ငိုချင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ငိုချင်း[ပြင်ဆင်ရန်]

မြန်မာဇာတ်ပွဲတို့တွင် လွမ်းခန်း၌ငိုသောအခါ ဆိုသော သီချင်းသည် ငိုချင်းဖြစ်သည်။ ငိုချင်းဟူသော စကား၏ ဗြုပ္ပါဒ် ကိုရှာသော်၊ ငိုဟူသောသဒ္ဒါနှင့် အချင်း (ရှေးရေး-အခြင်း) ဟူသော သဒ္ဒါ သို့မဟုတ် ငိုဟူသောသဒ္ဒါနှင့် သီချင်းဟူသော သဒ္ဒါနှစ်ခုတို့ ပေါင်းစပ်ထားသောစကား ဖြစ်သည်ဟု ယူဆရန် ရှိပေသည်။ ငိုသည်ဟူသည်မှာ စိတ်နှလုံးပူပန်သောက ရောက် သဖြင့် မျက်ရည်ယိုပြိုက် ရှိုက်ကြီးတငင် ဆိုမြည်တမ်းတခြင်း ပင် ဖြစ်၏။ ထိုကြောင့် ငိုချင်းသည် စိတ်နှလုံးပူပင် သောက ရောက်သည်ကို ဖွဲ့နွဲ့ သီဆိုအပ်သော သီချင်းဟု ဆိုအပ်၏။ ငိုချင်းဟူသော အသုံးအနှုန်းကို ရှင်အဂ္ဂသမာဓိ စပ်ဆို အပ်သော နေမိငရဲခန်းပျို့တွင် 'ရုံးစည်းသောင်းသောင်း၊ ငိုချင်း ပေါင်းလျက်၊ ဆိုးတောင်းခံဘက်၊ တရွာနက်သို့'ဟူ၍၎င်း၊ ထို ဆရာတော်၏ သုဝဏ္ဏသျှံ သစ္စာခန်းပျို့တွင် 'ခွေ့ခွေ့ညိုးစွာ၊ ငိုခြင်းရာကား၊ သင်္ချာသုံးထောင်၊ တာပြည့်ဆောင်လျက်' ဟူ၍ ၎င်း၊ 'ရင်ခွင်ပိုက်ထား၊ မွေးသည့်သားကို၊ နှစ်ပါးတူညီ၊ လွမ်း ဟန်ချီလျက်၊ ဤကား ညဦးငိုချင်းတည်း'ဟူ၍၎င်း တွေ့ရှိ ရ၏။ ထိုကြောင့် ငိုချင်းဟူသော ဝေါဟာရသည် အင်းဝခေတ် မြန်မာသက္ကရာဇ် ၉ဝဝ ခန့်လောက်ကပင် ပေါ်ပေါက်ခဲ့ပြီဟု ယူဆရန် အကြောင်းရှိ၏။ ထိုအင်းဝခေတ်ပေါ် ငိုချင်းများ သည် ကုန်းဘောင်ခေတ် နောက်ပိုင်းနှင့် ယခုခေတ်ပေါ် ငိုချင်း များနှင့် သီကုံးပုံချင်း တူချင်မှ တူမည်ဖြစ်သော်လည်း နှလုံး မသာမယာ စိတ်ပူပန်တမ်းတမှုကို ဖွဲ့နွဲ့သော အဖွဲ့အနွဲ့များပင် ဖြစ်၍ အခြေခံသဘောချင်းမှာကား တူညီကြပေလိမ့်မည်ဟု ယူဆ မှတ်ဖွယ်ရှိ၏။

