ခင်မောင်ရင် (ပန်းချီဆရာ)

ဝီကီပီးဒီးယား မှ
ဗဂျီအောင်စိုး နှင့် ခင်မောင်ရင် တို့ကို တွေ့ရစဉ် ca.1970

ပန်းချီခင်မောင်ရင်သည် ဗိသုကာ ပညာရှင်တစ်ဦး ဖြစ်သကဲ့သို့၊ မြန်မာပြည်တွင် မော်ဒန်ပန်းချီ စတင် ရေးဆွဲသူများ ထဲတွင် ပန်းချီ ဦးခင်မောင် (ဘဏ်) နှင့် ဗဂျီအောင်စိုးပြီးလျှင် သူဟု ပြောစမှတ်ပြုရသူ ဖြစ်သည်။ သူနှင့်ခေတ်ပြိုင် ပန်းချီဆရာ သူငယ်ချင်းများမှာ နိုင်ငံကျော် ပန်းချီဆရာများ ဖြစ်ကြသော ပေါ်ဦးသက်ဝင်းဖေတို့ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ခင်မောင်ရင် (သို့မဟုတ်) ဟင်နရီကို ပဲခူးတိုင်းဒေသကြီး၊ သာယာကုန်းကျေးရွာ၌ ၁၉၃၈-ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်တွင် အဖ ဖရန်ဆီဝဲလ် (Frank Sewell) နှင့် အမိ ဒေါ်မြသီတို့မှ မွေးဖွားခဲ့ပြီး အဘိုးဖြစ်သူမှာ ၁၉ ရာစုအလယ်တွင် မြန်မာပြည်ကို ရောက်ရှိလာသော စစ်မှုထမ်းအရာရှိ ဂျွန်ဆီဝဲလ်ဖြစ်သည်။ မွေးချင်း ဆယ်ယောက်တွင် သားအကြီးဆုံး ဖြစ်သည်။[၁] သစ်တောအရာရှိဖြစ်သော ဖရန်ဆီဝဲလ်မှာ ကျန်းမာရေးကြောင့် အလုပ်မှ စောစောအနားယူလိုက်သောအခါ ဖရန်ဆီဝဲလ်၏ အစ်မကြီးဖြစ်သော ဒေါ်ခင်သက်တင်က လူမမယ်ဖြစ်သော ခင်မောင်ရင်တို့ မောင်နှမတစ်စုကို ရန်ကုန်သို့ ခေါ်လာခဲ့သည်။

ရန်ကုန်မြို့ အင်းလျားလမ်းအိမ်ကြီးတွင် အရွယ်ရောက်ခဲ့ပြီး အဒေါ်ဖြစ်သူ ဒေါ်ခင်သက်တင်၏ ခင်ပွန်း ဦးတင် မှာ ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး မြို့တော်ခန်းမပုံစံကို ရေးဆွဲခဲ့သူ ဖြစ်သည်။

တီတီစီတွင် ငါးတန်းအထိ ပညာသင်ကြားခဲ့ပြီး ဆရာဦးလှဘော်မှာ သူ့ဘဝတွင် ပထမဆုံးနှင့် တစ်ဦးတည်းသော ပန်းချီဆရာဖြစ်သည်။ ဆရာဦးလှဘော်ထံတွင် ပန်းချီပညာနှင့် ဘဝနေနည်းဒဿနများကို သင်ယူခဲ့သည်။ ဦးလှဘော်သည် ဗဂျီအောင်စိုး၏ ဆရာလည်း ဖြစ်သည်။

တီတီစီတွင် ငါးတန်းအောင်ပြီးနောက် ပြင်ဦးလွင်ရှိ စိန်မိုက်ကယ်ကျောင်းသို့ ပြောင်းခဲ့သည်။ ထိုကျောင်းတွင် အထက်တန်းအောင်မြင်ပြီးနောက် ကောလိပ် နှစ်နှစ်တက်ရောက်ခဲ့ပြီး ဗိသုကာကျောင်းကို တက်ရောက်ခဲ့ရာမှ မော်ဒန်ပန်းချီအကြောင်းကို ဦးနန်းဝေထံမှ လေ့လာသင်ယူခဲ့သည်။

ဘွဲ့ရရှိပြီးသောအခါ ဦးလေးဖြစ်သူ ဗိသုကာဦးတင်၏ ကုမ္ပဏီတွင် လအနည်းငယ်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် အိမ်ပုံစံများဆွဲသည့် ကိုယ်ပိုင်အလုပ်ကို လုပ်ကိုင်ခဲ့သည်။

ဦးနေဝင်းအာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်တွင် ကုမ္ပဏီများစွာ ပိတ်သိမ်းခဲ့ကြပြီး ဗိသုကာပညာရှင်များလည်း နိုင်ငံခြားသို့ အသီးသီး ထွက်ကြသည်။

