ကွမ်းယာ

ဝီကီပီးဒီးယား မှ
"ကွမ်း"ကို ဤနေရာသို့ ညွှန်းသည်။ အခြား အဓိပ္ပာယ်များအတွက် ကွမ်း (သံတူကြောင်းကွဲ)ကို ကြည့်ပါ။
ကွမ်းစား၍ သွားများညစ်ထေးနေသည့် မြန်မာပြည်မှ အဘိုးအိုတစ်ဦး

ကွမ်းယာဆိုသည်မှာ ပီကေကဲ့သို့ပင် အရသာမရှိ အာဟာရမရှိသော်လည်း အပျင်းပြေဝါးရန် သင့်လျော်သော စားစရာ တစ်မျိုး ဖြစ်သည်။ မြန်မာတို့သည် ရှေးအခါကပင် ကွမ်းယာနှင့် ပတ်သက်သော စားစရာများကို ကွမ်းအစ်ဖြင့်ထည့်၍ ကိုယ်တိုင်စားသုံးလေ့ ရှိသည့် အပြင် ဧည့်သည်များကိုလည်း တည့်ခင်း ဧည့်ခံလေ့ ရှိသည်။ ကွမ်းယာတွင် အဓိကအားဖြင့် ကွမ်းရွက်၊ ကွမ်းသီး နှင့် ထုံးအပြင် ကွမ်းစားဆေးနှင့် အခြား အဆာပလာများနှင့် ရောယှက်၍ စားသုံးလေ့ ရှိကြသည်။ ကွမ်းယာစားသည့် ဓလေ့သည် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်နိုင်ငံ[၁]မလေးရှားနိုင်ငံထိုင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့တွင်လည်း ရှိကြသည်။


ပါဝင်သည့် အစာများ[ပြင်ဆင်ရန်]

ကွမ်းယာတွင် အဓိကအားဖြင့် ထုံး၊ ကွမ်းသီးနှင့် ကွမ်းရွက်တို့ ပါဝင်သည့်အပြင် ကွမ်းစားဆေး အမျိုးမျိုးနှင့် အခြားဟင်းခတ် အမွှေးအကြိုင် အမျိုးမျိုးကိုလည်း ထည့်၍ စားသုံးလေ့ ရှိသည်။

ကွမ်းစားဆေးများ[ပြင်ဆင်ရန်]

  • မြန်မာဆေးများ
မြန်မာ့ရိုးရာ ကွမ်းစားဆေးအဖြစ် ကွမ်းယာထဲတွင် မြန်မာဆေးရွက်ကြီးကို ထည့်၍ စားသုံးလေ့ရှိကြသည်။ မြန်မာဆေးရွက်ကြီးတွင် အညိုနှင့် အမည်းဟူ၍ နှစ်မျိုးရှိပြီး အညိုမှာ အနည်းငယ်ပျော့၍ အရသာပိုချိုသည်။ ဆေးအမည်းမှာ အရသာ ပိုပြင်းပြီး ပို၍လည်း ခါးသည်။ ဆေးအညိုနှင့် ဆေးအမည်းတို့ အပြင် ဆေးရွက်ကြီးကို ပျားရည်၊ အရက်တို့နှင့် ရောစပ်၍ ဆေးပေါင်းဟု ခေါ်ဝေါ်သော ဆေးတစ်မျိုးကိုလည်း စားသုံးလေ့ ရှိကြသည်။
  • ဆေးမွှေးများ
မြန်မာပြည်တွင် ကွမ်းယာစားသုံးသူများမှာ အိန္ဒိယမှ တင်သွင်းလာသော ဆေးမွှေးများကိုလည်း စားသုံးလေ့ ရှိကြသည်။ ထင်ရှားသော ဆေးမွှေးများမှာ စင်ကနယ်၊ ဟန်ဒရက်၊ မြေပုံ၊ ဆာဂါး၊ ဘာဘာ နှင့် နိုင်တီတူး တို့ ဖြစ်ကြသည်။

ထုံး[ပြင်ဆင်ရန်]

