ကရိုင်ယိုဂျင်းနစ်
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
အနုမြူဗုံး ပေါက်ကွဲရာ၌ ပြင်းထန်သည့် အပူချိန်မျိုး ဖြစ်ပေါ်လာသကဲ့သို့ အေးမြလှသည့် အအေးချိန်မျိုးဖြစ်အောင် သိပ္ပံပညာရှင်များက ဖန်တီးယူ ကြသည်။ ဤကဲ့သို့ အအေးချိန်မျိုး ဖြစ်အောင် ဖန်တီးယူသည့် ပညာကို ကရိုင်ယိုဂျင်းနစ်ပညာဟု ခေါ်သည်။ ကရိုင်ယိုဂျင်းနစ် ဆိုသည်မှာ ရေခဲကဲ့သို့ အေးမြအောင် ပြုလုပ်ခြင်းဟူ၍ အဓိပ္ပာယ်ရသည်။
လက်တွေ့ စူးစမ်းမှုများ
[ပြင်ဆင်ရန်]သဘာဝအလျောက် ဖြစ်ပေါ်သော အလွန်အေးသည့် အခြေအနေမျိုးမှာ အပူချိန်တိုင်း ကိရိယာအရ ရေခဲအမှတ်အောက် ၁၂၆.၉ ဒီဂရီ ဖာရင်ဟိုက်သာ ရှိသည်။ အဆိုပါ အအေးချိန်မျိုးမှာလည်း ဝင်ရိုးစွန်းကဲ့သို့သော ဒေသများ၌သာ ရှိတတ်သည်။ ထိုကဲ့သို့သော အအေးချိန်မျိုးသည် လူအများအတွက် အလွန် အေးမြလှသည်ဟု ယူဆရမည် ဖြစ်သော်လည်း လွန်ကဲသော အအေးဓာတ် ရမှုအတွက် စူးစမ်းမှု ပြုနေသော သိပ္ပံပညာရှင် များအဖို့မူ အပူချိန် အတော်အတန် ရှိနေသေးသည်။
လွန်ခဲ့သည့် နှစ်တစ်ရာခန့်ကပင် သိပ္ပံပညာဖြင့် လွန်ကဲသောအအေးဓာတ်ကိုဖန်တီးယူနိုင်ကြောင်း ဗြိတိသျှ သိပ္ပံပညာရှင် လော့ကယ်လဗင်က လက်တွေ့ စမ်းသပ် ပြသခဲ့ဖူးသည်။ အဆိုပါ အအေးဓာတ်၏ အအေးချိန်အမှတ်မှာ ဝင်ရိုးစွန်းဒေသရှိ အအေးချိန် အမှတ်ထက် ဖာရင်ဟိုက် ဒီဂရီ တစ်ရာ ပို၍အေးမြပြီး ပကတိ သုည အမှတ်ဟူ၍ တင်စားခေါ်ဝေါ်ထားသည်။
လော့ကယ်လဗင်သည် မိမိ၏ စမ်းစစ်ချက်ကို ဤသို့ရှင်းလင်း ပြောပြခဲ့သည်။ ဓာတ်ငွေ့တစ်ခုသည် အအေးချိန် စင်တီဂရိတ် သုညဒီဂရီအောက် တစ်ဒီဂရီ ကျဆင်းတိုင်း မိမိ မူလထုထည် ကုဗ၏ ၂၇၃ ပုံအနက်တစ်ပုံ ဆုံးရှုံးကြောင်း၊ ဤသို့အားဖြင့် အအေးချိန် သုညဒီဂရီအောက် ၂၇၃ ဒီဂရီ အထိ ကျဆင်းသွားမည် ဆိုလျှင် အဆိုပါ ဓာတ်ငွေ့မှာ မိမိထုထည် ကုဗအားလုံးနှင့် စွမ်းအင်အားလုံးပါ ဆုံးရှုံးသွားမည် ဖြစ်ကြောင်း၊ ထို့ထက်လည်း ပို၍ အေးမြနိုင်စရာ မရှိကြောင်း၊ ထို့ကြောင့် အအေးချိန် သုညဒီဂရီ စင်တီဂရိတ်အောက် ၂၇၃ ဒီဂရီသည် ပကတိ သုညအမှတ် ဖြစ်ကြောင်း၊ ယင်းပကတိ သုညအမှတ် အခြေအနေမျိုးတွင် အရာဝတ္ထုများ၏ မော်လီကျူးများမှာလည်း လှုပ်ရှားမှု ရှိတော့မည် မဟုတ်ကြောင်း လော့ကယ်လဗင်က ပြောကြားခဲ့သည်။
