ကျော်စိုး (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကျော်စိုး
KyawSoe.jpg
(၁၉၁၀-၁၉၃၀)
မွေးသက္ကရာဇ် ၁၉၁၀ ပြည့်နှစ်
အမည်ရင်း ဘမောင်
မိဘအမည် ပီမိုးနင်း + ဒေါ်စိန်တင့်
မွေးဖွားရာဒေသ ရန်ကုန်မြို့
နိုင်ငံသား Flag of Myanmar.png မြန်မာ
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် ရုပ်ရှင် စတန့်မင်းသား
ကြင်ဖော် မရှိ
သားသမီး မရှိ
ထင်ပေါ်ကျော်ကြားမှု ပထမဆုံး စတန့်မင်းသား
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် ၂၈ မတ် ၁၉၃ဝ
ကွယ်လွန်ရာဒေသ ရန်ကုန် နှင့် ၁၉မိုင်အကွာ
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်


ကျော်စိုးသည် မြန်မာ့ရုပ်ရှင်လောကမှ ပထမဆုံး စတန့်မင်းသား ဖြစ်သည်။

အနောက်တိုင်း ရုပ်ရှင်လောကတွင် ပထမဆုံး စတန့်မင်းသား အဖြစ် ၁၉၁၉-၁၉၂၀ ပြည့်နှစ်များအတွင်း ပေါ်ပေါက်ခဲ့သော ဒေါက်ဂလပ်ဖဲယားအား အသိအမှတ် ပြုကြ၏။ အလားတူ မြန်မာ့ ရုပ်ရှင်လောကတွင်လည်း ပထမဆုံး စတန့်မင်းသား အမည်ကို ကျော်စိုး ဟူ၍ မှတ်သားထားကြသည်။ စတန့်မင်းသား ကျော်စိုး၏ နောက်ပိုင်းတွင်မှ ကျော်ဟိုးကျော်မိုးတင်ဖေတင်ငွေ စသည့် စတန့် မင်းသားများ အလျှိုအလျှို ပေါ်ပေါက်လာခဲ့ကြသည်။ ကမ္ဘာကျော် စတန့်မင်းသားကြီး ဒေါက်ဂလပ်ဖဲယားသည် ၁၉၃၁ ခုနှစ်က ရန်ကုန်မြို့သို့ အလည်အပတ် ရောက်ရှိလာခဲ့ဖူးပါသည်။ ထိုစဉ်က မြန်မာ့ရုပ်ရှင် လောကတွင် ပထမဆုံး ပေါ်ပေါက်ခဲ့သည့် စတန့် မင်းသား ကျော်စိုးမှာ ကွယ်လွန်သွားပြီ ဖြစ်ရာ တွေ့ဆုံခွင့် မရရှိတော့ပေ။

စတန့်မင်းသား ကျော်စိုး ပါဝင်သော ရုပ်ရှင်ကြော်ငြာ

ကျော်စိုး၏ အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

စတန့်မင်းသား ကျော်စိုးကို ဆရာကြီး ပီမိုးနင်းနှင့် ဒေါ်စိန်တင့်တို့က ၁၉၁၀ ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း လေးဦးအနက် အကြီးဆုံးသား ဖြစ်ပြီး အမည်ရင်းမှာ ဘမောင် ဖြစ်၏။ သူ၏အောက်တွင် ဘကျော်၊ အုန်းကျော်နှင့် ဝင်းမော် ဆိုသူ မွေးချင်းများ ရှိကြသေး၏။ ဘမောင်၏ ကျောင်းအမည်မှာ ဗစ်တာမိုးနင်း ဖြစ်သည်။

ဆပ်ကပ်ဆရာ[ပြင်ဆင်ရန်]

ဘမောင်သည် ငယ်စဉ်ကပင် ဆပ်ကပ် ကျွမ်းဘားပညာ၌ ဝါသနာ ထုံ၏။ မော်တော်ဆိုင်ကယ် စီးလည်း အလွန် ကျွမ်းကျင်သူ ဖြစ်သည်။ ထို့ပြင် မြင်းကိုလည်း ကျင်လည်စွာ စီးတတ်သူ ဖြစ်၏။ ငယ်စဉ်ကပင် ကျောင်းစာကို စိတ်မဝင်စားခြင်း မရှိဘဲ မိမိ ဝါသနာပါရာ မြင်းစီး၊ ဆိုင်ကယ်စီးခြင်းကို သာလျင် လေ့ကျင့်နေလေ့ ရှိသည်။ အသက် ၁၄-နှစ် အရွယ်တွင် ဘမောင် အိမ်က ထွက်ပြေးသွားသည်။ ဆပ်ကပ်ပွဲ တစ်ခုသို့ ရောက်ရှိသွားပြီး မြင်းအလှစီးပြသည့် ဆပ်ကပ်ဆရာ ဖြစ်နေလေသည်။

