါဝင်တွဲဖက် ကပြခဲ့ဘူးသည်။ ဇာတ်ကပြခဲ့ရာ၌ မငွေမြိုင်သည် မင်းသမီးရှေ့ဆောင်၍ မင်းသားက အတည်မျှ ပါဝင်ရသော ဇာတ်ထုပ်မျိုးကို ကပြလေ့ရှိခဲ့သည်။ ကပြသော ဇာတ်ထုပ်များမှာ ပဲခူး ရွှေသာလျောင်းသမိုင်း၊ ဖော့ဖြူ မောင်ယောဖာတ်ထုပ်၊ သာယာဝတီ ရာဇဝင် ခြေဖဝါးတစ်တောင် မောင်မဲခေါင် ဇာတ်ထုပ်စသည်တို့ ဖြစ်ကြသည်။ သို့သော် မငွေမြိုင်သည် ကပြခဲ့သမျှသော ဇာတ်ထုပ်တို့တွင် အင်္ဂုလိမာလ ဟိန္ဒကဇာတ်ထုပ်နှင့် ပုဂံရာဇဝင်ထိလိင်္ဂငှက် ဇာတ်ထုပ်တို့ကို အနှစ်ခြိုက်ဆုံး ဖြစ်၏။[၃]
အငြိမ့်သမဘဝတွင် ၂နှစ်မျှသာနေပြီး ဇာတ်မင်းသမီးအဖြစ်နှင့် ဓာတ်ပြား လောက၌ပါ ထင်ရှားခဲ့သည်။ ထိုနောက် မငွေမြိုင်သည် မြန်မာညွန့် ဦးချစ်မောင်အား ဦးစီးဦးဆောင် ပြုစေ၍ လက်ထောက်မင်းသမီး အောင်မေလှိုင်၊ အုံးကြည်၊ လူရွှင်တော် သော်ကတို့နှင့်အတူ ဇာတ်သဘင်လောကမှ အငြိမ့်သဘင် လောကသို့ ကူးပြောင်းခဲ့၍ မြခြေချင်း အငြိမ့်အဖွဲ့ကို တည်ထောင်ကပြခဲ့သည်။ ထိုစဉ်က မငွေမြိုင်၏ ဝင်ငွေမှာ တစ်လ ၈ဝဝ ကျပ်မျှ ရှိခဲ့လေသည်။ အငြိမ့်ဟု ခေါ်ရငြားသော်လည်း မငွေမြိုင်သည် ဇာတ်ဆန်ဆန် ဇာတ်လမ်းရှည်များခင်း၍ အငြိမ့်ကို မိုးလင်းသည်အထိ ကပြလေ့ရှိသည်။ မငွေမြိုင် ကပြခဲ့သည့် ဇာတ်များအနက် ထိုခေတ်က ပရိသတ် အကြိုက်ဆုံးမှာ ရွှေရိုးဇာတ်ဖြစ်သည်။ မငွေမြိုင်သီဆိုခဲ့သည့် သီချင်းများအနက် ပရိသတ်များအလွန်စွဲမက်၍ ကျော်ကြားခဲ့သော သီချင်းဆန်းများမှာ နန်းတော်ရှေ့ဆရာတင် ရေးသား စီကုံးသော မိန်းမမင်းတိုင်ပင် သီချင်း၊ စန္ဒကူးမြိုင် သီချင်းနှင့် ဦးထွန်းရှိန် သီချင်းတို့ပင် ဖြစ်သည်။ ထို့ပြင် အောင်ပင်လယ်တောထဲက ရွှေကျီးညို ငွေမြိုင်လာယင် ဆီးလို့ကြိုအစရှိသည့် ရွှေကျီးညို သီချင်းကား ထိုစဉ်က မြန်မာပြည်ထက်အောက်တစ်လွှား လူတိုင်း၏ပါးစပ်ဖျား၌ ခေတ်စားခဲ့သော မငွေမြိုင်၏ ကာလပေါ် သီချင်းဆန်းပင်ဖြစ်လေသည်။ ခရစ် ၁၉၂၇ ခုနှစ် ဒါဘာပွဲ၌ မငွေမြိုင်သည် ဘုရင်ခံ၏ ရွှေတံဆိပ်နှင့် နာမည်ကောင်းလက်မှတ် ခြီးမြှင့်ခြင်းကိုခံရသည်။ မငွေမြိုင်သည် အသက် ၄ဝ အရွယ်ထိ မင်းသမီးအဖြစ် ကပြခဲ့သည်။ အသက် ၄ဝ ကျော် လာသောအခါ၌ ကခုန်ခြင်းမှ အနားယူကာ ဇာတ်ထောင်ခြင်း၊ မင်းသား မင်းသမီးများမွေး၍ သဘင်ပညာ သင်ပေးခြင်းတို့ကို ဒုတိယ ကမ္ဘာစစ်ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များဝင်ရောက်လာသည်အထိ ဆောင်ရွက်ခဲ့၏။[၄]