သိပ္ပံပညာရှင်များသည် ပကတိ သုညအမှတ်၏ ကိန်းဂဏန်း တန်ဖိုးကို - ၂၇၃.၅ ဒီဂရီ ဟူ၍ ပုံသေ ယူဆပြီး အအေးချိန် အမှတ်ကို တွက်ချက်လေ့ရှိသည်။ အဆိုပါ အအေးချိန် အမှတ်ကိုလည်း သုညဒီဂရီ ကယ်လဗင်၊ သို့မဟုတ် သုညဒီဂရီကေ (0K) ဟူ၍လည်း အတိုကောက် ခေါ်လေ့ရှိသည်။ ဖာရင်ဟိုက် စကေးအရ ဆိုလျှင် ပကတိ သုညအမှတ်သည် - ၄၅၉.၇ ဒီဂရီ ဖြစ်သည်။
၁၈၈ဝ ပြည့်နှစ်တွင် သိပ္ပံပညာရှင် ဂျိမ်းဒီးဝါးသည် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကိုလည်း - ၂၄ဝ ဒီဂရီ ၌ အရည် ဖြစ်အောင် ပြုလုပ်နိုင်ကြောင်း လက်တွေ့ ပြသခဲ့သည်။ ထိုနှစ်အတွင်း၌ပင် အခြားသိပ္ပံပညာရှင် တစ်စုလည်း လေအပါအဝင် အခြားဓာတ်ငွေ့ အချို့ကို အရည်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။ ၁၉ဝ၈ ခုနှစ်တွင် သိပ္ပံပညာရှင်များသည် ဟီလီယမ်ဓာတ်ငွေ့ကို အရည်ဖြစ်အောင် ပြုလုပ်နိုင်ပြီး စူးစမ်းမှုများကိုလည်း ဆက်လက်လုပ် ဆောင်ခဲ့သည်။
ယင်းတို့အနက် ဒတ်ချ်လူမျိုး သိပ္ပံပညာရှင် ဟိုက်ကာမာ လင်အုန်း ဆိုသူသည် ဟီလီယံဓာတ်ငွေ့ကို ပကတိ သုညအမှတ် မရောက်မီ ၄.၂ ဒီဂရီ အလိုတွင် အရည်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။ ဟိုက်ကာမာ လင်အုန်းသည် လက်တွေ့ စူးစမ်းမှုများ ဆက်လက် လုပ်ဆောင်ခဲ့ရာမှ ပြဒါး ကဲ့သို့သော သတ္တုများ၌ ပကတိ သုညဒီဂရီ အအေးချိန် ရောက်လုနီး တစ်ဒီဂရီအလို၌ ဖြစ်ပေါ်တက်သော ဂုဏ်သတ္တိတို့ကို အံ့ဖွယ်ရာ တွေ့ရှိခဲ့သည်။