စွန့်စားခန်းများ အစ[ပြင်ဆင်ရန်]

၁၉၂၄ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားနှစ်ကား၌ ထူးခြားသော စွန့်စားခန်း အချို့ ပါလာပါသည်။ မြန်အောင် ရုပ်ရှင်မှ ရိုက်ကူးသော နှစ်မင်္ဂလာ ဇာတ်ကားတွင် ဟင်္သာတမြို့အနီး ဆုံကုန်း တံတားထက်မှ ခုန်ချသော အခန်းတစ်ခန်း ပါရှိရာ ရုပ်ရှင်ကြည့်ပရိသတ်များ များစွာ အားပေးခြင်းကို ရခဲ့ကြ၏။ အလားတူ ပျဉ်းမနား ရုပ်ရှင်မှ အလင်းရောင် ဇာတ်ကား တွင်လည်း ယင်းကဲ့သို့ တံတားကြီးထက်မှ ခုန်ချခန်း ပါရှိလာပြန်ရာ ရုပ်ရှင်ကြည့် ပရိသတ်များ လက်ခုပ်ဩဘာ ပေးကြသည်မှာ ရုံပွင့်ထွက်မတတ် ဖြစ်ခဲ့ရလေသည်။ စွန့်စားခန်းများကို မြန်မာ ရုပ်ရှင်ကြည့် ပရိသတ်နှစ်သက်မည်ဟု မှန်းဆမိသည့် မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီသည် ၁၉၂၆ ခုနှစ်တွင် ရွှေမြင်းဝံ ဇာတ်ကားကို စွန့်စားခန်းများဖြင့် ထည့်သွင်း ရိုက်ကူးရန် ပြင်ဆင်တော့၏။ ရွှေမြင်းဝံ ဇာတ်ကားတွင် မင်းသား ဘကလေး (ဦးရွှေရိုး) က မြင်းကို အမျိုးမျိုး အဖုံဖုံ စီးပြသည့် အခန်းတစ်ခန်း ပါဝင်ပါသည်။ ဤအခန်း အတွက် လူစားထိုး ရိုက်ကူးရန် လူရှာရင်း ဆပ်ကပ် တစ်ခုထဲတွင် ရောက်နေသည့် ဘမောင်ကို သွားတွေ့ကြခြင်း ဖြစ်၏။ ဤဇာတ်ကားတွင် ဘမောင်က ရွှေရိုး ဘကလေး ကိုယ်စား ဝင်ရောက် ရိုက်ကူး ပေးရခြင်းသာ ဖြစ်ရာ နာမည်မရခဲ့ပေ။

ချစ်တဲ့သူရယ်[ပြင်ဆင်ရန်]

ဗန္ဓုလရုပ်ရှင်မှ ချစ်တဲ့သူရယ် ဇာတ်ကားကို ဒါရိုက်တာ ပီမိုးနင်းရိုက်ကူးသော အခါ မင်းသားမှာ သူ့၏ သားဖြစ်သူ ဘမောင် ဖြစ်လာပါသည်။ ရွှေမင်းဝံ ဇာတ်ကားတွင် ဘကလေး နေရာ၌ အစားထိုးရိုက်ကူး ပေးခဲ့ရသူ ဘမောင်၏ မြင်းစီးကျွမ်းကျင်ပုံကို ပရိသတ်က အသိအမှတ် ပြုဖြစ်ခဲ့ကြဟန် မတူပေ။ ထို့အတူ ချစ်တဲ့သူရယ် ဇာတ်ကားမှာလည်း အောင်မြင်မှု မရရှိဘဲ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရ၏။

တကိုယ်တော် ဇာတ်ကား[ပြင်ဆင်ရန်]

၁၉၂၉ ခုနှစ်တွင် ဗြိတိသျှဘားမား ရုပ်ရှင်က စတန့်ခန်း အများစု ပါဝင်သော တကိုယ်တော် ဇာတ်ကားကို ရုပ်ရှင် ရိုက်ကူးရန် စီစဉ်သည်။ ဘမောင်ကိုပင် မင်းသား အဖြစ် ရွေးချယ်ပြီး ကျော်စိုးဟု အမည်ပေးခဲ့သည်။ မင်းသမီး အဖြစ်မူ ပန်းချီအသင်းတိုက် (ဘုရမာ အရင်္တံလုဗ) မှ ကိုယ်ဟန်ပြမယ် မြမြအား မေမေဝင်း အမည်ဖြင့် ရိုက်ကူးစေခဲ့၏။ ဗြိတိသျှဘားမား ရုပ်ရှင်က ဤတကိုယ်တော် ဇာတ်ကားတွင် ဘမောင် (ခေါ်) ကျော်စိုး၏ အစွမ်းသတ္တိကို အံဝင်ခွင်ကျ ထည့်သွင်း ရိုက်ကူးခဲ့ပါသည်။

