ချန်ထွန်း၊ ဦး(တရားဝန်ကြီး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တရားလွှတ်တော်ချုပ် တရားဝန်ကြီး ဦးချန်ထွန်း
89P14011.JPG
မွေးဖွားချန်ထွန်း

သတိုးမဟာသရေစည်သူဘွဲ့ရ အငြိမ်းစား တရားလွှတ်တော်ချုပ် တရားဝန်ကြီး ဦးချန်ထွန်းကို ဧရာဝတီတိုင်းဖျာပုံမြို့မှ ခြောက်မိုင်အကွာ ဧရာကြီးကျေးရွာတွင် ၁၉ဝ၆ ခုနှစ်၊ ဧပြီလ ၂၃ ရပ်နေ့၌ အဘ ဦးစံယွန်းနှင့် အမိ ဒေါ်ရွှေခတို့က မွေးဖွားသည်။ မိဘများမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဖြစ်၍ ငယ်စဉ်က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ သုံးနှစ်မျှ ပညာသင်ယူဆည်းပူးခဲ့သည်။ ထို့နောက် ဖျာပုံမြို့ အင်္ဂလိပ်-မြန်မာ အေဘီအမ်ကျောင်း သို့ပြောင်းရွေ့ခဲ့သည်။ ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ်တွင်ပါဝင်လှုပ်ရှားခဲ့၍ ဦးချန်ထွန်းမှာ အတန်းကိုယ်စားပြုခေါင်းဆောင်ဖြစ်ကာ အမျိုးသားစိတ်ဓာတ် သန္ဓေတည်ခဲ့သည်။

အမျိုးသားကျောင်းများ တည်ထောင်သောအခါ မြန်မာစာနည်းပြဆရာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ဖျာပုံမြို့ အမျိုးသားကျောင်းမှ ရန်ကုန်မြို့ရှိ မြို့မအမျိုးသားကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ထို့ နောက် သီရိလင်္ကာနိုင်ငံ၊ အာနန္ဒာ ကောလိပ်သို့ သွားရောက် ပညာဆည်းပူးရာ၊ ၁၉၂၈ ခုနှစ်တွင် လန်ဒန်မက်ထရစ် စာမေးပွဲအောင်မြင်၍ သီရိလင်္ကာတစ်နိုင်ငံလုံး၌ ဒုတိယ အမှတ်အများ ဆုံးရရှိခဲ့သည်။

ကိုလံဘိုမြို့မှ လန်ဒန်မြို့သို့သွားရောက်၍ ဥပဒေပညာများကို ဆည်းပူးရာ ၁၉၃၁ ခုနှစ်တွင် ဝတ်လုံ စာမေးပွဲကို ဂုဏ်ထူးများဖြင့်အောင်မြင်ခဲ့သည်။ လန်ဒန်မြို့၌ ပညာဆည်းပူးနေစဉ် မြန်မာကလပ် တည်ထောင်၍ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေများနှင့် နိုင်ငံတကာဥပဒေကို အထူးလေ့လာခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြန်ရောက်၍ရှေ့နေလိုက်နေခဲ့ရာ လူငယ်နိုင်ငံရေးသမား သခင်များအတွက် ကူညီဆောင်ရွက်ခဲ့သည်။ မြန်မာပြည်ကာယဗလအဖွဲ့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းနှင့် မြို့မကျောင်းသားဟောင်းများအသင်းတို့၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည်။

သခင်ဗစိန်၊ သခင်လေးမောင်၊ သခင်အောင်သန်း (ဗိုလ်စကြာ)၊ သခင်စိုးတို့၏ နိုင်ငံရေးအမှုများကို စေတနာဝန်ထမ်း လိုက်ပါဆောင်ရွက်ခဲ့သည်။ ဦးချန်ထွန်းသည် အခွန်ထမ်းများအဖွဲ့အား ကိုယ်စားပြုလျက် ဒေါ်မြစိန်၊ ဦးရန်အောင်၊ ဦးဘစိန်တို့နှင့် အတူ မြူနီစပယ် လူကြီးရွေးကောက်ပွဲဝင်ရာ အရွေးခံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကာလ ဂျပန်ခေတ်တွင် ပြွန်တန်ဆာမြို့၌ သွားရောက်ခိုလှုံခဲ့သည်။

