ဂုန်လျှော်ပင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဂုန်လျှော်
ဂုန်လျှော်

ဝါဂွမ်းမှတပါး၌ အရေးပါသော လျှော်ပင်တစ်မျိုးဖြစ်သည်။ အပူပိုင်းဒေသများတွင် ဂန်နီ သို့မဟုတ် ဂုန်လျှော်ဟုခေါ်သော လျှော်ပင်များ တစ်နှစ်တစ်ကြိမ် ပေါက်လေ့ရှိသည်။ မျိုးယူစိုက်ပျိုး၍ လျှော်ပင်များကို ခုတ်ဖြတ်ယူပြီးနောက် တစ်နှစ်တစ်ကြိမ် ပြန်၍စိုက်ပျိုးရသည်။ အမြင့် ၁၀-ပေအထိရှည်၍ အကိုင်းအခက်မထွက်ဘဲ ရှည်၍ နူးညံ့တောက်ပသော ဂုံလျှော်ရရှိစေသည်။ အပင်ကို ခုတ်ဖြတ်ရေစိမ်ကာ လျှော်ကိုခွာယူရသည်။ လုပ်ငန်းကျွမ်းကျင် တိုင်းဆတတ်ခြင်းဖြင့် လျှော်အရောင်အဆင်းနှင့် အမျိုးအစားကောင်းမွန်သည်။ ဂုန်လျှော်ဖြင့် ဆန်အိတ်ခွံများ၊ ကြိုးများ၊ အခင်းများ၊ ဆေးဆိုးဂုံလျှော်ထည်များ၊ လက်ဆွဲအိတ်များ၊ ကော်ဇော၊ လင်နိုလီယံအခင်းများ၊ စက္ကူညို စသည်များ ထုတ်လုပ်ကြသည်။ ပါကစ္စတန်နိုင်ငံမှ အများအပြားထုတ်၍ မြန်မာနိုင်ငံ၌လည်း စိုက်ပျိုးသည်။ [၁]

အမျိုးအစားများ[ပြင်ဆင်ရန်]

လျှော်ထုတ်ယူနိုင်သော ဂုန်လျှော်ပင်မှာ ၂ မျိုးရှိလေသည်။ တစ်မျိုးမှာ ကော်ခိုရပ် အော်လီတိုရိယပ်မျိုး ဖြစ်သည်။ ကော်ခိုရပ်အမျိုးမှ ပွားထွက်သော အခြားဂုန်လျှော်ပင်များလည်းရှိ၏။ဂုန်လျှော်ပင်ကို ပူပြင်းစိုစွတ်သော တိုင်းပြည်များ၌ စိုက်ပျိုးနိုင်သည်။ ဂုံလျှော်သည် အိန္ဒိယနိုင်ငံမှ အများဆုံး ထွက်သည်။ ဤအပင်ကို အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်၌ အမြောက်အမြား စိုက်ပျိုးသည်။

အသုံးပြုခြင်း[ပြင်ဆင်ရန်]

ဂုန်လျှော်နှင့်ပြုလုပ်သော ဂုန်နီများမှာ အသားထူထဲသဖြင့် ဆန်စပါး၊ သကြား စသည်တို့ထည့်ရန်အတွက် ကောင်းသည်။ အာလူး၊ ကြက်သွန်ထည့်ရန်အတွက် အသားကျဲသောဂုန်နီအိတ်များကို အသုံးပြုကြသည်။ ဂုန်လျှော်ဖြင့် ပြုလုပ်သော ဂုန်နီအိတ်ဖျင်ကို ဝါနှင့်အိမ်ထောင်ပရိဘာဂများကို ထုပ်ပိုး သယ်ယူရာ၌ အသုံးပြုကြသည်။ ဂုန်လျှော်ကြိုးကြီး၊ ကြိုးကလေးနှင့် စက္ကူကြမ်းများကိုလည်း ဂုန်လျှော်ဖြင့် လုပ်ကြသည်။ ဂုန်လျှော်၏အမျှင်မှာနု၍ ပိုးခြည်မျှင်ကဲ့သို့ ပျော့ပျောင်းသဖြင့် ဆံပင်အတုလုပ်ရာ၌ အသုံးဝင်သည်။ ဂုန်လျှော်သည် ဆိုးဆေးတင်ရ လွယ်ကူသည်။ ဈေးချိုချိုဖြင့် ရောင်းချနိုင်သော ကော်ဇောမျိုးကိုလည်း ဂုန်လျှော်ဖြင့် ရက်လုပ်ရလေသည်။

ထုတ်လုပ်ခြင်း[ပြင်ဆင်ရန်]