ထုံးစပ်ခြင်းသည် ကွမ်းယာတွင် အရေးကြီးသည့် အစိတ်အပိုင်းမှ ပါဝင်သည်။ ထုံးကောင်းပါက ကွမ်းယာမှာ စား၍ ကောင်းပြီး ထုံးစပ်ညံ့ပါက ကွမ်းယာမှာ စား၍ မကောင်းပေ။ ထုံးကို ရေအပြင် နွားနို့စသည်တို့ကို ထည့်၍ အထားခံရန်၊ မပေါက်ရန် နှင့် စား၍ ကောင်းရန် ပြင်ဆင်လေ့ ရှိကြသည်။ အချို့သော သူများသည် ကွမ်းယာထဲတွင် ထုံးအပြင် ရှားစေးတစ်ထပ်ကိုလည်း သုတ်လိမ်းလေ့ ရှိကြသည်။

ကွမ်းသီး[ပြင်ဆင်ရန်]

ကွမ်းယာထဲတွင် ထည့်ရန် ကွမ်းသီးကို ကွမ်းသီးပင် မှရရှိပြီး အခွံခွာကာ ကွမ်းညှပ်ဖြင့် ညှပ်၍ ရေစိမ်ခြင်းဖြင့် ကွမ်းယာထဲတွင် ထည့်၍ စားသုံးနိုင်ရန် ပြင်ဆင်လေ့ ရှိကြသည်။

ကွမ်းရွက်[ပြင်ဆင်ရန်]

ကွမ်းရွက်သည် ကွမ်းပင်မှ အရွက်ဖြစ်သည်။ မြန်မာပြည်မှ ကွမ်းရွက်သည် စားရန်သင့်လျော်ပြီး မလေးရှားနိုင်ငံ မှထွက်သော ကွမ်းရွက်မှာ အရသာ အနည်းငယ် ပို၍ ညံ့သည်။

အခြားအဆာပလာများ[ပြင်ဆင်ရန်]

ကွမ်းယာထဲတွင် ထည့်၍ စားသုံးလေ့ ရှိသော အခြားဟင်းခတ် အမွှေးအကြိုင်များမှာ စမုန်စပါး၊ ဖာလာ၊ လေးညှင်းပွင့်၊ ဂုန်ခါး၊ အုန်းသီးကြော်၊ မြေပဲဆံ၊ နွယ်ချို နှင့် သံပရာသီးစိတ် တို့ ဖြစ်ကြသည်။

ကွမ်းစားခြင်း၏ အကျိုးအပြစ်များ[ပြင်ဆင်ရန်]

ကွမ်းစားခြင်းဖြင့် သွားများကို ညစ်ထေးပေကျံ စေနိုင်သည့်အပြင် သွားများအတွင်း ကျောက်ဖြစ်နိုင်သည်။။ ဘေးထွက် ဆိုးကျိုးအနေဖြင့် ဆီးအိမ်တွင် ကျောက်တည်ခြင်း၊ ပါးစောင်ကင်ဆာစသည့် ရောဂါများ ဖြစ်ပွားနိုင်သည်။

အကျိုးအနေဖြင့် ခံတွင်းရှင်းခြင်း နှင့် ဆေးလိပ်ဖြတ်ရာတွင် အစားထိုး အနေဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ခြင်း တို့ ရှိသည်။

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးတွင် ကွမ်းယာသည်တစ်ဦးမှ ကွမ်းယာနေပုံ
လမ်းဘေးဈေးသည် အမျိုးသမီးတစ်ဦးမှ ကွမ်းသီးများအားညှပ်၍ ကွမ်းယာယာနေပုံ

မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသောကွမ်း မြန်မာလူမျိုးတို့ ကျွေးမွေးဧည့်ခံ လောကဝတ်ပြုရာတွင် ကွမ်းဆေးလက်ဖက်မှာ မပါလျှင် မပြီးသလောက် ဖြစ်၏။ ဤသို့ အစဉ်အလာအားဖြင့် မြန်မာလူမျိုးတို့ မပယ်နိုင်သည့် ကွမ်းသည် မြန်မာမင်းများ လက်ထက်တော်၌ တိုင်းပြည် အုပ်ချုပ်မှု၊ အထူးသဖြင့် တရားစီရင်မှုတွင် ပိုမိုအရေးပါခဲ့၏။ ရာထူးဌာနန္တရ အဆင့်အတန်းကိုလည်း ကွမ်းသုံးခွင့်ကို ကြည့်၍ ခွဲခြားနိုင်၏။ ထို့ပြင် ကွမ်းပင်သည် ဆေးဖက်လည်း ဝင်သေး။

