ငွေထည်လုပ်ငန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ငွေထည်လုပ်ငန်း[ပြင်ဆင်ရန်]

မြန်မာတို့၏ ငွေထည်လုပ်ငန်းသည် ဂုဏ်ယူဖွယ်ရာ ဖြစ်သော မြန်မာ့လက်မှုပညာတရပ် ဖြစ်၏။ ထိုလက်မှု ပညာကို မြန်မာ့အသုံးအဆောင်ဖြစ်သော ကွမ်းအစ်၊ ထုံးဗူး၊ ဖလား၊ ဆွမ်းအုပ်၊ ဓားရိုး စသည်တို့ကို ပြုလုပ်ရာ၌ အသုံး ပြုကြသည်။ ငွေထည်လုပ်ငန်းမှာ ပထမကမ္ဘာစစ် မဖြစ်မီအခါ ကပင် ကျော်စောခဲ့၏။ ထိုခေတ်က နယူးဒေလီမြို့၌ ကျင်းပ သော ပြပွဲများတွင် မြန်မာငွေထည်လက်ရာများသည် ထိပ်တန်း ၌ တည်ရှိခဲ့သည်။


မြန်မာငွေထည်လုပ်ငန်း၌ လက်ရာနှစ်မျိုးရှိသည်။ ယင်းတို့ မှာ ရန်ကုန်နှင့် သရက်မြို့လက်ရာများ ဖြစ်ကြသည်။ ရန်ကုန် လက်ရာမမှာ စေ့သပ်သေချာသော်လည်း ရိုး၏။ သရက်မြို့ လက်ရာမှာ စိတ်ကူးဆန်းကြယ်၏။ ရန်ကုန်နှင့် သရက်မြို့များ အပြင် မန္တလေးသည်လည်း ငွေထည်လုပ်ငန်း၌ ထင်ရှားသောမြို့ ဖြစ်သည်။ ရှမ်းလူမျိုးများလုပ်သော ငွေထည်များမှာ လက်ရာ တစ်ဘာသာကွဲပြား၍ နှစ်ခြိုက်ဖွယ်ရာရှိ၏။ မြန်မာငွေထည် လက်ရာများကို ဥရောပတိုက်သားများက အထူးပင်နှစ်သက်ကြ သဖြင့် အမြတ်တနိုး ဝယ်ယူတတ်ကြ၏။


ငွေထည်ပစ္စည်းများ လုပ်ကိုင်သည့် ငွေထည်လုပ်ငန်းကို မြန်မာနိုင်ငံတွင် မည့်သည့် အချိန်ကာလက စတင်ပြုလုပ်လာ သည်၊ ငွေထည်လုပ်ငန်း နည်းစနစ်များကို မည်သို့ရရှိလာသည် တို့ကိုမူ အတိအကျ မသိရပေ။ သို့သော် မှန်နန်းရာဇဝင်၌ အနော်ရထာမင်းလက်ထက်တွင် သထုံပြည်မှ မွေတော်မြတ်နှင့် ပိဋကတ်တော်တို့ကို ပင့်ဆောင်လာခဲ့ရာတွင် ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းရန်၊ ပန်းတော့၊ ပန်းတိမ် စသည်တို့ကိုလည်း ဆောင် ယူတော်မူခဲ့သည်ဟု တွေ့ရသည်။ ယင်းသို့ မြန်မာ သက္ကရာဇ် ၅၈၅ ခုနှစ်ထိုး၊ ပုဂံမြို့လေးထောင့်ကန်အရပ်၊ လေးမျက်နှာ ဘုရားကျောက်စာနှင့် ၆ဝ၃ ခုနှစ်ထိုး၊ ပုဂံမြို့ အရှေ့တောင် ယွန်းမြောက် ကူနီဘုရားကျောက်စာတို့က ပိုမို ထင်ရှားစေသည်။ လေးမျက်နှာဘုရားကျောက်စာတွင် 'ရှုယ်စမခန်၊ ငုယ် စမခန်၊ ရှုယ်ပေါက် ၂၊ ငုယ်ပေါက် ၂၊ ရှုယ်တန်ဆောင်၊ ငုယ် တန်ဆောင်'ဟူ၍၎င်း၊ 'ရှုယ် ၃ဝ သွန်သော ရှုယ်ပုရှာ ၁ ခု၊ ငုယ် ၅ဝ သွန်သော ငုယ်ပုရှာ ၁ ခု'ဟူ၍၎င်း၊ 'ရှုယ်ထီ ငုယ်ထီအိုဝ်လေဆောင်းဧအ်'ဟူ၍၎င်း တွေ့ရပြီး ဂူနီဘုရား ကျောက်စာတွင် မိဖုရားဖွားစော၏ အလှူ စာရင်း၌ 'ရှုယ်သပိတ် ငုယ်သပိတ်'ဟု တွေ့ရသည်။ ယင်းတို့ ပုဂံခေတ်အခါက ပန်းထိမ်များရှိခြင်း၊ လှူဖွယ်ပစ္စည်းများတွင် ငွေစမခန်၊ ငွေပေါက်ပေါက်၊ ငွေတန်ဆောင်း၊ ငွေဘုရား၊ငွေထီး၊ ငွေသပိတ် စသည်တို့ကို ပြုလုပ်လှူဒါန်းခြင်း စသော အမှတ် အသားများကို ထောက်ရှုခြင်းဖြင့် ပုဂံခေတ်ကပင် ငွေထည် လုပ်ငန်းမှာ တိုးတက်ထွန်းကားနေပြီဟု ယူဆရသည်။ ထိုထက်စောသော အချိန်ကာလမှ အထောက်အထားကို ရှာဖွေရာ၌ သရေခေတ္တရာခေတ်၏ ငွေထည်လုပ်ငန်းကို တွေ့ရ ၏။ ၁၉၂၆ ခုနှစ်၌ မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနမှ သရေခေတ္တရာမြို့ဟောင်း(မှော်ဇာ) ခင်ဘားကုန်းတွင် တူးဖော် တွေ့ရှိသည့် ပစ္စည်းများထဲ၌ ငွေထည်ပစ္စည်းများလည်း ပါဝင် လေသည်။ ထိုပစ္စည်းများမှာ လွန်ခဲ့သောနှစ်ပေါင်း တစ် ထောင့် နှစ်ရာက ဌာပနာထားဟန်တူသည်။ ယင်းငွေထည် ပစ္စည်းများကား ဘေးပတ်လည်တွင် တင်ပလ္လင်ခွေဘုရား ရုပ် ပွားလေးဆူကို ရုပ်ကြွထုလုပ်ထား၍ အလယ်တည့်တည့်မှ ဗောဓိပင် ပေါက်ဟန်ပြုလုပ်လျက် ဘုရားလေးဆူကြားတွင် မတ်ရပ်ရဟန္တာများကို ထည့်သွင်းရုပ်လုံးဖော်ထားသည့် ခေါင်း ပွငွေကြုတ်၊ လေးဖက်တွင် ဘုရားရုပ်ပွားလေးဆူပုံကို ရုပ်လုံး ဖော်ထားသည့် လေးထောင့်ငွေကြုတ်၊ ဒွာရပါလက(တံခါး စောင့်) ရုပ်ထုလုပ်ထားသော ငွေထည်ပစ္စည်းတို့ ဖြစ်သည်။ ဤငွေထည်ပစ္စည်းများသည် ထိုခေတ်၏ ငွေထည်လုပ်ငန်း၌ ကျွမ်းကျင်မှုကို ဖော်ပြလျက် ရှိသည်။ ထိုကြောင့် ငွေထည် လုပ်ငန်းသည် လွန်ခဲ့သောနှစ်ပေါင်း ၁၂ဝဝ ကျော် သရေခေတ္တ ရာခေတ်လောက်ကပင် ပေါ်ပေါက်ရှိနှင့်နေလျက် ငွေထည် ပစ္စည်းများကိုလည်း ကျနကောင်းမွန်သေသပ်စွာ သရုပ်ဖော် နိုင်ပြီဟု မှန်းဆရ၏။

သို့သော် ငွေထည်ပစ္စည်းများကို ရှေး မြန်မာမင်းများ ရှိစဉ်အခါက လူတိုင်း အသုံးပြုခွင့် မရချေ။ ရွှေထည်၊ ငွေထည် အဆောင်အယောင်များကို ဘုရင့်ဆွေတော် မျိုးတော်နှင့် ဂုဏ်ထူး ရာထူးအလိုက် ဘုရင်၏ ခွင့်ပြုချက် ရရှိသူများသာ လျှင် အသုံးပြုကြရလေသည်။ နှောင်းခေတ်၌ကား ပစ္စည်းဥစ္စာ ကြွယ်ဝသူတို့က ငွေဖလား၊ ငွေကွမ်းအစ်၊ ငွေထုံး ဗူးစသည့် ငွေထည်အသုံးအဆောင်များကို ဝယ်ယူထားလေ့ရှိကြသည်။ သို့သော် ထိုငွေထည်ပစ္စည်းများကို နေ့စဉ် အသုံးမပြုဘဲ ပွဲလမ်းသဘင်၊ အလှူ၊ မင်္ဂလာအခမ်းအနားများ၌သာ အသုံးချ တတ်ကြသည်။ ယင်းသို့ အများသုံး ပစ္စည်းများဖြစ်လာသည့် အတွက် ထိုလုပ်ငန်းမှာ ဖွံ့ဖြိုးလာခဲ့၏။ ငွေထည်လုပ်ငန်းတွင် ငွေထည်ပစ္စည်းများကို