အင်းဝခေတ်၌ ငိုချင်းကို မည်ကဲ့သို့ ဖွဲ့နွဲ့သည်ဟု ပြဆိုရန် သာဓက မရှိချေ။ ထိုကြောင့် ထိုခေတ်ရှိ ငိုချင်းအဖွဲ့အနွဲ့မှာ မည်သို့ရှိလေမည်ဟု ဖော်ပြရန် ခက်သည်။ သို့သော် စာပေ အနုပညာသဘော၌ စကားပြေမှ လင်္ကာ၊ လင်္ကာမှ ဂီတဟူ၍ တစ်ဆင့်ထက် တစ်ဆင့် တိုးတက်ပြောင်းလဲလေ့ရှိသည့် သဘောကို ထောက်ချင့်၍ လူတို့၏ ပရိဒေဝတောက်လောင်မှုကို သရုပ်ဖော်ကာ ကရုဏာရသကိုဖြစ်စေသော စကားပြေ အနှုန်း အဖွဲ့မှသည် လင်္ကာအဖွဲ့အနွဲ့၊ ဂီတအဖွဲ့အနွဲ့တို့သို့ အဆင့်ဆင့် တိုးတက်ကူးပြောင်းသည်ဟုဆိုလျှင် ယုတ္တိတန်ရာသည်။ ဤသို့ တိုးတက်ပြောင်းလဲတတ်သော သဘောနှင့်ယှဉ်၍ ကြည့်လျှင် မြန်မာသက္ကရာဇ် ၁၁၁၃ ခု ဟံသာဝတီရောက် မင်းတရားကြီး ဆိုသော အင်းဝမြို့ဖွဲ့ တမ်းချင်းသည် နှောင်းခေတ်၌ ခေတ် စားလာသောငိုချင်းတို့နှင့် သဘောသွားချင်း ဆက်စပ်နေသည် ဟု ယူဆရန်ရှိလေသည်။ယင်းတမ်းချင်းမှာ 'လုဇ္ဇတိပလုဇ္ဇတီတ လောကော၊ သဘောနိယံ၊ လောကဓံနှင့်ဆက်ဆံကြုံကြိုက်၊ ကိန်းခန်းလိုက်ဖြင့် ရစ်ပိုက်မြစ်ဆုံ၊ ရွှေဘုံအဝ၊ ပူရိန္ဒကား၊ နရ သနင်း၊ မင်းလည်းရှင်းကွာ၊ ပြည်ရွာပျက်စီး၊ တောကြီး ဟူ လောက်၊ မျက်မှောက်လင်္ကာ၊ သာသနာလည်း၊ ရောင်ဝါမလင်း၊ သို့ဖြစ်ခြင်းကို၊မြော်တင်းစေ့စေ့၊ ကြံအောက်မေ့သော်၊ ပျောင်းခွေ့ ညွတ်ခွေ၊ လွမ်းတာဝေခဲ့'ဟူ၍ ဖွဲ့နွဲ့လေရာ ရတုကဗျာ ဆန်လှ ပေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ရတုဖြင့် တမ်းချင်းကို ဆိုသည်ဟု မှတ်ယူရမည် ဖြစ်၏။


ဤတွင် နန်းတွင်းပြဇာတ်တို့၏ ငိုချင်းဖွဲ့နွဲ့ပုံတို့ကို လေ့လာ နိုင်ရန် ဖော်ပြလိုသည်။ ၁၁၂၉ ခုနှစ်လောက်တွင် ပေါ်ပေါက် သော အီနောင်နန်းတွင်း ဇာတ်တော်ကြီး၌ မင်းသမီးသည် 'မယ်တော်အရင်း၊ နှစ်ပါးမင်းတို့၊ မယွင်းဂတိ၊ သစ္စာရှိလည်း၊ မထိမပါး၊ စရကားနှင့်၊ လားလားဝေးလံ၊ စိတ်အကြံမျှ၊ မဆံ လွန်မိမှန်ပါသည်။ မောင်ကြီးဘုရား၊ သူတပါးသာ၊ မှန်းထား ရင်းသူ၊ ဖြစ်သည်မူလို့၊ ကြည်ဖြူညွတ်ခ၊ ဦးဆံသလို့၊ သက်မျှ မတူ၊ ချစ်ပန်းယူ၊ ကြည်ဖြူကျွန်မ မှန်ပါသည်။ သည်သစ္စာ အား၊ နတ်အများတို့၊ သနားချစ်ခင်၊ မစေချင်၍၊ ရန်စင်ဘေး ခွာ၊ ဖြစ်ပါစေသား၊ ရှင်နတ်များတို့'ဟု ဆို၍ ငိုသည်ဟု ဆိုပါ သည်။ ၁၁၈ဝ ပြည့်နှစ် တစ်ဝိုက်လောက်တွင် ခေတ်စားသော နန်းတွင်းရာမပြဇာတ်၌ မန္ဓောဓရီငိုချင်းဟူ၍ ပါရှိသည်။