ဇာတ်လမ်းအရ တစ်ကောင်ကြွက် ဖြစ်နေသူ ကျော်စိုးက မေမေဝင်း၏ အိမ်၌ ကားမောင်းရသည်။ ဤတွင် ကားဒရိုင်ဘာ အဖြစ် ကျော်စိုးက ကားအား ပုံစံအမျိုးမျိုး မောင်းပြသည်။ လူဆိုးများ၏ ချောက်ချမှုကြောင့် ကျော်စိုး အကျဉ်းချထား ခံရပြီး ပြန်လည် လက်စားချေ တိုက်ခိုက်ခန်းတွင် မြင်းစီးခန်းများကို ထည့်သွင်း ရိုက်ကူးသည်။ ဤသို့ဖြင့် စတန့်ခန်း များစွာ ပါဝင်သော တကိုယ်တော် ဇာတ်ကားမှာ နာမည်ကျော် လူကြိုက်များ သွားလေတော့၏။

၁၀−နာရီ[ပြင်ဆင်ရန်]

တစ်ကိုယ်တော် ဇာတ်ကား လူကြိုက်များ၍ ဝင်ငွေကောင်းကာ စွံသွားသော အခါ စတန့်ကား တစ်ကား ဆက်လက် ရိုက်ကူးကြရန် စီစဉ်ကြတော့သည်။ ၁၉၃၀− ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျော်စိုးခင်စန်းနှင့် လူကြမ်းချစ်တင်တို့ ပါဝင်သည့် ၁၀−နာရီ ဇာတ်ကားကို စတင် ရိုက်ကူးပါသည်။ ၁ဝ−နာရီ ရုပ်ရှင် ဇာတ်ကားကို အလွမ်းဖြင့် အစပျိုးထားပြီး ဇာတ်ကား အလယ်ပိုင်းမှ နောက်ဆုံးပိုင်း အထိကိုမူ စတန့်ခန်းများဖြင့်သာ စီစဉ် ရိုက်ကူးရန် ပြင်ဆင်ထား၏။ ရုပ်ရှင် ဒါရိုက်တာ ဆရာရွှေ ကလည်း စည်းကမ်းကြီးသည်။ အခန်းတိုင်းကို သေချာကျနစွာ ရိုက်ကူးသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၀−နာရီ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်း ၂၈ မတ် ၁၉၃၀ တွင် မင်းသားကျော်စိုး ရုတ်တရက်ကွယ်လွန်သွားပါသည်။ ရုပ် ရှင်ဇာတ်ကားတွင် ကျော်စိုး၏ ဈာပနအခမ်းအနားကို ထည့်သွင်းရိုက် ကူးပြသခဲ့ရာ ယောက်ျားကြီးများပင် မျက်ရည်ကျခဲ့ရသည် ဆိုပါသည်။ ၁၀−နာရီရုပ်ရှင်ဇာတ်ကားမှာလည်း အပိုင်း ငါးပိုင်း ပေ ၆၀၀၀ မျှသာ ရောက်ရှိခဲ့ပါသည်။ မင်းသားကျော် စိုးမှာ ကွယ်လွန်စဉ် အသက် (၂၀)ပင် မပြည့်သေးပေ။

နောက်ဆုံးရိုက်ကွင်း[ပြင်ဆင်ရန်]

၁၀−နာရီ ရုပ်ရှင် ဇာတ်ကားတွင် မင်းသားကျော်စိုး သရုပ်ဆောင်ခဲ့သည့် နောက်ဆုံး ရိုက်ကွင်းမှာ အကျဉ်းထောင် အတွင်းမှ အဖြစ်အပျက်ရိုက်ကွင်း ဖြစ်သည်။ အကျဉ်းသား အဖြစ် သရုပ်ဆောင်သူ ကျော်စိုးသည် ထမင်းစားရန် ဟန်ပြင်နေစဉ် ၁၀−နာရီ သံချောင်း ခေါက်သံကြောင့် ထမင်းမစားတော့ဘဲ ဇလုံကို လွှင့်ပစ်ခန်းအား ရိုက်ကူးသည်။ ယင်း အခန်း ရိုက်ကူးအပြီးတွင် ဒါရိုက်တာ ဆရာရွှေက ထမင်းစား ခေတ္တရပ်နား စေလိုက်ပါသည်။ သို့ဖြင့် အားလုံး အလျှိုလျှိုစုဝေး ထမင်းစားကြသည်။ ထိုစဉ် လူကြမ်းမင်းသား ချစ်ရွှေက မင်းသား ကျော်စိုးအား ချောင်တစ်နေရာသို့ ခေါ်သွားပြီး အရက်တိုက်သည်။ ကျော်စိုးက မသောက်။ ထို့နောက် ရုပ်ရှင်ဇာတ်ကား ဆက်လက် ရိုက်ကူးရန် ပြင်ဆင်ကြသည်။ ထိုအတောအတွင်း ကျော်စိုး၏ သူငယ်ချင်း လူငယ်တစ်ဦး ရောက်ရှိလာကာ ကျော်စိုးအား အနားကပ်၍ တစ်စုံတစ်ရာ တီးတိုး ပြောဆိုသည်။ ကျော်စိုးသည် ဒါရိုက်တာ ဆရာရွှေအား မိမိအပြင်သွားရန် ကိစ္စပေါ်လာသဖြင့် ခွင့်ပေးပါရန် ပန်ကြား၏။ သို့သော် ဆရာရွှေက ခွင့်မပြု။ ရုပ်ရှင် ရိုက်ကူးနေချိန်တွင် မည်သူကိုမျှ ခွင့်မပေးနိုင်ကြောင်း ပြောဆိုပါသည်။