အရုပ်များ၊ ပန်းခက်ပန်းနွယ်များဖြင့် ရုပ်လုံးဖော်ကာ ထွင်းလုပ်ထားခြင်း သည် ငွေထည်လုပ်ငန်း၏ အသက်ဟု ဆိုရပေမည်။ ငွေထည် ပစ္စည်းတွင် ပန်းခက်ပန်းနွယ်၊ ဇာတ်နိပါတ်ရုပ်ပုံများကို ပစ္စည်း အလိုက် ထုလုပ်ထားတတ်၏။ အများအားဖြင့် ငွေဖလားကြီး များ၌ ဇာတ်ကြီးဆယ်ဖွဲ့မှ အခန်းများ၊ ငါးရာ့ငါးဆယ် နိပါတ် တော်လာ ရုပ်ပုံများ၊ ၁၂ ရာသီစက် အမှတ်အသားများ၊ ပန်းပုံ များကို သရုပ်ဖော်ကာ ရုပ်ကြွများအဖြစ် ထုလုပ်ထားတတ် သည်။ ငွေထည်လုပ်ငန်းတွင် ပညာရှင်၏ ပညာစွမ်း၊ လက်ရာ စွမ်းကို ဆုံးဖြတ်ရာ၌ ငွေထည်ပစ္စည်း၏ ပုံပန်းသရုပ်ဖော်ထား သော ပန်းခက်ပန်းနွယ် ရုပ်ပုံများကို အနုစိတ်နိုင်နင်းခြင်း၊ သရုပ်ပေါ်အောင် ဖော်နိုင်ခြင်းနှင့် ရုပ်လုံးဖော်နိုင်ခြင်းတို့ကို ကြည့်ရှု ဆုံးဖြတ်တတ်ကြသည်။ ထိုကြောင့် ရှေးအခါက ငွေ ဖလားကြီးတွင် ပတ်လည်အပြည့်မျှ ပန်းခက် ပန်းနွယ်၊ ခြူး ကနုတ်၊ ယိုးဒယားပန်းများ၊ ရုပ်လုံးများဖြင့် လက်စွမ်းပြ ထားတတ်သည်။ တစ်ခါတစ်ရံ ငွေဖလားကြီး၏အပေါ်ပိုင်းတွင် သဇင်ခွေ၊ ကုလားပန်း၊ ခြူးတက်များကို ပေါင်းစပ်လျက် အလယ်ပိုင်း၌ ဇာတ်နိပါတ်လာ ရုပ်ပုံများကို သရုပ်ဖော်၍ ဖလား၏ အောက်ခြေတွင် မှော်ရွက်များဖြင့် လက်စွမ်းပြ တတ်၏။ ယင်းသို့ သရုပ်ဖော်ရာတွင် ပညာရှင်၏ ဉာာဏ်စွမ်း လက်စွမ်းအလိုက် တစ်ဦးနှင့်တစ်ဦး တစ်ခုနှင့်တစ်ခု မတူ၊ ထူးခြားချက်များ ရှိတတ်သည်။


ထိုငွေထည်လုပ်ငန်းမှာ များစွာ စိတ်ဝင်စားဖွယ် ကောင်း လှ၏။ ငွေထည်ပစ္စည်းများလုပ်ရာတွင် လုပ်မည့်ပစ္စည်းအတန်း အစားအလိုက် ဘော်ခေါ်မည့် အကောင်းဆုံးငွေ ၉၉ ဒသမ ၅၊ ၉၄ ဒသမ ၅၊ ၈၉ ဒသမ ၅ စသည့် ရာခိုင်နှုန်းပါရှိသည့် ငွေများတွင် ကြေးနီအကောင်းစား အနည်းငယ်ထည့်၍ လုပ်ကိုင် တတ်ကြသည်။ ဘော်ချည်းသက်သက်ဖြင့် ပြုလုပ်သော ငွေ ထည်များမှာ အလွန်ပျော့ပျောင်းသဖြင့် သုံးစွဲရာတွင် အထိ အခိုက်မခံတတ်ချေ။ ထိုကြောင့် သုံးစွဲရာ၌ ခိုင်ခံ့ရန် ကြေးနီ ထည့်ရခြင်း ဖြစ်၏။ ဘော်ငွေကို ကြေးနီနှင့်အတူ မြန်မာဖြစ် မြေလုံ သို့မဟုတ် နိုင်ငံခြားဖြစ် ချော်လုံတို့တွင်ထည့်၍ မီးသွေး ဖုံးကာ၊ အသားမာမီးသွေး နှစ်အုပ်၊ သုံးအုပ်မျှဖြင့် ဖို၌ မီးပြင်း ထိုးပေးရသည်။ မီးသွေးတစ်အုပ်လျှင် ၁၅ မိနစ်ခန့်ကြာရာ မိနစ် ၃ဝ မှ ၄၅ မိနစ်အတွင်းတွင် လုံတွင်းရှိငွေမှာ အရည် ပျော်လာလေသည်။ ထိုငွေရည် ကြည်လင်စေရန် ဇာဝက်သာ အနည်းငယ် ထည့်ပေးရ၏။ ငွေရည်ကြည်လင်လာသောအခါ ပူအောင်မီးကင်၍ ရေနံဆီ၊ ဖယောင်း၊ တစ်ခုခုဖြင့် အနည်းငယ် သုတ်ထားသောအဝ ၈ လက်မမှ ၁ဝ လက်မအတွင်းရှိ သံဒယ် ပက်ထဲသို့ ငွေရည်ကိုလောင်းထည့်လိုက်လျှင် ငွေခဲ၊ ငွေခွက် ဖြစ်လာသည်။ ထိုငွေခဲငွေခွက်ကို ည|ပ်ဖြင့်ယူ၍ သံပေတုံး ပေါ်တွင်တင်ကာ အလိုရှိရာ ပုံသဏ္ဌာန် အရွယ်အစားရရှိအောင် တူအမျိုးမျိုးဖြင့် ခတ်ခြင်း၊ မီးဖုတ်ခြင်းတို့ကို အကြိမ်ပေါင်းများ စွာ ပြုရ၏။ ထိုသို့ တူခတ်ခြင်းဖြင့် အလိုရှိရာပစ္စည်းဖြစ်အောင် လုပ်ရလေသည်။ ယင်းသို့ လုပ်ပြီးသည့်ပစ္စည်းကို အဖြူထည်ဟု ခေါ်၏။

အဖြူထည်လုပ်သည့် ငွေပန်းတိမ်ထည်ကို အဖြူထည် ဆရာဟု ခေါ်သည်။ အဖြူထည်ကို ကျင်လည်စွာ လုပ်နိုင်ရန် ၂ နှစ်မှ ၃ နှစ်အထိ သင်ကြားရသည်။ ထိုအဖြူထည်ပစ္စည်းကို ပန်း၊ အရုပ်များထုလုပ်ရန် ပန်းထု ဆရာလက်သို့ အပ်ရ၏။ ပန်းထုဆရာမှာ အနုပညာဖြစ်၍ ကျင် လည်စွာ တတ်မြောက်ရန် ၃ နှစ်မှ ၅ နှစ်အထိ ဝီရိယကောင်း စွာ အားထုတ်သင်ကြားရသည်။ အဖြူထည်ကို ပန်းထုရန် အင်တွဲ တစ်ပိသာလျှင် ရေနံ ၂၅ ကျပ်သား၊ မြေနီ ၁၂ကျပ် သားတို့ဖြင့် ရောစပ်ကျိုချက်သည့် ချိပ်ရည်ဖြင့် အဖြူထည် ထဲသို့ လောင်း ထည့်လျက် လက်ကိုင်ရန် သစ်သားတစ်ခုကို စိုက်ထားရ၏။ လောင်းပြီး ၁ဝ နာရီခန့်အကြာတွင် ချိပ်ရည် အေးသွားလေသည်။ ထိုအခါ အလိုရှိသော ပန်းရွက်ပန်းကွက်၊ ဇာတ်ထုပ် ဇာတ်ကွက်များကို ခဲတံဖြင့် ရေးဆွဲရ၏။ စိတ်ကြိုက် ပုံများ ရေးဆွဲပြီးသောအခါ ပုံများ ပျက်မသွားစေရန် ကောက် ဆောင် ခေါ်သော အသေးဆုံး ဆောက်ကလေးများဖြင့် ဆောက် ကြောင်း ကောက်ရသည်။ ဆောက်ကြောင်းကောက်ပြီးလျှင် အတွင်းရှိ ချိပ်များကို မီးမြိုက်ကာ ထုတ်ပစ်ရ၏။ ထိုနောက် အထည် ပစ္စည်းအတွင်းဖက်မှ ကျည်ပွေ့ခေါ် ဆောက်များဖြင့် ဖောင်းကြွစေလိုသော ပန်းများ၊ အရုပ်များကို ထုရိုက်၍ ဖော် ပေးရသည်။ ယင်းသို့ပုံများကို ဖော်ပြီးသောအခါ အထည် ပစ္စည်းအတွင်းသို့ ချိပ်ရည်ကို တစ်ဖန် ထည့်ရပြန်သည်။ ချိပ်အေးသွားလျှင် ဆောက်အမျိုးမျိုးတို့ဖြင့် အရုပ်များ ပန်းများ ကို သဘာဝ ပေါ်အောင် အကြမ်းထုလုပ်ရ၏။ ပုံကြမ်းများ ဖော်ပြီးလျှင် ချိပ်ကို တစ်ဖန် ထုတ်ပစ်ရပြန်သည်။ ချိပ်ထုတ် ပြီးနောက် ငွေထည်ကို သံကောက်ပေါ်တင်လျက် တွန့်လိမ်နေ သော နေရာများကို ပြေပြစ်အောင် နင်းပြားခေါ် ဆောက်များ ဖြင့် ထုလုပ်ပေးရ၏။ ဤလုပ်ငန်းပြီးလျှင် နောက်ဆုံးအကြိမ် ချိပ်ရည်လောင်း၍ ထည့်ရပြန်သည်။ ဤအကြိမ်တွင် ပန်းထု ဆရာသည် စိတ်ကိုကြည်လင်စွာထားလျက် အာရုံစိုက်ကာ ပန်းများ၊ အရုပ်များကို အနုစိတ် ထုလုပ်ရသည်။ ယင်းသို့ နောက်ဆုံးအပြီးသတ် အနုစိတ်လျက် ပန်းကွက်ပန်းနွယ်၊ အရုပ် များကို သပ်ရပ် သေချာစွာ ဖော်ပြီးနောက် ချိပ်ကို ချွတ်လိုက် ရသည်။ ထိုသို့ ပန်းထုပြီးသော ပစ္စည်းကို အဖြူထည်ဆရာလက်သို့ တစ်ဖန် ပြန်လည် ပေးအပ်လိုက်ရ၏။ အဖြူထည်ဆရာက ငွေ ထည်ပစ္စည်းကို နောက်ဆုံးအရောင်တင်ပြီးအထိ လုပ်ကိုင်ရ သည်။ အဖြူထည်ဆရာသည် ပန်းထုပြီး ပစ္စည်းကို ပုံပန်း အချိုးအစား ကျနစေရန် ပြုပြင်ပေးခြင်း၊ ပန်းထုစဉ်ကဖြစ်သော အပေါက်အပြဲများကို ဖာထေးဂဟေဆော်ခြင်း၊ ချောမွှတ်အောင် တံစင်း၊ ကော်ဖတ်များဖြင့် တိုက်စားခြင်းတို့ကို ပြုလုပ်ရသည်။ ထိုသို့ အပြီးသတ်ဆောင်ရွက်ပြီးနောက် ပစ္စည်းကို အရောင်တင် ရလေသည်။ အရောင်တင်ရာ၌ ရှေးဦးစွာ ပစ္စည်းကို မီးဖုတ်၍ ကြေးသွားပွတ်တံနှင့်တိုက်လျက် ကျန်ရှိနေသော ချိပ်များကို စင်အောင်ဆေးရသည်။ ထိုနောက် တစ်ဖန် မီးနပ်အောင်ဖုတ်ပြီး လျှင် ကြေးနီအိုးဖြင့်ကျိုထားသော ကျောက်ချည် ရည်ထဲသို့ ထည့်ကာ ၁၅ မိနစ်၊ မိနစ် ၂ဝ မျှကြာအောင်ပြုတ်ရ၏။ ဤသို့ ပြုတ်ခြင်းအားဖြင့် အညစ်အကြေးများ ကင်းစင်လျက် ဖြူဖွေးသော နဂိုငွေရောင်သို့ ပြောင်းလာသည်။ အကယ်၍ အရောင်ညစ်နေသေးလျှင် နောက်ထပ် နှစ်ကြိမ် သုံးကြိမ်မျှ ရှေးနည်းအတိုင်း မီးဖုတ်၍ ကျောက်ချဉ်ရည်ဖြင့် ပြုတ်ခြင်းဖြင့် လိုရာအရောင်အထိ ဖြစ်လာနိုင်သည်။ ကျောက်ချဉ်ရည်ကို အသုံးမပြုလိုသူများမှာမူ ကန့်စားငရဲမီးတစ်ဆကို ရေ ၁၅ ဆမှ အဆ ၂ဝ ထိရော၍ ကြွေသို့မဟုတ် စဉ့်သုတ်ခွက်ကြီးတစ်ခု တွင်ထည့်ကာ မီးဖုတ်ပြီး အထည်ကို ထိုအရည်တွင် တစ်နာရီ၊ နှစ်နာရီမျှ စိမ်ထားရ၏။ ယင်းသို့ စိမ်ခြင်းဖြင့် ကျောက်ချဉ် ရည်တွင် စိမ်သည့်နည်းတူ ငွေရောင်ကို ရရှိနိုင်သည်။ ကြိုက် ရောင်ရရှိလာသည့်အခါတွင် ကုလားကင်ပွန်းသီး ပြုတ်ရေနှင့် စပ်ထားသော ရေဖြင့် အထည်ကို ဆွတ်လျက် ကြေးသွား ပွတ်တံနှင့် တိုက်၍ပေးရသည်။ ထိုအခါ ငွေထည်မှာ တောက် ပြောင်၍ လာလေသည်။

မိလ္လာထည်[ပြင်ဆင်ရန်]