မြန်မာနိုင်ငံ၌ ရှေးပုဂံခေတ်မတိုင်မီကပင် ကွမ်းစားခြင်း အလေ့ ရှိခဲ့ဟန်တူသည်။ တစ်ကောင်းမင်းများလက်ထက်က ကွမ်းလောင်းကြီး၊ ကွမ်းလောင်းငယ် အဆောင်အယောင်များ ရှိကြောင်းနှင့် အဆိုရှိသည်။ သက္ကရာဇ် ၆ဝ၃ ခုနှစ်တွင် ပုဂံပြည်မိဖုရားစော စိုက်ထူသော ကူနီဘုရားကျောက်စာတွင် စာသင်တိုက်ရှိ ရဟန်းတော်များအတွက် ကွမ်းဖိုးကွမ်းသီးဖိုး အဖြစ် စပါးများ လှူဒါန်းကြောင်း ရေးထိုးခဲ့သည်။ အခြား သော ကျောက်စာများတွင်လည်း ကွမ်းစားကြောင်း အထောက် အထားများ ရေးထိုးထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ပုဂံ ခေတ်တွင် ကွမ်းကို ရှင်လူအများပင် စားသုံးနေကြ ပြီဖြစ် ကြောင်း သိသာနိုင်ပေသည်။ ထို့ပြင် ဗျတ်ဝိအား သထုံမြို့ဝန်က သတ်ဖြတ်ရာတွင် သေအောင်မသတ်နိုင်သည့်အတွက် သူ၏ချစ်သူ မအိုဇာအား ကွမ်းတရာ ရေတမှုတ် ကမ်းခိုင်းသည်ဟု ရာဇဝင်တွင် ပါရှိသည်။ [၂] ထိုပုဂံရာဇဝင်တွင်ပင် အမတ်ကြီးရာဇသင်္ကြံအား အိမ်ရှေ့မင်း သီဟသူက ကွမ်းသွေးဖြင့် ထွေးဘူးကြောင်း ပါရှိသည်။ ရခိုင် ရာဇဝင်၌လည်း ရခိုင်ဘုရင် မင်းထီးသည် ကွမ်းစားပြီးနောက် နန်းတော်တိုင်ကို ထုံးတို့မိသဖြင့် မိမိထုတ်ပြန်ထားသော အမိန့် အတိုင်း မိမိလက်ညှိုးကို ကိုယ်တော်တိုင် ဖြတ်ပိုင်းဘူးကြောင်း ပါရှိသည်။ ဤအကြောင်းများကို ထောက်ရှုခြင်းအားဖြင့် ကွမ်း ကို ဘုရင်မင်းမြတ်မှအစ သူဆင်းရဲများအထိ အမြတ်တနိုး စားသုံးခဲ့ကြကြောင်း ထင်ရှားသည်။