ယင်းတွေ့ရှိချက်ကို အခြေခံ၍ အခြား သိပ္ပံပညာရှင် များက လက်တွေ့ စူးစမ်းမှုများ ဆက်လက် ပြုလုပ်ကြရာ၌ ခဲသတ္တုသည် ပကတိ သုညဒီဂရီ မရောက်မီ ၇.၂၂ ဒီဂရီ အလို၌ ၎င်း၊ ခဲမဖြူသည် ပကတိ သုညဒီဂရီမရောက်မီ ၃.၇၃ ဒီဂရီ အလို၌၎င်း ထူးကဲဓာတ်ကူးပစ္စည်းမျိုး ဖြစ်သွားသည်ကို တွေ့ခဲ့ရသည်။ အလားတူပင် ဓာတ်ကူးပစ္စည်းများ ဖြစ်သော အချို့ သတ္တုစပ် ပစ္စည်းများမှာလည်း ပကတိ သုညဒီဂရီ မရောက်မီ ၁၈ ဒီဂရီ အလို၌ ဓာတ်ကူးခြင်းကို ခုခံမှုမရှိသော ပစ္စည်းမျိုး ဖြစ်သွားသည်ကိုလည်း တွေ့ခဲ့ရသည်။
ဒြပ်ပစ္စည်းများကို ပကတိ သုညဒီဂရီမရောက်မီ .ဝဝဝဝ၂ ဒီဂရီ အထိ အအေးပေးနိုင်သည့် နည်းကို တွေ့ခဲ့သည်။ ယင်းသို့အားဖြင့် သိပ္ပံပညာရပ်တွင် ကရိုင်ယိုဂျင်းနစ် အတတ်ပညာမှာ တစ်ကဏ္ဍ ဆန်းသစ်လာတော့သည်။
မွေးမြူရေးအတွက် အသုံးချခြင်း
[ပြင်ဆင်ရန်]ရှေးယခင်က မေထုန်မဲ့ သားစပ်ရာ၌ သုက်ရည်များ ပျက်စီးမှုကြောင့် အောင်မြင်သင့်သလောက် အောင်မြင်မှု မရခဲ့ချေ။
၁၉၅ဝ မှစ၍ ကရိုင်ယိုဂျင်းနစ် ပညာဖြင့် သုက်ရည်များကို အခဲများအဖြစ် မပျက်စီးအောင် သိုလှောင်ဖြန့်ဖြူးပေးနိုင်သဖြင့် မေထုန်မဲ့သားစပ်လုပ်ငန်းများသည်ရာခိုင်နှုန်း ပြည့် အောင်မြင်မှု ရတော့သည်။ အလားတူပင် သစ်သီးဝလံတို့၏ မျိုးစေ့များကိုလည်း ကရိုင်ယိုဂျင်းနစ် ပညာဖြင့် သိုလှောင် ဖြန့်ဖြူးပေးနိုင်သဖြင့် မျိုးစေ့များ မပျက်စီးဘဲ လိုအပ်သည့် စိုက်ခင်းများတွင် စိုက်ပျိုးနိုင်သည်။ ထိုမျှသာ မကသေးဘဲ ဒိန်ခဲ လုပ်ငန်းများတွင် အသုံးပြုသော ဘက်တီးရီးယားများ ကိုလည်း ကရိုင်ယိုဂျင်းနစ် ပညာဖြင့် ခဲအောင်ပြုလုပ်ပြီး လိုအပ်ရာ လုပ်ငန်းခွင်များသို့ မပျက်မစီးပဲ ပေးပို့နိုင်သည်။
ဆေးသိပ္ပံ၌ အသုံးချခြင်း
[ပြင်ဆင်ရန်]ဆေးသိပ္ပံပညာရှင်များသည် ကရိုင်ယိုဂျင်းနစ် ပညာဖြင့် လိုအပ်သော အအေးဓာတ်ကို ဖြစ်ပေးစေခြင်း ဖြင့်ဆဲလ်များကို သေအောင်လည်း ပြုနိုင်သည်။ သို့မဟုတ် ဆဲလ်များကို မသေစေဘဲ ရေရှည် ငြိမ်နေအောင်လည်း ပြုနိုင်ကြသည်။ ယခုအခါ ဆေးသိပ္ပံ ပညာရှင်များသည် ကရိုင်ယိုဂျင်းနစ် ပညာကို ခွဲစိတ်ကုသမှုဘက်တွင် အသုံးပြု သည်။