ငွေထည်လုပ်ငန်း၏ တစိတ်ဒေသဖြစ်သော မိလ္လာထည်လုပ်ငန်း ကို မြန်မာငွေပန်းထိမ်သည် အမြောက်အမြားပင် တတ်မြောက် ကြ၏။ သို့သော် မီးပူခံ၊ ကန့်ညော်ခံ၍ လုပ်ရသောကြောင့် အနည်းငယ်သာ လုပ်ကိုင်ကြသည်။ မိလ္လာထည်တွင် ရုပ်ပုံ ပန်းပုံများမှာ အမည်းခံလျက် ငွေကြောင်းလိုက်၍ ရေးသား ထားသကဲ့သို့ သဏ္ဌာန်ပေါ်ထွက်နေစေသည်။ မိလ္လာနှင့်လုပ် သော အထည်များမှာ ဖလားထုံးဗူးဓားရိုး စသည်များ ဖြစ်သည်။ မိလ္လာဖော်သည့်အခါ ခဲနှစ်ဆ၊ ငွေတဆ၊ ကြေးနီတစ်ဆ ရောစပ်၍ အရည်ဖြစ်အောင် မီးပြင်းထိုးလျက် သင့်လျော်ရုံ ကန့်ပစ်ရသည်။ မိလ္လာမြုပ်သည့်အခါ အထူလက်မသုံးပုံ တစ်ပုံ ခန့်ရှိ ငွေထည်ကို အပြားခတ်၍ ပန်းပုံရုပ်ပုံများကို ရေးသားထု လုပ်ပြီးနောက် ရုပ်လုံးထုပြီးသား နေရာများကို ချန်လှပ်ကာ ကျန်နေရာများကို နင်းချရသည်။ ဖော်ထားသော မိလ္လာကို မှုန့်မှုန့် ကြိတ်၍ လက်ချားနှင့်ရောလျက် နင်းချထားသော နေရာများတွင် လိုက်ထည့်ရသည်။ မိလ္လာမှုန့် ထည့်ပြီးလျှင် သံအိမ်တွင် ထည့်၍ မီးပြင်းထိုးရ၏။ ထိုအခါ အရည်ဝင်၍ မိလ္လာမြုပ်ပြီး ဖြစ်လေသည်။ ထိုနောက်မြုပ်ရာများကို ချော အောင် တံစင်း၊ ကော်ဖတ်၊ မီးသွေးမှုန့်နှင့် အဆင့်ဆင့် တိုက် ပွတ်၍ နောက်ဆုံးတွင် ငွေထည်ကို အရောင်တင်သကဲ့သို့ အရောင်တင်ရသည်။

ငွေထည်ပုံများ[ပြင်ဆင်ရန်]

ခေတ်အသီးသီး၌ ထွန်းကားခဲ့သော မြန်မာ့ငွေထည်လက်ရာများကို နမူနာမျှ ဖော်ပြလိုပေသည်။ ဤအကြောင်းရပ်နှင့် တွဲ၍ ပုံပေါင်း ၁၁ ပုံ ဖော်ပြထားသည်။ ယင်းတို့အနက် ပုံအမှတ် ၁ မှာ ၁၉၂၆ ခုနှစ်တွင် သရေခေတ္တရာမြို့ဟောင်း ခင်ဘားကုန်းမှ တူးဖော်တွေ့ရှိသော ဗောဓိပင် ပေါက်နေ ပုံသဏ္ဌာန်ရှိသည့် ငွေခေါင်းပွကြုတ်ဖြစ်သည်။ ဘေးပတ် လည်တွင် တင်ပလ္လင်ခွေ ဘုရားရုပ်ပွားတော် ရုပ်ကြွ လေးဆူထုလုပ်ထားသည်။ ဘုရားရုပ်ပွားတော် လေးဆူ၏ အကြားတွင် မတ်ရပ် ရဟန္တာများကို ရုပ်ကြွများ ပြုလုပ်လျက် ဘုရားဘွဲ့မည်များနှင့် ရဟန္တာဘွဲ့မည်များကို ပျူအက္ခရာဖြင့် ကမ္ပည်းထိုး ရေးထားသည်။ ဗောဓိပင်မှာ ပင်စည်တစ်ပိုင်းသာ ကျန်ရစ်သည်။ အကိုင်းအခက်များ ကြွေကျပျောက်ပျက်ကုန်ပြီ ဖြစ်၏။ ယင်းဗောဓိပင် ငွေကြုတ်မှာ သရေခေတ္တရာခေတ် လောက်က ပြုလုပ်သော လက်ရာဟု ယူဆရ၏။ ပုံအမှတ် ၂ မှာ ၁၈ နှင့် ၁၉ ရာစုအတွင်းက လက်ရာများ ဖြစ်၏။ ထိုပုံပါဖလားများကို အမှတ်စဉ်ပေးထားသည်။ အမှတ် (၁)နှင့် (၂) ဖလားများသည် ပုံတွင်ပါသော ဖလားများအားလုံး အနက် ရှေးအကျဆုံးဖြစ်သည်။ ထိုရှေးကျသော ဖလားနှစ်လုံး သည် ခရစ် ၁၇ဝဝ နှင့် ၁၈ဝဝ ပြည့်နှစ်အတွင်းက လုပ်ကိုင်ခဲ့ သည့် ဖလားများနှင့် လက်ရာချင်း