၁၉၃၆ ခုနှစ်ဧပြီလ ၃ဝ ရက်နေ့တွင် ရန်ကုန်မြို့၊ နတ်မောက်လမ်း သူဌေးဦးဘအိုတိုက်၌ ဒေါ်ခင်ခင်သိန်းနှင့် လက်ထပ်ခဲ့သည်။ စစ်ပြီးချိန်၌ အစိုးရရှေ့နေနှင့် စက်ရှင်တရားသူကြီးအလုပ်နှစ်မျိုးလုံးကို ရရှိသော်လည်း ငြင်းပယ်ခဲ့ပြီးလျှင် ဖ-ဆ-ပ-လ အဖွဲ့ချုပ်၏ ဥပဒေအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုအချိန်က အစိုးရခွင့်ပြုချက်မရှိဘဲ ယူနီဖောင်း တူညီဝတ်စုံမဝတ်ရ၊ စစ်လေ့ကျင့်ရေးမပြုလုပ်ရ စသော တားမြစ်ချက်များရှိရာ ပြည်သူ့ရဲဘော်များ၏ အမှုတွဲများမှာ ရဲမင်းကြီးရုံး၌ တစ်ပုံကြီးဖြစ်နေသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဥပဒေအကြံပေးဦးချန်ထွန်းတို့ ရဲမင်းကြီးထံသွား၍ ပြဿနာမျိုးစုံကို ဖြေရှင်းခဲ့ရသည်။ လွတ်လပ်ရေးအတွက် ရှေ့ပြေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးချန်ထွန်းသည် အရေးကြီး သောအပိုင်းကဏ္ဍမှ ပါဝင်လှုပ်ရှားသည်။ နိုင်ငံအသီးသီး၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကို လေ့လာ ရန်၊ အိန္ဒိယပြည်သူ့လွှတ်တော် ကျင်းပပုံကို ကြည့်ရှုရန်နှင့် လွတ်လပ်ရေးလှုပ်ရှားမှုတွင် အိန္ဒိယနိုင်ငံရေး သများနှင့် မိတ်ဆွေဖြစ်ရန် အိန္ဒိယသို့ စေလွှတ်ခြင်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင် ဖ-ဆ-ပ-လ အဖွဲ့ကြီး သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိသောအခါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရာ၌ ဗိုလ်ချုပ် အောင်ဆန်းက အချက်အလတ်များပေး၍ ဦးချန်ထွန်းက အသေးစိတ်မူကြမ်းကို ရေးဆွဲရသည်။ တစ်နေ့လျှင် ၁၈ နာရီအလုပ်လုပ်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အချိန်မီပြီးစီးခဲ့သည်။

မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရာတွင် အသေးစိတ် စီစဉ်မူများ ပြုလုပ်ရန် ဗြိတိသျှနိုင်ငံခြားရေးရုံး၏ အတိုင်ပင်ခံအနေဖြင့် ဦးချန်ထွန်းအား လန်ဒန်မြို့သို့ စေလွှတ်ခဲ့ရလေသည်။ ထိုအချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကို လေ့လာရန် အမေရိကန်ပြည်ထောင်စု၊ အိုင်ယာလန်နှင့် အခြားနိုင်ငံများသို့ သွားရောက်ခွင့်ရရှိခဲ့လေသည်။ ဂုဏ်ထူဆောင် ဧည့်သည်အနေဖြင့် ဦးချန်ထွန်းသည် နယူးယောက်မြို့ တရားလွှတ်တော်ချုပ် တရားရုံးတရားစီရင်ရာ၌ ပါဝင်ခွင့်ရရှိရာ ပထမဆုံးဂုဏ်ပြုခံရသော မြန်မာဥပဒေပညာရှင် ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် လန်ဒန်မြို့၌ မြန်မာနိုင်ငံမှ ဖဆပလဥက္ကဋ္ဌ သခင်နုနှင့် အင်္ဂလန်နိုင်ငံမှဝန်ကြီးချုပ် အက်တလီတို့ နု-အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးကြစဉ်က အတူလိုက်ပါ၍ တာဝန်ထမ်းဆောင်ခဲ့သည်။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုစဉ်ကလည်း ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ်အနေဖြင့်ဆောင် ရွက်ပေးရသည်။

ရှေ့နေချုပ်အဖြစ် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်နေစဉ် ဦးချန်ထွန်းသည် ရာဇဝင်တွင်မည့် ဥပဒေများစွာကို ရေးဆွဲပြီး လွှတ်တော်တွင် တင်သွင်း၍ အတည်ပြုရာ၌ ပါဝင်သည်။ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ ရဟန်းတော်များတရားမမှုများကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ရန် ဝိနိစ္ဆယအက်ဥပဒေ၊ ပါဠိတက္ကသိုလ်များ တည်ထောင်နိုင်ရန် ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယအက်ဥပဒေ၊ ဗုဒ္ဓဘာသာကောင်စီတည်ထောင်နိုင်ရန် ဗုဒ္ဓသာသနာ့ကောင်စီ အက်ဥပဒေ၊ ပါဠိနှင့် ဗုဒ္ဓဘာသာစာပေများကို ဒီဂရီစာမေးပွဲများ ကျင်းပပေးနိုင်ရန် ပါဠိပညာရေးဘုတ်အဖွဲ့ အက်ဥပဒေတို့ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။

၁၉၅ဝ ပြည့်နှစ်တွင် သီရိလင်္ကာနိုင်ငံ၌ စတင်တည်ထောင်သော ကမ္ဘာ့ဗုဒ္ဓဘာသာ သာမဂ္ဂီအဖွဲ့ချုပ် တွင် ဒုတိယဥက္ကဋ္ဌအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ ဟီရိုဆာကီမြို့၌ကျင်းပ သော ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ သာမဂ္ဂညီလာခံသို့ တက်ရောက်ခဲ့သည်။

တတိယ အကြိမ်မြောက်ယင်းညီလာခံကို ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့ရာ ဦးချန်ထွန်း တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ ၁၉၆၅ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက်ညီလာခံကို နီပေါလ်နိုင်ငံ၊ ခတ္တ မန္ဓူမြို့၌ကျင်းပရာ ဦးချန်ထွန်းသည် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ရသည်။ ပဉ္စမအကြိမ်မြောက် ညီလာခံကို ၁၉၅၈ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပရာဦးချန်ထွန်းသည် ဒုတိယဥက္ကဋ္ဌအဖြစ်မှ အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် သတိုးမဟာသရေစည်သူဘွဲ့ကို အပ်နှင်းခံခဲ့ရ၍ ၁၉၅၄ ခုနှစ်တွင် တရားလွှတ်တော်ချုပ် တရားဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသောအခါ သတိုးမဟာသရေစည်သူ တရားဝန်ကြီးဦးချန်ထွန်းဟူ၍ ထင်ရှားလာသည်။ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ အမြင့်ဆုံး ဆင်ဖြူတံဆိပ် ကိုလည်းရရှိခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ရန်ကုန်တက္ကသိုလ်ဓမ္မာရုံတွင် နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရာ ဆာဦးသွင်က ဥက္ကဋ္ဌ၊ တရားလွှတ်တော်ချုပ် တရားဝန်ကြီးချုပ် ဦးသိမ်းမောင်က ဒု-ဥက္ကဋ္ဌဖြစ်၍ ဦးချန်ထွန်း အထွေထွေ အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။