ခင်မောင်ရင်လည်း အရှေ့ပါကစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်)ရှိ အမေရိကန် ဗိသုကာကုမ္ပဏီ၏ ရုံးခွဲတွင် အလုပ်လုပ်ခဲ့ပြီး ကွာလာလမ်ပူ ဘူတာရုံ အဆောက်အအုံ ဆောက်လုပ်ရာတွင် ဒီဇိုင်းရေးဆွဲသည့်ဘက်မှ ပါဝင်ခဲ့သည်။

ခင်မောင်ရင်သည် ဒက္ကာရှိ နာမည်ကြီး အိန္ဒိယဒါရိုက်တာတစ်ဦးရိုက်ကူးသော ဇာတ်ကားကို သဘောကျသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာပြီး သမားရိုးကျမှ ခွဲထွက်သည့်ရိုက်ချက်များဖြင့် “နှမလက်လျှော့နေလေတော့” ဇာတ်ကားကို ရိုက်ကူးခဲ့ရာ သာမန်ရုပ်ရှင်ကြည့်ပရိသတ်က မကြိုက်ကြသောကြောင့် ထင်ထားသလောက် အောင်မြင်မှုမရှိခဲ့ပေ။ "ဘမှန်ဘဇံ"ဆိုသော ဇာတ်ကားကို ကောလိပ်ဂျင်နေဝင်းနှင့် ရိုက်ကူးခဲ့သည့် အခါမှသာ အနုပညာအားဖြင့်လည်း အလွန်အောင်မြင်ပြီး ဝင်ငွေကောင်းသော ကားတစ်ကားဖြစ်ခဲ့သည်။

ပန်းချီခင်မောင်ရင်သည် ရန်ကုန်စက်မှု တက္ကသိုလ် (RIT) ပထမဆုံး အသုတ်မှ ကျောင်းသားဖြစ်ပြီး ၎င်းဗိသုကာ ပညာရှင်အဖြစ် ရေးဆွဲခဲ့သည့် အဆောက်အဦပုံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒက်ကာ ဘူတာရုံနှင့် မြန်မာပြည် ပုဂံမြို့မှ သဇင်ဟိုတယ်တို့ ဖြစ်ကြောင်း သိရသည်။ ပန်းချီခင်မောင်ရင်သည် ရုပ်ရှင်ရိုက်ကူးခြင်းကိုလည်း ဝါသနာပါသူဖြစ်ပြီး “နှမလက်လျှော့ နေလေတော့” အမည်ရှိ ဇာတ်ကားနှင့် “ဘဇံ ဘမှန် အကြောင်း” ဇာတ်ကား ၂ ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ဖူးသည်။

ကျူရှင်ဆရာဘဝ[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ၊ သန္တာ(၁၁)လမ်းတွင် နေထိုင်ကာ "အောင်စည်" အမည်ဖြင့် အင်္ဂလိပ်စာကျူရှင် အကြီးအကျယ်ဖွင့်ခဲ့သည်။ သူ၏ အင်္ဂလိပ်စာ သင်တန်းသို့ ကျောင်းသားကျောင်းသူ အများကြီး တက်ရောက်ခဲ့ပြီး သူ့ကို ချစ်ကြသည်။


ယင်းနောက်ပိုင်း ပန်းချီကို အားသွန်ခွန်စိုက် ရေးဆွဲခဲ့သူ ဖြစ်ကြောင်း၊ ပန်းချီအခြေခံ သဘောတရား၊ သီအိုရီ၊ အတွေးအခေါ်၊ ကမ္ဘာ့ပန်းချီ စသည်တို့ကို နှံ့နှံ့စပ်စပ် လေ့လာ ဖတ်ရှုသူ ဖြစ်ပြီး ပန်းချီစရေးကတည်းက ဘာလုပ်မည်၊ ဘာကြောင့်လုပ်သည်၊ ဘာတွေ လုပ်ပိုင်ခွင့် ရှိသည် စသည်ဖြင့် နားလည်သူ ဖြစ်သည့်အတွက် ထူးခြားသူ ဖြစ်ကြောင်း ပန်းချီဝင်းဖေက ဆိုသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဆရာ ခင်မောင်ရင်သည် နောက်ပိုင်းတွင် လေဖြတ်သွားကာ ၂၀၁၄-ခု၊ ဇွန်လ ၁၀ ရက် မွန်းလွဲ ၃ နာရီ၊ ၂၄-မိနစ်ခန့်က ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် လူပျိုကြီးဖြစ်ပြီး အသက် ၇၆ နှစ်ရှိပြီ ဖြစ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ကိုကို (အမရပူရ) ရေးသော ခေတ်ပြိုင်ပန်းချီဆရာများ၊ ၂၀၁၅၊ ဩဂုတ်လ၊ စာ-၈၆
  2. ဗိသုကာ ပညာရှင်၊ ပန်းချီ ခင်မောင်ရင် (၇၆ နှစ်) ကွယ်လွန်။ 2 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2014 တွင် ပြန်စစ်ပြီး။