ဂုန်လျှော်ပင်ကို ရိတ်ဖြတ်ရန် သင့်လျော်သော အချိန်မှာ သီးတံများ ထွက်ပြူစအခါ ဖြစ်သည်။ အချို့ဒေသများတွင် အပွင့်များ ပွင့်လာသည့်အခါမှ အပင်များကို ရိတ်သိမ်းကြ၏။ ဂုန်လျှော်ကိုတံစဉ်ဖြင့် မြေကြီးနှင့်ကပ်လျက် အပင်ရင်းမှဖြတ်ယူရ၏။ ထို့နောက် လယ်ကွက်ထဲ၌ ၂ ရက်ခန့် ပုံထားရသည်။ အရွက်များကြွေပြီးနောက် အကိုင်းအခက်များပါဝင်သော အဖျားပိုင်းကို ဖြတ်ပစ်လျက် အပင်ရိုးများကို အစည်းငယ်ကလေးများ ဖွဲ့စည်းထားရ၏။ ထိုအစည်းများကို ကုန်းမြင့်တွင်ပုံလျက် သစ်ရွက်၊ ပေါင်းပင် မြေစိုင်ခဲ စသည်တို့ဖြင့် ဖုံးဖိထားရသည်။

ထိုသို့ ၃ ရက် ၄ ရက်ခန့်ထားပြီးထားနောက် ကြွင်းကျန်နေသေးသမျှသော အရွက်တို့ကို လှုပ်ခါချပြီးလျှင် အစည်းများကို ရေစိမ်ရန် ရေကန် သို့မဟုတ် ချောင်းသို့ သယ်ယူရသည်။ ရေစိမ်သောအခါ အစည်းများကို ဝန်လေးများဖြင့် ဖိထားရ၏။ ထိုသို့ အစည်းများကို ၁ဝ ရက်ခန့် သို့မဟုတ် ထိုထက်ကြာအောင် ရေစိမ်ထားပြီးနောက် အမည်းရောင်သန်းလာသောအခါ ရေမှ ဆယ်ယူရ၏။ ရေစိမ်ထားစဉ် အစည်းများကို နေ့စဉ်စစ်ဆေးကြည့်ရှုရ၏။

လျှော်ရရှိစေရန် ရေစိမ်ထားပြီးသော အပင်ရိုးစည်းကို လက်တစ်ဖက်နှင့်ကိုက်လျက် လက်တစ်ဖက်က လက်ရိုက်နှင့် ဖြစ်စေ၊ တုတ်ပြားနှင့်ဖြစ်စေ၊ အစည်း၏ အောက်ပိုင်းကို ရိုက်ရ၏။ ရိုက်နေစဉ်တွင် အစည်းကို ရေ၌မြှုပ်ထားရ၏။ ထိုအခါ အပင်ရိုးသည် ကြေမွထွက်သွားပြီးလျှင် ဂုန်လျှော်သာ ကျန်ရစ်ခဲ့ပေမည်။ ကျန်ရစ်ခဲ့သော လျှော်မျှင်ကို ပြောင်းပြန်လှန်၍ အထက်ပိုင်းကို ရေစိမ်ပြီးလျှင် လျှော်ချည်းသာ ကျန်သည့်တိုင်အောင် ထုလိမ်ချေမွရလေသည်။ နောက်ဆုံး၌ ထုတ်ယူပြီးသော လျှော်ကို ရေမျက်နှာပြင်တွင်ရိုက်လျက် စင်ကြယ်အောင် ဖွပ်ရသည်။

ထိုသို့ဖွပ်ပြီးနောက် ရရှိသောလျှော်ကို ရေကုန်စင်အောင်ညှစ်၍ အစိုအတိုင်း တစ်ရက်ခန့် ပုံလျက်ထားရသည်။ ထိုနောက် လုံးလုံးလျားလျား ခြောက်သွေ့သည့်တိုင်အောင် ၂ ရက် ၃ ရက်ခန့် နေလှန်းပေးရသည်။ ကောင်းစွာ ခြောက်သွေ့လာသောအခါ လျှော်များကို ကျစ်လျစ်စွာ စည်းရသည်။ လျှော်များကို စနစ်တကျပြုပြင်၍ အဖြီးအရှင်းကောင်းခဲ့လျှင် ၅ ပေမှ ၈ ပေ ထိ ရှည်သော လျှော်ပင်များကို ရနိုင်သည်။ တစ်ဧကလျှင် လျှော်အထွက်မှာ ပေါင် ၉ဝဝ မှ ပေါင် ၁၆ဝဝ လောက်အထိ ဖြစ်သည်။ အပွင့်ကြွေ၍ သီးတံများ ပြူစအချိန်၌ ရိတ်သိမ်းသော လျှော်တို့သည် အကောင်းဆုံးဖြစ်၏။ ထို့ထက်စော၍ ရိတ်သိမ်းသောလျှော်တို့မှာ မခိုင်ခံ့ချေ။ ထို့ထက်နောက်ကျ၍ အစေ့များ ရင့်မှည့်လာမှ ရိတ်သိမ်းသောလျှော်တို့မှာ ကြမ်းထော်သည့်အတွက် ညံ့ဖျင်းသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန်၏ ဗဟုသုတစွယ်စုံ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)