စံနစ်ချင်း တူသည်။ ရုပ်ပုံ ပန်းပုံကောင်းစွာ မပေါ်သော်လည်း နှစ်မီးဖော်မှ ယခုကဲ့သို့ ဖြစ်အောင် လုပ်ကိုင်၍ ရနိုင်ရန် ရှိသည်။ အမှတ် (၃)၊ (၄)၊ (၅) ဖလားများမှာ ခရစ် ၁၈ဝဝ နှင့် ၁၉ဝဝ ပြည့်နှစ်အကြား လွန်ခဲ့သည့်နှစ်ပေါင်း ၁ဝဝ ခန့်လောက်က လုပ်ကိုင်ခဲ့သည်ဟု ယူဆရ၏။ ထိုဖလားများတွင် ရုပ်ပုံပန်းပုံများမှာ ပို၍ ပေါ် သော်လည်း တမီးတည်းဖော်သောကြောင့် အလွန်ကြမ်း၏။ အဆင်အပြင်မှာ အလွန်ကောင်းသည်။ အမှတ် (၆) နှင့် (၇) ဖလားများမှာ တစ်ခေတ်တည်းလုပ် ဖလားများဖြစ်၏။ တစ်ဆဲ့နှစ်ရာသီရုပ်များကို ထုလုပ်လျက် မြန်မာဘုရင်မင်းတို့ ဦးခေါင်းဆေးလျှော် သင်္ကြန်တော်ခေါ်သည့် အခါမျိုးတွင် သုံးသော ဖလားစနစ်ပုံမျိုးများ ဖြစ်သည်။ ထိုအချိန်က အကောင်းဆုံးသောဖလား ဖြစ်ဟန်တူသည်။ ပုံအမှတ် ၃ မှာ ဇာပေါက်ဖလားဖြစ်၏။ ထိုဇာပေါက်ဖလား ကို ၁၈၈၅ ခုနှစ်လောက်က ရန်ကုန်မြို့မှ ဦးရွှေရုံဆိုသူက စနစ် ထုတ် ထုလုပ်ခဲ့သည်။ ထိုဇာပေါက်ဖလားမှာ ထုလုပ်သမျှသော ဇာပေါက်ဖလားများအနက် အကောင်းဆုံးဖြစ်၏။ ပန်းပုံမှာ သဇင်နွယ်၊ ကုလားပန်း၊ ခြူးတက် သုံးမျိုးရောစပ်သော ပန်းပုံ ဖြစ်သည်။ ပန်းတစ်မျိုးတည်းနှင့် ရိုး၍မနေရန် ပန်း အမျိုးမျိုး ရောစပ်၍ ထုလုပ်နိုင်သော ပညာကို မြန်မာငွေပန်းထိမ်တို့သည် များစွာ နှစ်သက်ကြလေသည်။ ဖလားအောက်ပန်းမှာ မှော်လှည့် ၍ ရစ်သောပန်း ဖြစ်သည်။ ထိုပညာရှင် ဦးရွှေရုံမှာ ဗြိတိသျှ ခေတ် ဘုရင့်အင်ဂျင်နီယာတပ်အတွက် ထူးဆန်း ကောင်းမွန် သော အထည်တစ်ခုကို ထုလုပ်ပြီးနောက် မကြာမီ ၁၈၈၉ ခုနှစ်တွင် အနိစ္စရောက်လေသည်။ ပုံအမှတ် ၄ မှာ ၁၈၈၅ ခုနှစ်လောက်က ဦးဘိုးသက်ဆိုသူ လုပ်သော ငွေဆွမ်းအုပ်ပုံ ဖြစ်၏။ ဆွမ်းအုပ်ကို စေတီပုံမျိုး ပြုလုပ်ထားသည်။ ဤပုံဆွမ်းအုပ်မျိုးမှာ မြန်မာဘုရင်တို့ ဘုရား ဆွမ်းတော်တင်ရန်သုံးသော ပုံမျိုးဖြစ်လေသည်။ မြန်မာငွေထည် လုပ်ငန်းတွင် ပညာစွမ်းကိုပြနိုင်သော လက်ရာကောင်းတစ်ခု ဖြစ်သည်။ ပုံအမှတ် ၅ မှာ ၂ဝ ရာစုနှစ်အစလောက်တွင် ရွှေတံဆိပ် တော်ရ ပညာရှင် ဦးရင်မောင် ထုလုပ်သော ငွေဒေါင်းပေါင် (ငွေလင်ပန်းငယ်) ဖြစ်သည်။ ပုံအမှတ် ၆ မှာ ငွေထုံးဗူးနှင့် ငွေဖလားဖြစ်၍ ၁၉ဝ၂ ခုနှစ်တွင် ကျင်းပသော ပြည်နယ် အနုပညာပြိုင်ပွဲတွင် ဆုရ သောလက်ရာ ဖြစ်သည်။ ထိုပစ္စည်းနှစ်မျိုးလုံးသည် ရန်ကုန်မြို့ ပညာရှင်တို့၏ စေ့စပ်သေချာမှုကို ပြလေသည်။ ငွေထုံးဗူး