ကံရာဇာကြီး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကံရာဇာကြီးသည် မဇ္ဈိမဒေသ ကပိလဝတ် ပြည်၌ ပထမဦးစွာ မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသော သကျသာကီဝင်မင်း အဘိရာဇာ၏သားကြီး ဖြစ်သည်။ အဘိရာဇာသည် ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီ နှစ်ပေါင်း ၃၀၀ခန့်က၊ မြန်မာနိုင်ငံ မြောက်ပိုင်း ရှေးအကျဆုံးမြို့တော်ဖြစ်သည့် သင်္ကဿဋ္ဌ တကောင်းပြည်ကို စတင်တည်ထောင်သည်။ သားတော် ကံရာဇာကြီးသည် ခမည်းတော် အဘိရာဇာ နတ်ရွာစံသောအခါ ညီတော် ကံရာဇာငယ်နှင့် ထီးမွေနန်းမွေ လု ကြရာ ရန်စစ်မထိုးဘဲ ကုသိုလ်စစ်ထိုးကြရာတွင် အရေးနိမ့် သဖြင့် ဗိုလ်ပါတို့ကို စုရုံးခေါ်ဆောင်ကာ သလ္လာဝတီမြစ်ကို ဆန်တက်၍ ကလေးတောင်ညိုအရပ်တွင် ရာဇဂြိုဟ်မြို့တော်ကို တည်ထောင်သည်။ (မှတ်ချက်။ ။အချို့စာအုပ်များတွင် မင်းကြီး အဘိရာဇာက သားတော် နှစ်ပါးအနက် မည်သူသည် ထီးနန်းစည်းစိမ်နှင့် ထိုက်တန်လေသနည်းဟု စုံစမ်းလို၍ ညတွင်းချင်း စေတီတစ်ဆူစီ ပြီးအောင် တည်စေရာ သားတော်ငယ်က အလျှင်ပြီးသဖြင့် အိမ့်ရှေ့အရာ အပ်နှင်းတော်မူပြီး နောင်တွင် မင်းဖြစ်သည်ဟု သိရသည်။)[၁] ထိုမြို့တွင် ၆ လကြာမျှ ဗိုလ်ပါစုဆောင်း နေသည်။ ထိုမှတဖန် ကစ္ဆာပနဒီမြစ် အရှေ့ဖက်သို့ ရွှေ့ပြောင်း ပြန်ကာ ကျောက်ပန်းတောင်းမြို့ကို တည်ထောင်ပြန်သည်။ ထို မြို့တွင် ၇၄ နှစ်တိုင် စံနေသည်။ ထိုမှတဖန် ရှေးမာလာယုမင်း တို့ တည်ထောင်ခဲ့သော ဓညဝတီမြို့ဟောင်းကို သိမ်းယူ၍ ထီးနန်းမြို့ပြ ပြင်ဆင်စံနေသည်။ ကံရာဇာကြီးတွင် သုဘဒ္ဒါဒေဝီမိဖုရားမှ မုဒုစိတ္တမည်သော သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကို သုနာပရန္တ တိုင်းမှ ပျူကမ်းယံသက်လူမျိုးတို့က မင်းလျာတောင်းသော ကြောင့် ပျူတို့အရပ်တွင် မင်းပြုစေရန် စေလွှတ်အုပ်ချုပ်စေ သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့သမိုင်းပုံပြင်များ(၁၉၅၂ ခုနှစ်)