ဗုဒ္ဓသာသနာ့အဖွဲ့၏ ဆောင်ရွက်ချက်များမှာ ကမ္ဘာအေးကုန်းမြေ၌ မဟာပါသဏ လိုဏ်ဂူတော်ကြီး တည်ဆောက်၍ ဆဋ္ဌသံဂါနာတင်ခြင်း၊ တိပိဋကရွေးချယ်ပွဲ၊ အဘိဓမ္မာစာမေးပွဲ၊ သီရိလင်္ကာနိုင်ငံ၌ အဘိဓမ္မာစာမေးပွဲ၊ အကျဉ်းထောင်များ၌ ဗုဒ္ဓဘာသာစာမေးပွဲများ ကျင်းပပေးခြင်း၊ ပြည်တွင်းပြည်ပ ရဟန်းတော်များအား ခေတ်ပညာသင်ကြားပေးသော ဓမ္မဒူတ သင်တန်းကျောင်း၊ ပဋိပတ္တိကမ္မဋ္ဌာန်းကျောင်းများ ဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသို့ သာသနာပြု စေလွှတ်ခြင်း၊ ပြည်ပမှရဟန်း သီလရှင်များအား အထောက်အပံ့ပေး၍ မြန်မာနိုင်ငံ၌ ပါဠိစာပေ သင်ကြားစေခြင်း၊ တက္ကသိုလ်၌ ဗုဒ္ဓကျမ်းစာဘာသာရပ်ဖြင့် ပထမဆင့်မှ အောင်မြင်သူများကို စကောလာရှစ် ဆုပေးခြင်းစသော ဗုဒ္ဓသာသနာ ပြုလုပ်ငန်းများ ဖြစ်လေသည်။

သတိုးမဟာသရေစည်သူ ဦးချန်ထွန်းသည် ၁၉၅၈ ခုနှစ် ဩဂုတ်လတွင် အမေရိကန် ပြည်ထောင်စု ရှီကာဂိုမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ရေးစည်းဝေးပွဲသို့ မြန်မာကိုယ်စားလှယ် အဖြစ်တက်ရောက်ခဲ့သည်။

ထိုညီလာခံတွင် နိုင်ငံတကာမှ ကိုယ်စားလှယ်တစ်ထောင်ကျော်တို့က ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်၊ ဂျူးဝါဒဟူသော ဘာသာကြီးငါးမျိုးကို ဆွေးနွေးခဲ့ကြရာ မြန်မာကိုယ်စားလှယ် ဦးချန်ထွန်းပါဝင်ဟောပြော ဆွေးနွေးရသည်။ ဩဂုတ်လ၂၂ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နယူး ဟမ်းရှိုင်းယားပြည်နယ်စတား အိုင်လင်းဒေသတွင် Buddhism, the Religion of the Age of Sciencce ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထိုဟောပြောချက်နှစ်ခုတို့ ပေါင်း၍ Buddhism and the Age of Science ဟူသောအမည်ဖြင့် သီရိလင်္ကာ နိုင်ငံတွင် ၁၉၆၂ ခုနှစ်က စာအုပ်ထုတ်ဝေခဲ့သည်။ နိုင်ငံတော်ဗုဒ္ဓသာသနာ့အဖွဲ့ကလည်း ထိုစာမူကို စာအုပ်အဖြစ် ၁၉၅၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ကမ္ဘာ့ဗုဒ္ဓဘာသာ သာမဂ္ဂီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်လာသော ဦးချန်ထွန်းသည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွန်ပင်မြို့၌ကျင်းပသော ခြောက်ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာ သာမဂ္ဂီညီလာခံ အောင်မြင်ချောမွေ့ရေးအတွက် ဆောင်ရွက်ခဲ့ရသည်။ ထိုညီလာခံက ဦးချန်ထွန်းကို အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ပြန်လည်တင်မြှောက်ခဲ့၍ ၁၉၆၃ ခုနှစ်တွင် အဖွဲ့ချုပ်ရုံးကို ဘန်ကောက်မြို့သို့ ရွေ့ပြောင်းသွားသည်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့လေသည်။ ၁၉၈ဝ ပြည့်နှစ် ဩဂုတ်လ ၂ဝ ရက်နေ့တွင် ပိဋိကတ်ဘာ သာပြန်စာပေ ဖြန့်ချိရေးအဖွဲ့ကို တည်ထောင်လိုက်သောအခါ ဦးချန်ထွန်းသည် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာ၍ ထိုတာဝန်ကို ကွယ်လွန်သည်အထိ ဆောင်ရွက်ခဲ့သည်။

ဦးချန်ထွန်းသည် ၁၉၈၈ ခုနှစ်မေလ ၁၆ ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ရ ဇနီးဒေါ်ခင်ခင်သိန်းနှင့် သားသမီးရှစ်ယောက် ကျန်ရစ်ခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၉)