ယင်းငိုချင်းမှာ 'အိုအိုအရှင်၊ ထိပ်ခေါင်တင်လေ၊ လင်္ကာပူရ၊ ပြည်ဌာနမှာ၊ တေဇကျော်ဟိုး၊ ဘီလူးမျိုးတွင်၊ တန်ခိုးထွန်းသစ်၊ မင်းတု ဖြစ်လို့၊ ဝန်းရစ်တင့်တယ်၊ ရွှေနန်းလယ်၌၊ မယ်နှင့် တကွ၊ စံပယ်ကြသော်'ဟူ၍ အစချီပြီးလျှင် 'မင်းရာဝဏ၊ ဒသဂီရိ၊ မည်ရှိတွင်မှန်း၊ မဲ့ထိပ်ပန်းငယ်၊ ညှိုးနွမ်းမသာ၊ သည်တစ်ခါမှာ၊ ကြံရာခက်ခဲ့ပြီတကား၊ သေချင်းတူပင်၊ မဲ့သခင်နှင့်၊ လျင်လျင် သေတည့်အောင်၊ မယ်တစ်ကောင်ကို တစ်ယောင်ယောင် မချန်ထားပါနှင့်၊ သျှင်နတ်များလေး'ဟု အဆုံးသတ်၏။ ဤငိုချင်းမှာလည်း တမ်းချင်းကဲ့သို့ပင် ရတု ဆန်ပေသည်။ နန်းတွင်းပြဇာတ်တို့တွင် ငိုချင်းအပြင် လွမ်းချင်းဟူ၍လည်း ရှိသေးသည်။ လွမ်းချင်း၏သဘောမှာ လွမ်းဆွတ်တမ်းတသော သဘော ပါဝင်၏။လှိုင်ထိပ်ခေါင်တင်ရေး ဝိဇယကာရီပြဇာတ်၌ 'လာမချော့လာနှင့်၊ တန်တော့ဖျရွှေကိုယ်၊ ဘုန်းမိုမိုငယ်၊ မယ်ကလိုမောင်မညှာလို့၊ ရှောင်ခွာစိမ်းရက်တယ်လေး။ ။ လှမြတ်စွာငယ်၊ မကြာစေကြောင်း၊ ရွှေစကြာညောင်းမည်လို့၊ သောင်းလုံးမှန်ကူ၊ ရွှေဗျာငြိမ့်နှင့်၊ ဆင်မိန့်တော်မူခဲ့၊ ဒါရူလုံး ကေဆံငယ်၊ တပြည့်စံ နှစ်ပြည်မွေ့လို့၊ သူမေ့တယ်လေး။ ။' ဟူ၍ ပါရှိသည်။

ဦးကြင်ဥဦးပုညတို့၏ ပြဇာတ်တို့တွင် ငိုချင်းဟု သီးခြား မတွေ့စေကာမူ လွမ်းချင်းကိုမူ တွေ့ရပေသည်။ လွမ်းချင်းမှာ ငိုချင်း၏ ရှေ့ပြေးဟု ကြံဆနိုင်သည်။ သို့ရာတွင် လွမ်းချင်းကို အလွမ်းအတွက် ဖွဲ့နွဲ့ရာ၌သာမဟုတ်ဘဲ ဟာသရသ ပေါ်လွင် စေရန် ဖွဲ့နွဲ|့သည်လည်း ရှိသေးသည်။ပုံစံအားဖြင့်'စည်းစိမ်ကြီး ပါဘိ၊ ရုပ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင်' ဟု အစချီ၍ 'အဆီရယ်ဖိမ်း၊ မှိန်းတဲ့ချည်နှင့်၊ မကြည်သမ်းဝေ၊ ထယ်မင်းပုံ နေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ၊ ခေါင်းကတော် ကိုယ်တိုင် နှိပ်ခါမှ၊ သူအိပ်တယ်လေး'ဟု အဆုံးသတ်သော လွမ်းချင်းသည် အလွမ်းထက် အသောဖက်ကို ယိုင်လေသည်။