မြခြေချင်း မငွေမြိုင်သီဆိုသည့် သီချင်းများကို ရန်ကုန်မှ အရှေ့ပိုင်းဆရာချစ်၊ ရုပ်သေးမင်းသား ဆရာကြည်၊ ဝိုင်အမ်ဘီ ဆရာတင် နှင့် နန်းတော်ရှေ့ ဆရာတင်တို့က ရေးစပ်ပေးကြ၍ နန်းတော်ရှေ့ ဆရာတင်၏ သီချင်းများက အများစုဟန်ရှိသည်။ နန်းတော်ရှေ့ ဆရာတင် ရေးသားသည့် ရွှေကျီးညိုသီချင်းမှာ အလွန်နာမည်ကျော်၍ ဓာတ်ပြားသွင်းကာ ရောင်းမလောက်အောင်စွံပြီး တစ်နိုင်ငံလုံးပျံ့နှံ့ သီဆိုခဲ့ကြသည်။ အောင်ပင်လယ် သီချင်း၊ ဝိုင်အမ်ဘီရေးသည့် အာကာသဇိုးသီချင်း၊ နန်းတော်ရှေ့၏ စန္ဒကူးမြိုင်သီချင်းတို့မှာလည်း အလွန်ကျော်ကြားခဲ့သည်။
နောက်ပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]မငွေမြိုင်သည် နာမည်ကျော်ဇာတ်မင်းသား အလင်္ကာကျော်စွာဘွဲ့ရ ရွှေမန်းတင်မောင်၏ ငယ်ဆရာဖြစ်သည်။ စစ်ပြီးခေတ်၌ မငွေမြိုင်သည် ရွှေမန်းချစ်တင်ဇာတ်ကို ခေတ္တထောင်သေး၏။ ထို့နောက် သဘင်ဂီတ၊ ကခုန်ခြင်း လုပ်ငန်းများအားလုံးကို ရပ်စဲ၍ နဂါးဆေးလိပ် ကိုယ်စားလှယ်အဖြစ် မန္တလေးမြို့ ရှမ်းပွဲရပ်၌ နေထိုင်ခဲ့သည်။ မြခြေချင်း ဟူသောအမည်ကို တပ်ယူခဲ့ခြင်းမှာ အဓိပ္ပာယ်ထူး မရှိခဲ့ဟု သိရလေသည်။ သို့သော် မြခြေချင်းကို အားကျအတုယူ၍ မိမိတို့ အမည်ရင်းရှေ့မှ စိန်ခြေချင်း'ရွှေခြေချင်း အစရှိသော အမည်များကို ယူခဲ့ကြသော မင်းသမီးများ ပေါ်ပေါက်ခဲ့ဘူးလေသည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]မငွေမြိုင်သည် ၁၃၂၁-ခုနှစ် တော်သလင်း လပြည့်ကျော် ၄ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်လေသည်။ [၅]အသက်၆၄ နှစ်အရွယ် ကွယ်လွန်သော်လည်း သားသမီး မထွန်းကားဘဲ မွေးစားသားနှင့် သမီး (မောင်မောင် နှင့် စိန်စိန်) ဟူ၍ရှိသည်ဟု လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာ စာအုပ်တွင် တွေ့ရသည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မငွေမြိုင် Archives (in en-US)။ 2026-07-10 တွင် ပြန်စစ်ပြီး။
- ↑ Ma Ngwe Myaing Sketch (in en-US)။ 2026-07-10 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ဇာတ်သဘင်မိခင်ကြီး မြခြေကျင်း မငွေမြိုင် – MoeMaKa Burmese News & Media (in en-US)။ 2026-07-10 တွင် ပြန်စစ်ပြီး။
- ↑ ရိုးရာစည်းမျဉ်းနှင့် အကသဘင် (in my)။ 2026-07-10 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- ↑ လူထုဒေါ်အမာ ရေးသားသော ပြည်သူချစ်သော အနုပညာသည်များ စာအုပ်