မြန်မာဘုရင်မင်းမြတ်၏ လက်ဝဲလင်္ကျာမင်းခမ်းတော်များတွင် ကွမ်းခွက်များပါရှိသည်။ မြန်မာဘုရင်များ ကွမ်းတော်တည်သည့် ထင်ရှားသော ကွမ်း ခွက်များမှာ ဟင်္သာ ရုပ်ခံ ကွမ်းခွက်၊ ကရဝိက်ရုပ်ခံကွမ်းခွက်၊ နဂါးရုပ်ခံ ကွမ်းခွက်နှင့် ခြင်္သေ့ရုပ်ခံ ကွမ်းခွက်များ ဖြစ်ကြ၏။ မြန်မာမင်း⁠မင်းလက်ထက်က လွှတ်တော်၌ ခစားရသော မှူးတော်မတ်တော်များအနက် သတ်မှတ်ထားသော ဂုဏ်ထူး ဝိသေသရှိသူများသာ ကွမ်းသွေးထွေးရန် ကွမ်းသွေးပေါက် ရရှိကြလေသည်။ ထို့ပြင် ယုံမှတ်တော်မူသောသူများအား ကွမ်းရေတော်ကိုင်ရာထူးကို ချီးမြှင့်တော်မူလေ့ရှိ၏။ တရားမမှုများတွင် တရားဖြစ်သော ပစ္စည်း၏ ၁ဝ ရာခိုင် နှုန်း ကောက်ယူသောငွေကိုလည်းကောင်း၊ ရာဇဝတ်မှုများ၌ ဒဏ်ရိုက် သောငွေကိုလည်းကောင်း၊ ကွမ်းဖိုးဟု ခေါ်လေသည်။ ထိုကွမ်းဖိုး (အခွန် တော်)ငွေများ ကောက်ခံရန် ကွမ်းဖိုးထိန်းအရာရှိများ ခန့်ထား လေသည်။ ကွမ်းဖိုးငွေများကို ဘဏ္ဍာတော်သို့ တိုက်ရိုက်ထည့် သွင်းရသည့် အခါများလည်း ရှိသည်။ မိဖုရားခေါင်ကြီးအား အသေးသုံးရန်အတွက် ပေးရသည့်အခါများလည်း ရှိလေသည်။ တရားရုံးတော်များတွင် အမှုအခင်းများ ဆုံးဖြတ်စီရင်ပြီး သည့်အခါ အမှုပြီးပြတ်သည့် အထိမ်းအမှတ်ဖြင့် ၂ ဦး ၂ ဖက် အမှုသည်များ ကွမ်းလက်ဖက်စားလေ့ရှိကြသည်။

ကွမ်းရွက်နှင့် စပ်လျဉ်း၍ ဆေးအဘိဓာန်ကျမ်းတွင် ကွမ်း ရွက်သည် သလိပ်ကိုလည်းကောင်း၊ လေကိုလည်းကောင်း၊ သည်းခြေကိုလည်းကောင်း၊ သွေး ကိုလည်းကောင်း၊ ဖောက်ပြန်၍ဖြစ်သော အထူးထူးသော အနာတို့ကိုလည်းကောင်း အကြောင်းအားလျော်စွာ နိုင်၏ဟု ဆိုသည်။ ဓာတုရသကျမ်း၌ ကွမ်းရွက်သည် လေသလိပ်ကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ မျက်စိမှုန်သည် ကိုလည်းကောင်း၊ ငြိမ်းစေတတ်၏။ ကွမ်းပေါင်း(ပေါင်းပြီးသောကွမ်း) သည် လေကိုငြိမ်စေတတ်၏ဟု ဖော်ပြထား၏။ ထို့ကြောင့် များစွာသော မြန်မာဆေးကုထုံးများတွင် ကွမ်းရွက်နှင့် ကွမ်းရွက်ပြုတ်ရေများ ပါရှိကြသည်။ ထိုမှတစ်ပါး မြန်မာလူမျိုး တို့သည် ကွမ်းရွက်ကို မစားမီ အရင်းအဖျားများကို ဖြတ်ပယ် လေ့ရှိသည်။ ဤသို့ပြုလုပ်ခြင်းမှာ လောကနီတိကျမ်းတွင် 'ကွမ်းရွက်၏အရင်း၌ ဘီလူးစောင့်၏။ အဖျား၌ ကာလကဏ္ဏီ နတ်မိစ္ဆာ စောင့်၏။ အလယ်၌ ကုဝေရနတ် စောင့်၏။