မင်းတုန်းမင်းလက်ထက် ပြင်စည်မင်းသား ကံတော်ကုန်ရာ တွင် စာဆိုတော်မခွေးဆိုသော 'သုံးဆယ်ကပေါ်၊ နှစ်နှစ်ကယ် ကျော်သည်၊ မယ်တော်လည်ဆွဲး၊ မသဲးငဲ့တန်ဆောင်၊ မောင် မောင်ငယ့်နောင်ကြီး၊ အမိကြီးငဲ့သက်နှံ၊ ငါးထပ်ကယ်လည်ပေါ်၊ အိမ်ဖြူပျော်တယ်၊ ဘွားတော်နွဲ့နောင်း၊ မြင်မညောင်းတဲ့ ပေါင်းပြမှန်၊ လှေကားငါးဆူ၊ အိမ်ဖြူကျယ်ဝင်း၊ ပြတင်းရွှေချ၊ ကြီးတေဇနှင့်၊ ကျွန်တော်မငယ်တို့သခင်၊ ဘွားတော်ရှင်လဲ၊ ဝမ်းတွင်ကြည်ဖြူ၊ ရွှေကသိုဏ်းသို့၊ နေ့တိုင်းပြု၍၊ ရှုတော်မူ သည်၊ သဲအူရွှေပွင့်၊ ဘောင်းဝတ်ကငယ်ဖြူ၊ ရွှေခြူသာသာ၊ ရွှေကြိုးကြာကို၊ လျှင်စွာကလို့ မကြွသင့်'ဟူသော ငိုချင်းရှည် သည် ထိုခေတ်က ငိုခင်းရှည် ဖွဲ့နွဲပုံ ပြဆိုပေသည်။ ထိုပြင်လည်း မင်းတုန်းမင်းလက်ထက် စလင်းမြို့ ဦးမြတ်သာထွန်း ရေးသားသော 'ဟေမဝန်ဘွေ၊ သာလွန်မြေ၊ လက်ရွှေအုံးထောက်၊ စက်ပါသော် ပျော်နိုင်ဘူး၊ မူးနောက် နောက်နှင့်၊ ခင်ပွန်းပျောက်ပင်နန်းရှင်မှာ'ဟူသော ရှာပုံတော်ကြီး သည်၎င်း၊ တောင်တွင်းကြီး ဦးကြော့ရေးသားသော 'စုံနံ့သာမြိုင်၊ ရဂုံတွင်း၊ ထုံသင်းငယ်ကြိုင်၊ ဂနိုင်ဟေမ၊ နွေအစ၊ ရွှေများ ကလျာ၊ ဟိုခင်ကိုလျှောက်ပါလို့၊ လင်ပျောက်ကိုရှာခဲ့၊ ဂန္ဓမာငူ၊ မြေသလင်း၊ နေမင်းကပူသနှင့်၊ နန်းသူဒေဝီ၊ တွေ့နိုင်ဘဲဟာမို့၊ လဲလုပြီ'ဟူသော ရှာပုံတော်ကြီးသည်၎င်း ငိုချင်းသဘောတွင် အပါအဝင်ဖြစ်သည်။