အပြင်လောကမှ စတန့်ခန်း[ပြင်ဆင်ရန်]

ညနေ အလုပ်ချိန် ကုန်ဆုံးသည်နှင့် ကျော်စိုးက လူကြမ်း ချစ်ရွှေကြီးအား ခေါ်ကာ ကိစ္စရှိ၍ အဖော်လိုက်ခဲ့ရန် ဆိုသည်။ သူ၏ရည်းစား ဖြစ်သူအား နောက်တစ်ယောက်က ပဲခူးမြို့သို့ ကားတင်ပြေးမည့် သတင်း အတိအကျ ရရှိထားပြီဆို၏။ လက်ဦးမှု ရယူနိုင်ရန် ကားတစ်စင်းငှားပြီး သူ့ရည်းစားထံ သွားမည်ပြောသည်။ နှစ်ဦးသား ကားလိုက်ငှားကြရာ မိုးချုပ်စတွင်မှ ရရှိခဲ့သည်။ သို့ဖြင့် ကျော်စိုး၏ ရည်းစား နေထိုင်ရာ တိုက်ခန်းဆီသို့ ဦးတည် မောင်းနှင်သွားကြသည်။

တိုက်ခန်းရှေ့သို့ ရောက်သော အခါ (အာအေ−၈၇၄) နံပါတ် ကပ်ထားသော ကားကလေး မောင်းထွက် သွားသည်ကို တွေ့လိုက်ရသည်။ မျက်စိ အလွန်လျင်သော ကျော်စိုးက ကားပေါ်တွင် သူ့ရည်းစား ပါသွားပြီဟု ဆို၏။ သို့ဖြင့် အရှိန်ပြင်းစွာ မောင်း၍ နောက်က လိုက်ကြသည်။ ၁၈၊ ၁၉−မိုင် အရောက်တွင် ရှေ့ကားကို မီသွားရာ ကျော်စိုးက သူမောင်းနှင် လာသောကားအား ရှေ့မှ ဆီး၍ ရပ်လိုက်သည်။

ထို့နောက် ကားပေါ်မှ ဆက်သွားပြီး သူ့ရည်းစားဆိုသူ အမျိုးသမီးအား အတင်းလက်ဆွဲခေါ်သည်။ အမျိုးသမီးက သူ့နောက်သို့ မလိုက်ဘဲ ငြင်းဆန်၏။ မကြာမီ ကျော်စိုး ရင်ဝကို လက်ဖြင့် ဖိလျက် ကားဆီသို့ ပြန်လာ၏။ သူ ဓားထိုးခံလိုက်ရပြီ ဟုလည်းဆိုသည်။ မျက်နှာတွင် မိတ်ကပ်ပင် မဖျက်ရသေးသော စတန့်မင်းသား ကျော်စိုးမှာ ယင်းဒဏ်ရာဖြင့်ပင် ကွယ်လွန်သွားခဲ့သည်။ အတူ လိုက်ပါသွားသော လူကြမ်းချစ်ရွှေကြီးက ကျော်စိုး၏ ဘဝနိဂုံးကို ဝမ်းနည်းကြေကွဲစွာ ပြန်လည် ပြောပြခဲ့ပါသည်။ [၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. (တင်နိုင်တိုး)
  1. ခေတ်ဟောင်းရုပ်ရှင် စတန့်မင်းသား ၁ဝ ဦး (စစ်ကိုင်းလှရွှေ)။
  2. ရုပ်ရှင်သမိုင်းနှင့် မြန်မာ့ရုပ်ရှင် သမိုင်းမှတ်တမ်း (အေးအေးစိုး - ဖျာပုံ)။
  3. မြန်မာ့ရုပ်ရှင် သမိုင်းစဉ် ငွေရတု ကာလ ၁၉၂၀-၁၉၄၅ (မြန်မာ့ ရုပ်ရှင် အစည်းအရုံး)။