ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Japanese encephalitis vaccine)သည် ဂျပန်ဦးနှောက်ရောင်ရောဂါကိုကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ဤကာကွယ်ဆေးသည် (၉၀)ရာခိုင်နှုန်းနှင့်အထက် အကျိုးသက်ရောက်မှုရှိသည်။ ကာကွယ်မှုပေးနိုင်သောအချိန်ကာလကို တိကျစွာ မသိသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အကျိုးသက်ရောက်မှုကျဆင်းသွားသည်ဟု ထင်ရသည်။ ဤကာကွယ်ဆေးကို ကြွက်သားထဲ သို့မဟုတ် အရေပြားအောက်သို့ ထိုးနှံရသည်။[၁]

ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားနေသော နေရာများတွင် ဤကာကွယ်ဆေးကို ပုံမှန်ထိုးသင့်သောကာကွယ်ဆေး တစ်ခုအနေဖြင့် ထိုးပေးရန် အကြံပြုထားသည်။ ကာကွယ်ဆေးအမျိုးအစားကိုလိုက်၍ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထိုးပေးရသည်။ အပိုဆောင်းထိုးပေးခြင်းကို ဖြစ်ပွားလေ့ရှိသောနိုင်ငံများတွင်ပါ ထိုးပေးရန် လိုအပ်လေ့မရှိပါ။ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး (HIV)/ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသူများနှင့် ကိုယ်ဝန်ဆောင်နေသူများတွင် အသက်မရှိတော့သော ဗိုင်းရပ်စ်ဖြင့်ပြုလုပ်ထားသော ကာကွယ်ဆေးကိုသာ အသုံးပြုသင့်သည်။ ရောဂါဖြစ်ပွားလေ့ရှိသောနေရာများသို့ သွားမည့်ခရီးသည်များသည် ဤကာကွယ်ဆေးထိုးထားသင့်သည်။[၁]

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးသည် အခြားကာကွယ်ဆေးများနှင့် နှိုင်းယှဉ်လျှင် စိတ်ချရသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။ ဆေးထိုးသောနေရာတွင် နာကျဉ်ခြင်းနှင့် နီရဲခြင်းတို့ ဖြစ်တတ်သည်။ (၂၀၁၅)ခုနှစ်တွင် ဤကာကွယ်ဆေးအမျိုးပေါင်း (၁၅)မျိုး ရရှိနိုင်သည်။ တချို့ဆေးမှာ မျိုးရိုးဗီဇများကို ပေါင်းစပ်ထားသောနည်း (recombinant DNA techniques)ဖြင့် ပြုလုပ်ထားသည်။ ထို့အပြင် တချို့မှာ အသက်ရှိနေသေးသော အားပျော့သည့်ဗိုင်းရပ်စ်နှင့် တချို့မှာ အသက်မရှိတော့သော ဗိုင်းရပ်စ်ဖြင့် ပြုလုပ်ထားသည်။[၁]

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို (၁၉၃၀)နှစ်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သည်။[၂] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၃] အမေရိကန်နိုင်ငံတွင် (၁၀ဝ-၂၀ဝ)ဒေါ်လာခန့် ပေးရသည်။[၄]

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို အခြေခံပညာကျောင်းများရှိ ကလေးငယ်များအား စတင်ထိုးနှံပေးခဲ့သည်။ အသက် (၉) လမှ (၁၅) နှစ်အရွယ် ကလေးငယ်များကို ထိုးနှံပေးခြင်းဖြစ်ပြီး အစိုးရက အမေရိကန်ဒေါ်လာ ၁၅ သန်း အကုန်အကျခံကာ ကလေးငယ်ဦးရေ ၁၄ သန်းအား အခမဲ့ထိုးပေးသည့် အစီအစဉ်ဖြစ်သည်။ ကာကွယ်ဆေးတစ်လုံးလျှင် ၅ သောင်းမှ ၆ သောင်းခန့်အထိ တန်ဖိုးရှိသည်။ ကျောင်းအခြေပြုအဖြစ် နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ကျောင်းနေအရွယ် ကလေးများအားလုံးနှင့် အခြေခံပညာစာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပုဂ္ဂလိကကျောင်း၊ နိုင်ငံတကာကျောင်းများနှင့် မိဘမဲ့ကလေးကျောင်းများ၌ ထိုးနှံပေးမည် ဖြစ်သည်။ ရပ်ကွက်အခြေပြု ထိုးနှံပေးမည့် အစီအစဉ်ကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၀ ရက်အထိ ရပ်ကွက်ဓမ္မာရုံ၊ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ဆေးရုံအပါအဝင် ကျန်းမာရေးဌာနခွဲများတွင် ထိုးနှံပေးမည် ဖြစ်သည်။ [၅]

ကာကွယ်ဆေး မထိုးသင့်သူများ[ပြင်ဆင်ရန်]

ကာကွယ်ဆေး မထိုးသင့်သူများမှာ ကာကွယ်ဆေးတွင် ပါဝင်သော ပစ္စည်းတစ်မျိုးမျိုး (ဥပမာ - Gelatin, Gentamycin, Sucrose, Human serum albumin နှင့် Carbamide) နှင့် ပြင်းထန်သော ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများ၊ မွေးရာပါနှလုံးရောဂါရှိသူများ၊ HIV ရောဂါ၊ တီဘီရောဂါ၊ ကင်ဆာရောဂါ ဆေးဝါးများဖြင့် ကုသမှုခံယူနေရသူများ၊ ကုသမှု ခံယူပြီး ဆေးသောက်နေသော်လည်း အတက်ရောဂါမကြာခဏ ဖြစ်နေသူများ၊ နာတာရှည်ရောဂါကို လတ်တလော ပြင်းပြင်းထန်ထန် ခံစားနေရသူများနှင့် ကိုယ်ဝန်ဆောင်များ ဖြစ်ကြသည်။[၆]

ရက်ရွှေ့ဆိုင်းပြီးမှ ထိုးသင့်သူများ[ပြင်ဆင်ရန်]

ရက်ရွှေ့ဆိုင်းပြီးမှ ထိုးသင့်သူများမှာ လတ်တလော အပူကြီးဖျားနေသူများ၊ လတ်တလော ကူးစက်ရောဂါ ဖြစ်ပွားနေသူများ၊ တီဘီရောဂါဖြစ်ပွားနေပြီး ဆေးကုသမှု မခံရသေးခြင်း သို့မဟုတ် ဆေးစသောက်မှု နှစ်လမပြည့်သေးသူများ၊ နားအလယ်ခန်း ရောင်ရမ်းနေသူများ၊ Prednisolone, Hydrocortisone စသည့် steroid ဆေးဝါးများ သောက်သုံးထိုးနှံနေရသူများတို့ ဖြစ်ကြသည်။[၇]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ "Japanese Encephalitis Vaccines: WHO position paper – February 2015."
  2. Paulke-Korinek, M; Kollaritsch, H (2008).
  3. "19th WHO Model List of Essential Medicines (April 2015)" (PDF).
  4. Hamilton, Richart (2015).
  5. 7day Daily News
  6. ကျန်းမာရေးဝန်ကြီးဌာန
  7. ကျန်းမာရေးဝန်ကြီးဌာန