၁၂၃၈ ခုနှစ်တွင် ငိုချင်းရှည်ကို ဆတိုင်မွှတ်ဦ်းကူးသည် ပဋာစာရီ ပြဇာတ်၌၊ 'ဘယ့်နှယ်ကြံရပါမတုံး၊ မောင်ကြီးငယ်၊ အကြံမပေး၊ မောင်မှာအေးလို့၊ သားကလေး သည်နှစ်ကောင်နှင့်၊ စိုးပူလောင် ဒုက္ခများအောင်၊ မိပဋာသည်မယားကိုဖြင့် တင်စားမိပေါ့ဟဲ့လို့၊ တကတဲးကြိမ်းဝါးပြီးလျှင်၊ လူစိမ်းကားကြီးကိုယ် ပြုလိုက် ထာပလေ'ဟူ၍ သီကုံးရေးသားထားခဲ့သည်ကို တွေ့ရှိရသည်။ ဇာတ်သဘင် အသုံးအနှုန်းတွင် လွမ်းခန်း၌ ငိုကြရာဝယ် 'စာမူငို'ဟူ၍၎င်း၊ 'ပြောဆို'ဟူ၍၎င်း၊ 'ဆိုငို'ဟူ၍၎င်း ရှိကြ သည်။ စာမူငိုမှာ ရှေးပြဇာတ်ပါ စာစကားများကို ရိုးရိုး ရွတ်ဖတ်၍ ငိုခြင်းဖြစ်၏။ ပြောငိုမှာ ငိုချင်း၏ အဆုံးတွင် 'လေး' ဟူသော အသံနှင့်ချရသော ရှေးပြဇာတ်သုံး ငိုချင်းမျိုး ဖြစ်၏။ ယင်းတို့ကို သီဆိုရာ၌ စည်းဝါးမပါချေ။ ဆိုငိုဟူရာ၌ ငိုချင်းရှည်နှင့် ငိုချင်းတိုတို့ ပါဝင်သည်။ နှစ်မျိုးစလုံးကို စည်းနှင့်ဝါးနှင့် ဆိုရသည်။ ငိုချင်းရှည်မှာ ရှာပုံတော်ကြီးများ ၏ အလိုက်ဖြစ်သည်။ ငိုချင်းတိုမှာ ယခုကာလပေါ် ဇာတ်ပွဲ၌ ငိုချင်းချသော သီချင်းများ ဖြစ်သည်။ ငိုချင်း အဖွဲ့အနွဲ့ အမျိုး မျိုးတို့ကို ဇာတ်သဘင်တို့၌၎င်း၊ ဘုန်းကြီးပျံဧယာဉ်ကျူးရာ ၌၎င်း၊ နတ်သံနှော၍ ပြောငိုရာ၌၎င်း သက်ဆိုင်ရာတို့တွင် အသုံးပြုကြ၏။

တစ်နည်းအားဖြင့် ဇာတ်သဘင်တွင် ငိုပုံငိုနည်းသုံးမျိုး ရှိသည်ဟု အသိအမှတ်ပြုကြသေးသည်။ ဤသုံးမျိုးမှာ (က) ပြောငို၊ (ခ) အသော့ငို၊ (ဂ) အကြော့ငိုတို့ ဖြစ်ကြသည်။ ဤအချက်ကို ထင်ရှားအောင် ဦးအုန်းမြင့် (တို့ရှမ်းပြည်)သည် ဥစ္စာစောင့် မစောမြိုင်ပြဇာတ်မှ အောက်ပါအတိုင်း ကောက် နုတ် ဖော်ပြထားသည်ကို တွေ့ရသည်။ မစောမြိုင် တံခါးအထွက်၌ ခလုတ်တိုက်လဲလေရကား၊ 'အမယ်မင်းဒိဋ္ဌဒိဋ္ဌ၊ နိမိတ်ပြရော့ထင့်၊ ထိတ်စရဖြစ်နဲ၊ ခလုတ် တိုက်လို့မို့၊ ကျုပ်ငိုက်ဆိုက်လဲရလေ။ ထူတွဲသူတဖေကွာ၊ ကိုစိန်ခိုင်ရေ၊ သေမရဏာလားတော့မယ်ထင်ပါလား'ဟူသော အပူ တိုက်ပြောငိုဖြင့် ငိုချင်းချလေသည်။ ထိုနောက် တစ်ဖန် ဒွေးချိုးဖြင့် 'မလှုပ်နိုင်တယ်လေ၊ ခလုတ်စိုက်ဝင်အတိုက်တွင်မှ၊ ဘွင်ခိုက်အောင် မမြိုင်နာရ ချေပေါ့၊ အိုအဖေရဲ့၊ ခွေယိုင်ကာလဲ၊။ ။နိမိတ်ဆိုးရော့ထင့်၊ ထိတ်စိုးအောင်ကြုံတဲ့ အရေးရယ်က၊ အဖေရယ် တွေးတတ် နိုင်ဘဲ'ဟူ သော အသော့ငိုဖြင့် ငိုလိုက်ပြန်လေသည်။ ငိုချင်းဆိုင်းအဆုံးတွင် အိပ်မက်ရာမက် မကောင်းပုံ မျက်ခုံး လက်ရုံးလှုပ်ပုံ၊ ခလုတ်မတိုက်သင့်ဘဲ တိုက်ရပုံတို့ကို စကားဖန် ထိုးပြီးနောက် လေးချိုးကဗျာဖြင့် 'စိတ်မလုံ ထိတ်ရုံမကအောင် လို့၊ နိမိတ်ပုံ ဟိတ်စုံပြလေခြင်း၊ အဖေရယ်၊ တိတ္ထုံ အရရယ် က ဆိုးလှတယ်။ ပွားရတက်ရယ်နှင့် တံခါးအထွက်တွင်ဖြင့်၊ အားပျက်ကာ ခြေမခိုင်သမို့၊ ခွေယိုင်ကာ မေမြိုင်လဲ ရတယ်၊ သဲကြွေလုဖွယ်။ ။ဆုတ်ပြန်စေ ဒေဝါဆီးရော့သလား၊ ခလုတ် ဒဏ် ဝေဒနာကဖြင့် ကြီးလေပေါ့၊ တစ်ပြေတစ်ရွာခရီးဆီက ကြင်သူအစ်ကိုရယ်၊ ခင်ဖြူအပျိုမယ်ကိုတဲ့ မမြင်လာအား။ ။ ခေမွဲငယ်ကံ၊ သေကွဲဲရယ်ကြမ္မာဖန်လိမ့်မထင်၊ တစ်ရွာစံ မောင်နှင့်ဝေးစဉ်ဖြင့်၊ ထားမယ်မှာ အားငယ်လို့ဆွေးရတယ်။ မောင်ရေ ပြေးမြင်လှဲ့လား'ဟူသော အကြော့ငိုဖြင့် ငိုလိုက်ပြန် လေသည်။