ထို့ကြောင့် အရင်းနှင့် အဖျားကို ဖြတ်၍စားငြားအံ့၊ ဘုန်းကျက် သရေ တိုးပွား၏ဟု ဆိုသောကြောင့် ဖြစ်ပေသည်။ မင်္ဂလာအခမ်းအနားများနှင့် အလှူပွဲများ၌ ကွမ်းလက်ဖက် တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းမှာ မြန်မာလူမျိုးတို့၏ ရိုးရာ ယဉ် ကျေးမှုတစ်ရပ် ဖြစ်ပေသည်။ မြန်မာတို့၏ အိမ်တိုင်း၌လိုလိုပင် ကွမ်းအစ်များထားရှိကြ၍ မိမိတို့အိမ်သို့ ကြွရောက်လာသူတို့ အား ကွမ်းအစ်တည်ခင်းပေးလေ့ရှိသည်။ ရုပ်လုံးများဖော်၍ ထုလုပ်မွမ်းမံထားသော ငွေကွမ်းအစ်ကြီးများနှင့် ပန်းချီအရုပ် များဖြင့် ရေးခြယ်ထားသော သရိုးကိုင် ယွန်းထည်ကွမ်းအစ် များသည် မြန်မာလူမျိုးတို့ အမြတ်တနိုးထားသော အိမ်သုံး အဆောင်အယောင်တွင် ပါဝင်၏။

ကွမ်းကို ဖွဲ့ဆိုသော တေးကဗျာ အမျိုးမျိုးများလည်းရှိရာ လူဦးမင်းနှင့် ဖိုးသူတော်ဦးမင်းတို့ စပ်ဆိုသော အောက်ပါဒွေးချိုး ၂ ပုဒ်မှာ ထင်ရှားသော ကွမ်းဖွဲ့များ ဖြစ်ကြသဖြင့် ကွမ်းနှင့် စပ်လျဉ်း၍ အလွယ်တကူ မှတ်သားနိုင်ပေသည်။

  • လူဦးမင်း၏ ကွမ်းဖွဲ့
တံတားဦးက ကွမ်းနုဝါ။
ငမြာကဆေး။ ။
ကွမ်းသီးတောင်ငူနှင့်၊
ကိုင်းထုံးဖြူ ပြည်ရှားငယ်။
သာဝါးလို့ထွေး။ ။
  • ဖိုးသူတော်ဦးမင်း၏ ကွမ်းဖွဲ့
ကွမ်းရွက်ကယ်ညှာကြွေ၊
ရေစိမ်တဲ့ဆေး။ ။
သန်းခေါက်လှိုင်⁠လှိုင်နဲ့။
ချိုင်လိုက်မယ်ထုံးဖြူခြောက်ကယ်၊
အာပေါက်မှထွေး။ ။[၃]


အိန္ဒိယနိုင်ငံ[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံ၌ ကွမ်းစားခြင်းထုံးစံမှာ ရှေးနှစ်ပေါင်းများစွာ ကပင် ရှိသည်ဟု တွေးထင်ရသည်။ ကွမ်းအကြောင်းကို ဘုရား ဟောနိပါတ်တော်များတွင်လည်း တွေ့ရှိရသည်။ သီရိဓမ္မာ သောကမင်းကြီး၏ မိဖုရား အသန္ဓိမတ္တိသည် နန်းတော်၌ ကရဝိက်ငှက်၏ သာယာသောအသံကို ကြားရသဖြင့် အလွန်ပင် နှစ်သက်လှရကား ကရဝိက်ငှက်ကို အမှတ်တရအဖြစ်ဖြင့် ထိုငှက်သဏ္ဌာန် ရွှေကွမ်းအုပ် ပြုလုပ်ခဲ့ကြောင်းနှင့် ရွှေဘုံနိဒါန်း ကျမ်းများတွင် လာရှိသည်။ ဥရောပတိုက်မှ အရှေ့တိုင်းများသို့ ၁၃ ရာစုနှစ်က ရောက်ရှိလာသော ခရီး သည်ကြီး မာကိုပိုလို ၏ မှတ်တမ်းများတွင်လည်း အိန္ဒိယလူမျိုးများ ကွမ်းစားလေ့ရှိ ကြောင်းနှင့် ဖော်ပြပါရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Saigon by Anthony Grey
  2. ဦးကုလား မဟာရာဇဝင်တော်ကြီး
  3. ဆဋ္ဌမတန်း မြန်မာဖတ်စာ