နန်းဝေ၊ ဦး

ဝီကီပီးဒီးယား မှ
(ဦးနန်းဝေ မှ ပြန်ညွှန်းထားသည်)
ဦးနန်းဝေ၏ တက္ကသိုလ် ပန်းချီကား တကား (အပေါ်)၊ ဦးနန်းဝေ ပန်းချီ ရေးဆွဲနေစဉ် (ဝဲ) နှင့် ပန်းချီ ဦးနန်းဝေနှင့် မိခင် ဒေါ်သန်း (ယာ)၊။ (ဓာတ်ပုံ - မိုးမခ)

ဆီဆေး ဆရာကြီး ဦးနန်းဝေကို ၁၂၉၅ ခု၊ နတ်တော်လဆန်း ၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်မှာ ခရမ်းမြို့နယ် မြို့လှရွာမှာ အဖ ဦးသွင်၊ အမိ ဒေါ်သန်းတို့က မွေးဖွားခဲ့သည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးသား ဖြစ်၏။

ပန်းချီပညာကို ငယ်စဉ်ကတည်းက ဝါသနာကြီးခဲ့ပြီး ခရမ်းမြို့တွင် အထက်တန်းပညာသင်ယူရင်း ဗုဒ္ဓဘာသာ အင်္ဂလိပ် မြန်မာ အထက်တန်းကျောင်း (ခရမ်း) မှ ရေဆေးပန်းချီဆရာ ဆရာပု (ခေါ်) ပန်းချီနည်းပြ ဦးဘလှိုင်၏ အကူအညီဖြင့် ပန်းချီကျောင်းမှ ကျောင်းအုပ်ဆရာဖြစ်သူ ဦးမောင်မောင်ရီနှင့် တွေ့ဆုံကာ ဝါသနာပါလှသော ပန်းချီပညာအား စတင်ရင်းနှီးခွင့် ရခဲ့သည်။

အထက်တန်းကျောင်းသားဘဝ၌ နိုင်ငံတော်က ပြုလုပ်သည့် ပြိုင်ပွဲများတွင် ၃ နှစ် ဆက်တိုက်ဆုများ ရရှိခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကာလတဝိုက်တွင် ဆရာဦးဘဉာဏ်သည် မြင်ဆရာ ဖြစ်ခဲ့၏။ အခြား မြင်ဆရာများမှာ ဆရာ ဦးဘကြည်နှင့် ဆရာ ဦးဘရင်လေးတို့ ဖြစ်ကြသည်။

ဆရာသည် အောက်ဒိုးထွက်၍ ရေးဆွဲခြင်းကို နှစ်သက်သည်။ တက္ကသိုလ် မြန်မာစာ သုတေသနဌာနတွင် ဆရာဖြစ်ခဲ့သည်။ အင်းလျားကန်နှင့် တက္ကသိုလ်တဝိုက် မြင်ကွင်းများကို ပန်းချီကား ရေးဆွဲလေ့ ရှိရာမှ သူ့ကိုယ်သူ 'အင်းလျားနဲ့ ပန်းချီဆရာ ဖြစ်လာတာ' ဟု ပြောဆိုလေ့ရှိသည်။

၁၉၅၂ တွင် ပထမဦးဆုံး တကိုယ်တော် ပြပွဲကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး အုပ်စုလိုက် ပြပွဲများအား ၂ နှစ် တကြိမ်ခန့် ပြသနိုင်ခဲ့သည်။ ဆရာသည် ၁၉၆၅ ခု စက်တင်ဘာလ ၁၅ ရက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်ဘာသာပြန်ဌာနနှင့် စာအုပ်ထုတ်ဝေရေးတို့တွင် ပန်းချီဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာ၏ ပန်းချီကားများတွင် အနီရောင်ကဲသော အသွေးကို တွေ့ရလေ့ရှိပြီး မြန်မာမှုကောက်ကြောင်းပန်းချီကိုလည်း နိုင်နင်းသူ ဖြစ်သည်။ တက္ကသိုလ်ပရဝုဏ်အတွင်း၌ ပန်းချီပြပွဲများ၊ ပန်းချီအင်အားစုများ ပေါ်ထွက်လာစေရန် များစွာဆောင်ရွက်ပေးခဲ့သည်။

၁၉၆၂ ခုနှစ်၊ တကသအဆောက်အဦ ဗုံးခွဲခံရစဉ်က ဆရာ့၏ ပန်းချီကားတွေ အများအပြား ပါဝင်သွားခဲ့သည်ဟု ဆိုကြ၏။ ထိုအဖြစ်အပျက်ကြောင့် ဆရာသည် ပန်းချီရေးခြင်းကို ကာလတခုအထိ မဆောင်ရွက်ခဲ့ဘဲ စိတ်ထိခိုက်ခဲ့ရသည်။


စာရေးဆရာအောင်ပြည့်ရဲ့ 'ပြိုမှာလေလား မိုးရဲ့' လုံးချင်း ဝတ္ထုသည် ဆရာ ဦးနန်းဝေ၏ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဘဝ ဖြတ်သန်းမှု တစိတ်တဒေသကို ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြ၏။


ဆရာသည် ဆီဆေးဓားချက် ပိုင်နိုင်စွာနှင့် ရှုမျှော်ခင်းပန်းချီကားများကို ရေးဆွဲနိုင်ခဲ့သလို ဆရာကြီး ဦးဖေမောင်တင်၊ ဆရာ မင်းသုဝဏ် စသည့် ဆရာများ၏ ပုံတူပန်းချီကားများကိုလည်း ပြောင်မြောက်စွာ ရေးဆွဲနိုင်သူ ဖြစ်သည်။


မြန်မာပန်းချီလောကမှာ ဆီဆေး ဓားချက်ရေးနည်းကို ပိုင်နိုင် ကျွမ်းကျင်စွာ ရေးဆွဲခဲ့သော ပန်းချီ ဆရာကြီး ဦးနန်းဝေ (အသက် ၈၃ နှစ်)သည် ၂၀၀၈ ခု၊ ဒီဇင်ဘာ ၁၈ ရက် ကြာသပတေးနေ့ ညနေ ၃:၂၅ က အမှတ် ၁၂၊ စံရိပ်ငြိမ် ၅ လမ်းရှိ ညီမဖြစ်သူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်ရဲ့ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဆရာသည် ခရမ်းမြို့တွင် နေထိုင်ရာမှ ညီမဖြစ်သူထံ ဆေးလာကုရင်း ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်အထိ ဆရာသည် တကိုယ်ရည်ဘဝဖြင့် အနုပညာကို ဖက်တွယ်ရင်း နေထိုင်ခဲ့သည်။ ဆရာ၏ ဈာပနအား ဒီဇင်ဘာ ၂၀၊ ၂၀၀၈ စနေနေ့ နံနက် ၁၁ နာရီအချိန်တွင် ထိန်ပင်သုဿန်၌ မီးသဂြိုဟ် ပြီးစီးခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၀၈ ဒီဇင်ဘာ ၂၁ ရက်နေ့က မိုးမခ မြန်မာပိုင်း [moemaka.com/index.php?option=com_content&task=view&id=2989&Itemid=1] ကွန်ရက် စာမျက်နှာမှာ လွှင့်တင်ထားတဲ့ 'တာရာဝေယံ' ရဲ့ 'ကွယ်လွန်သွားတဲ့ ပန်းချီ ဦးနန်းဝေသို့ အမှတ်ရသမျှ'