အသော့ငိုမှာ ရုတ်တရက် တွေ့ကြုံရသောသောကပရိဒေဝကို ဖော်ပြပေသည်။ အကြော့ငိုမှာ တငွေ့ငွေ့ တမြေ့မြေ့ ခံစားနေရ သော သောကပရိဒေဝကို ဖော်ပြသည်။အသော့ငိုကို ဒွေးချိုးဖြင့် ရေး၍ အကြော့ငိုကို လေးချိုးဖြင့် ရေးကြလေသည်။ ကဗျာဖွဲ့ထုံး၌တွေ့ရသော နှစ်ဆစ်ချိုး၊ သုံးဆစ်ချိုး၊ လေး ဆစ်ချိုး ဟူသော အဖွဲ့အနွဲ့တို့ကို ငိုချင်းစပ်ဆိုရာ၌ အသုံးပြုကြ သည်။ ယင်းကို ပုံစံပြရလျှင် အောက်ပါအတိုင်း ဖြစ်၏။

နှစ်ဆစ်ချိုး[ပြင်ဆင်ရန်]

လမ်းမကြုံ၊ ပန်းတငုံ စံပယ်ဥကိုလ၊ မရှုချင်ဘူး။ မှာရက်ကယ်လွန်၊ ဝါချက်ကိုသည်မယ်ရွံလို့၊ စံစလွန် ကြာညောင်ရိပ်မှာလ၊ (မောင်ကြီးရေ) လွမ်းစိတ်နှင့်ကူး။ (ပြည်မြို့မောင်ဘိုးညွန့်ရေး)

သုံးဆစ်ချိုး[ပြင်ဆင်ရန်]

သားရွှေစင်၊ လူကလေးတို့နှင့်၊ အမေလေးပါ မောင့်ဖခင်၊ တိုင်းပြည်ကနှင်။ မဆင်ခြင်၊ ဗေဒင်ထွက်စကား။ ပုဏ္ဏားဆရာဆိုနှင့်၊ ဦးညိုကို ဗေဒင်မေးတယ်ရှင်၊ (အမယ်မင်း)မေးချက်ကခြား။ (မုံရွာမြို့ ဆရာခရေး)

လေးဆစ်ချိုး[ပြင်ဆင်ရန်]