တွင် ဖော်ထားသော သေးငယ်လှသည့် ရုပ်ပုံပန်းပုံများကို အခြား ဒေသမှ ပညာရှင်များပင် တတ်နိုင်စွမ်း မရှိအောင် အသေးစိတ် သေသပ်လှ၏။ ပုံအမှတ် ၇ သည် နယူးဒေလီမြို့တွင် ထိုခေတ်က ကျင်းပ သော ပြပွဲ၌ မြန်မာပြည်မှပေးပို့သော မြန်မာငွေထည် လက်ရာ များ ဖြစ်၏။ ထိုငွေထည်များမှာ ရာမဇာတ်မှ ဇာတ်ကောင်များ ဖြစ်သည်။ အောက်ဆုံးတန်းရှိ လက်ဝဲအစွန်ပုံမှာ ရာမရုပ်ဖြစ်၍ လက်ယာအစွန်ရှိ ငွေထည်ရုပ်မှာ သီတာရုပ်ဖြစ်သည်။ အလယ် ရုပ်သည် ရာမ၏အကြံပေး ဝါမီကီ ဖြစ်သည်။ အလယ်တန်းရှိ လကျာ်ဖက်ရုပ်မှာ သိန်းခိုပြည့်ရှင်ဒဿဂီရိဘီလူးရုပ်ဖြစ်၏။ လက်ဝဲရုပ်မှာ ဒဿဂီရိ၏ နှမဂမ္ဘီရုပ် ဖြစ်သည်။ ထိပ်ဆုံးပုံမှာ ဟနုမာန်မျောက်မင်းရုပ်ပုံ ဖြစ်သည်။ ငွေထည်ရုပ် အသီးသီးမှာ ဟန်မူရာ အသက်ပါ၍ လက်ရာကောင်းသည်ဟု ဆိုရ ပေမည်။ ပုံအမှတ် ၈ မှာ ၁၉ဝ၄ ခုနှစ်တွင် မန္တလေးမြို့မှ ဦးကြင် လုပ်သော ငွေဖလားပုံ ဖြစ်၏။ ဦးကြင်မှာ သရက်မြှို့လက်ရာ ဖြစ်သော ငွေထည်ပညာကို တတ်မြောက်သူ ဖြစ်ပေသည်။ ထိုခေတ်က လက်ရာကောင်းငွေထည် ဖြစ်သည်။ ပုံအမှတ် ၉ မှာ ၁၉ဝ၄ ခုနှစ်တွင် ပထမဆုရသော ဦးရွှေဝ ထုလုပ်သည့် ငွေထည်ပစ္စည်းပုံ ဖြစ်သည်။ ယင်း၏ ပန်းပုံ၊ အရုပ်ပုံများသည် ပညာရှင်၏ လက်စွမ်းကို ဖော်ပြလျက် ရှိသည်။ ပုံအမှတ် ၁ဝ မှာ ငွေထည်လုပ်ငန်းနှင့် ငွေထည်လုပ်ငန်း၌ အကျုံးဝင်သော မိလ္လာထည်ကို ပြသည်။ ငွေအိမ်စွပ် ဓားမြေ|ာင် များသည် နယူးဒေလီမြို့ပြိုင်ပွဲတွင် ရွှေတံဆိပ်ရ ဆရာများ၏ တပည့်တို့ကို တောင်ငူနှင့် ရွှေကျင်မြို့များတွင် လုပ်သော လက်ရာများ ဖြစ်သည်။ အလယ်မှဓားကို ပဲခူးမြို့မှ ဦးဘိုးဇင် လုပ်၏။ ထိုဓားမြှောင်ရိုးမှာ ဆယ်စွယ်ရိုးဖြစ်၍ ဓားအိမ်မှာ သစ်သားအိမ်ဖြစ်၏။ ဓားအိမ်ကို ငွေဖြင့်ခွေ၍ မိလ္လာလုပ်ငန်း လက်ရာကောင်းကို အစွမ်းပြထားလေသည်။ ပုံအမှတ် ၁၁ မှာ ၁၉ ရာစုမှ ၂ဝ ရာစုအကူးတွင် ထင်ရှား ခဲ့သော မြန်မာငွေထည်ပညာရှင်များ၏ပုံ ဖြစ်သည်။ ထိုပညာ ရှင်များမှာ လက်ဝဲမှ လက်ယာသို့ အစဉ်အတိုင်းအားဖြင့် ဦးရင်မောင်(နယူးဒေလီမြို့ ရွှေတံဆိပ်ရ)၊ ဦးသူလှိုင်၊ဦးဘိုးကျော် (နယူးဒေလီမြို့ ကြေးတံဆိပ်ရ)၊ ဦးဘိုးမြင့်၊ ဦးဘိုးသက် (ဂျေပူးမြို့ ရွှေတံဆိပ်နှင့် ကာလကတ္တားမြို့ ငွေတံဆိပ်ရ)၊ ဦးဘိုးခင် (ဒေလီမြို့ ငွေတံဆိပ်ရ)၊ ဦးရွှေဝနှင့် ဦးဘိုးဇင်တို့ ဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)