လူအဖြစ်တွင်၊ ခုအသစ်ကြုံလှာပြန်။ ဟို့မစဲ၊ မှိုစွဲလောင်စာနှင့်၊ သန်ဘက်ခါတိုင်တိုင်လဲလို့၊ ဖိန်းနွဲခါမြန်မြန် ဆင့်စေတော့၊ အေးခွင့်မဖန်။ ဟိုရှေးခါနေ့လပြောင်းလျှင်လ၊ ပြေကောင်းတဲ့ပြေသင့်တန်၊ ကြံဖန်လို့ပူစိတ်စွဲ။ မေ့ကွက်ကိုရှာ၊ နေ့ရက်ကြာသာ ကြာတော့၊ မင်္ဂလာပုသိမ်ထည်နှင့်၊ မောင့်မျက်ရည် ကြည်ကြည်စို့ကို၊ ဖုန်းတို့မစဲ။ (ဆရာကြော့သမီးရေး) ထိုကဲ့သို့ရိုးသော အဖွဲ့အနွဲ့များအပြင်၊ ဆန်းပြားစွာ ဖွဲ့နွဲ့ သည့် ပဒေသာထပ်တွန့် ငိုချင်းများလည်း ရှိသေးသည်။ ဆတိုင်မွှတ် ဦးကူးသည် ယင်းထပ်တွန့်ငိုချင်းများကို ရေးသား စပ်ဆိုခဲ့ဘူးသည်။ အဖွဲ့အနွဲ့၏သဘောမှာ 'ဆန်းပွေပုံ ထူးစွာနပ် ပါဘိ၊ မန်းရွှေကုန် နှစ်ဦးနာဂရာရပ်မှာဖြင့်၊ ထူးကဗျာစပ်ပါလို့ ထင်ပေါ်ပေ၊ (အမယ်လေး) လူးလာခပ်ပါတဲ့ စင်မော်တွေ'ဟူ၍ ဖြစ်လေသည်။ ၁၂၇ဝ ပြည့်နှစ်တဝိုက်တွင် မစ္စတာမောင်မှိုင်း အမည်ခံ ဆရာလွန်းသည် ပြဇာတ်များကို ရေးသားသောအခါ ထပ်တွန့်ငိုချင်း ဖွဲ့နွဲ့နည်းတို့ကို အသုံးချလာလေသည်။ ပုံစံ အားဖြင့် မစ္စတာမောင်မှိုင်းမှာတော်ပုံဝတ္ထု၌ ကိုပေါ မျက်ရည်ကျ ပုံကို 'တစ်မယားသေလျှင် တစ်မယားနေစမြဲပေမဲ့၊ စလျားအခြေ နှစ်ပါးဂဟေမြဲမဲ့သူ့ရဲ့၊ (အမယ်မင်း) မယားအနေ ရဲရမလားဟဲ့ လို့၊ အလကား အမေက မဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ'ဟူ၍ ဆရာလွန်းသည် ဖွဲ့နွဲ့ဆိုခဲ့သည်။ ဆတိုင်မွှတ် ဦးကူးခေတ်က ရေးသော ထပ်တွန့်ငိုချင်းများနှင့် ယှဉ်၍ ကြည့်နိုင်ပေသည်။ ကာရန်ကြွယ်ဝလာ လေလေ၊ ယင်းငိုချင်းတို့မှာ ရှည်လျား၍လာလေလေ ဖြစ်သည်။ထိုကြောင့် နောင်အခါတွင် ယင်းထပ်တွန့်ငိုချင်းတို့ကို ဆရာလွန်း၏ ကဗျူပဒေသ၌ လေးချိုးကြီးဟူ၍ ခေါ်တွင်ခဲ့ပြန်ရာ၊ ပြဇာတ်နှင့် ဇာတ်သဘင်တို့၏ ဂီတဆန်သော အဖွဲ့အနွဲ့တို့သည် ကဗျာ ဆန်သော အဖွဲ့အနွဲ့သို့ ပြန်၍ရောက်လေသည်။ ယခုအခါ မြန်မာ့ပြဇာတ်နှင့် ဇာတ်သဘင်တို့၌ကား ငိုချင်းချသည့် ဆိုင်းနှင့်ဖက်၍ သီဆိုမှသာလျှင် ငိုချင်းစစ်စစ်ဟု မှတ်ယူ ကြလေသည်။

မြန်မာဇာတ်သဘင်လောကတွင် ထင်ရှားခဲ့သော ဇာတ်ဆရာ ကြီး ဦးဖိုးစိန်သည် ငိုချင်းအဆို၌ တစ်မူထူးခြားသူ ဖြစ်သည်။


များစွာသော မြန်မာဇာတ်သဘင်ပညာသည် တို့သည် ဦးဖိုးစိန်၏ 'လေ'ကို အတုယူကြရသည်။ ဦးဖိုးစိန်၏ ငိုချင်းများမှာ ဇာတ်ပွဲတွင်ပါဝင်သူ အဓိကဇာတ်လိုက်တို့၏ သဘာဝကိုပေါ်လွင်အောင် ဖွဲ့နွဲ့သော သီချင်းများဖြစ်လေရာ မြန်မာပွဲကြည့်ပရိသတ်တို့၏ စိတ်တွင်စွဲ၍ ကျန်ခဲ့သည်သာ များပေသည်။ ယခုတိုင် ဦးဖိုးစိန်၏ ငိုချင်းများသည် လူထု၏ နှုတ်ဖျားတွင် မပျောက်မပျက်ဘဲ ရှိနေသေးသည်။ ချင်းကလေး မောင်ဖဝေးပြဇာတ်လာ 'ယာတောလယ်မှာ၊ ငါပြောမယ် ရွှေရှင် ဘုရင်ရဲ့၊ နင်ဆင်ခြင်ဦး'ဟူသော ငိုချင်း၊ မင်းကုသ ဇာတ်လာ 'မာန်ဝင်လာ အလှဂုဏ်ကိုးသူ့ရဲ့၊ အန်ချင်စရာ ငါ့ရုပ်ပုံ ဒီလောက်တောင် ဆိုးရော့သလား၊ ဘုံကြိုးပြတ်ပါတဲ့ နတ်မိမယ်တောင်၊ ဓာတ်သိလျှင် မပယ်ပါဘု ကျုပ်လူထူး' ဟူသော ငိုချင်း၊ ပဒကုသဇာတ်လာ 'အကြံခက်လေသနော်၊ သန်လျက် တော်ယူသည့် သူခိုးကို၊ သူ၏အမျိုးကို စကား ထုတ်ဖော်လို့ ပြောရမှာဖြင့်၊ ဓားကုပ်ပေါ်မှာဝဲ'ဟူသောငိုချင်း၊ ဆင်ကဲဘို့ မယ်ပြဇာတ်လာ 'ဒွေးမယ်နှစ်ဖော် သံဝါညှိပါလို့၊ မပြေးသော် ကုန်ရာရှိပါ့မလား၊ တန်ပါအမိ မဘို့မယ်'ဟူသော ငိုချင်း၊ သုရောနန္ဒီဇာတ်လာ 'ဆောင်လယ်ဘုံမှာလေ၊ မောင်မယ် စုံ၊ အတူစက်ရာက၊ ယူရက်ကာ အကြံပေါ်လို့၊ ရန်သူတော်နိုး' ဟူသော ငိုချင်းတို့မှာ ယနေ့တိုင် ထင်ပေါ်ဆဲပင် ဖြစ်၏။ ဆင်ကဲဘို့ မယ်ဇာတ်ပ ပိဋကတ်ဆရာမောင်ရေး၍ ဦးဖိုးစိန် သီဆိုသော သီချင်းတစ်ပုဒ်ကို ဦးဖိုးစိန်၏ ငိုချင်းများအနက် နာမူနာအဖြစ်ဖြင့် အောက်ပါအတိုင်း ဖော်ပြလိုက်ရပေသည်။ 'ပြေပေါ်မှာ၊ ရွှေကြော်ငြာထုတ်သံကြားရတာက၊ ဟုတ်မှန်ပါ့ မလားနော်၊ ဘဝင်မှာ ဆို့လှချည့်၊ ခင်ဘို့မယ်အကြောင်း။ ။ သတင်းမလှလိုက်ပုံက၊ အင်းဝစံ မဟေသီတင်မလို့တဲ့၊ ဒေဝီခင် တွေ့လျက်နဲ့ဖုံးကြယင်၊ ပြကတေ့အသက်ဆုံးအောင် ရင်ကို ခွဲ မလို့တဲ့၊ ဆင်ကဲမှာ ဒီလိုသာဖြင့်၊ ခုအခါ သူ့ရွာကမှမသွားဝံ့ ပါဘု၊ ကရုဏာ အမှုရှာတဲ့ စကားတွေက၊ ကြားရချက် မကောင်း။ ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)