အကြောသေရောဂါ စွဲကပ်သူများ၏ ဦးခေါင်းအတွင်းရှိ အာရုံကြောများကို ခွဲစိတ်ကုသရာ၌ ဦးနှောက် အခြေတွင် ရှိသည့် အာရုံကြောကို ကရိုင်ယိုဂျင်းနစ် ပညာဖြင့် ငြိမ်အောင် ပြုလုပ်ပြီး ခွဲစိတ်ကုသကြသည်။ အာရုံကြောဆိုင်ရာ အခြား ခွဲစိတ် ကုသမှုများတွင်လည်း ခွဲစိတ်လိုသည့် အပိုင်း၌ ကရိုင်ယိုဂျင်းနစ် ပညာဖြင့် အအေးဓာတ်ပေး၍ ခွဲစိတ် ကုသကြသည်။ မျက်လုံးတိမ်ကို ခွဲစိတ်ကုသရာ၌၎င်း၊ သွေးကြော အတွင်း သွေးပိတ်ဆို့မှုကို ခွဲစိတ် ကုသရာ၌၎င်း၊ ကျဉ်းနေသည့် သွေးကြောကို ခွဲစိတ် ကုသရာ၌၎င်း ကရိုင်ယိုဂျင်းနစ်ပညာဖြင့် သွေးများကို ခဲစေပြီးမှ ခွဲစိတ် ကုသကြသည်။
ထို့ပြင် ဆေးသိပ္ပံ ပညာရှင်များသည် ကရိုင်ယိုဂျင်းနစ် ပညာကို မူတည်၍ ခွဲစိတ်ကိရိယာ တစ်မျိုးကိုလည်း တီထွင်ထားသည်။ အဆိုပါ ကိရိယာမှာ အဝတ်ချုပ်အပ် အကြီးစား အရွယ်ခန့်သာ ရှိပြီး အအေးဓာတ်ကို နိုက်ထရိုင်ဂျင် အရည်ဖြင့် ဖြစ်ပေါ်စေသည်။ လိုအပ်သော အအေးဓာတ် အနည်းအများကိုလည်း နိုက်ထရိုင်ဂျင် အရည် အနည်းအများပေးမှု အပေါ်တွင် မူတည်အောင် တီထွင်ထားသည်။ နိုက်ထရိုဂျင် အရည်ကို လျှပ်စစ် ဓာတ်အားဖြင့် အလုပ်လုပ်သော အဆို့ရှင်ဖြင့်ထိန်း၍ အသုံးပြုသည်။
ကရိုင်ယိုဂျင်းနစ် ပညာဖြင့် သွေးများနှင့် သွေးအတွင်းရှိ ဆဲများကို ရေရှည် သိုလှောင်ထားနိုင်ကြသည်။ ယင်းသို့ ရေရှည် သိုလှောင်နိုင်မှုကြောင့် ဆေးသိပ္ပံပညာရှင်များသည် လူတစ်ဦး၏ သွေးထဲ၌ ပါဝင်သော ဓာတ်ပစ္စည်း ပြောင်းလဲမှု အနေအထားကို သူ့အချိန်နှင့်သူ စစ်ဆေးပေးနိုင်သည်။ ယင်းသို့အားဖြင့် လူတစ်ဦး၌ နှလုံးရောဂါ၊ သို့မဟုတ် လေဖြတ်ရောဂါနှင့် အခြားရောဂါများ မည်သည့်အချိန်တွင် စွဲကပ်မည်ဟူ၍ ဟောကိန်းထုတ်နိုင်သည် ဟုဆိုသည်။ ခွဲစိတ်ကိရိယာများကိုလည်း အသုံးမပြုမီ ကရိုင်ယိုဂျင်းနစ် ပညာဖြင့် လွန်ကဲသော အအေးဓာတ်ပေးပြီး ယင်းတို့၌ စွဲကပ်နေသော အန္တရာယ်ဖြစ်စေသည့် ပိုးမွှားများကို သေစေသည်ဟု သိရသည်။
အင်ဂျင်နီယာပညာ၌ အသုံးချခြင်း
[ပြင်ဆင်ရန်]ယခုအခါ ကရိုင်ယိုဂျင်းနစ်ပညာဖြင့် ထူးကဲ ဓာတ်ကူးပစ္စည်းများ ပြုလုပ်နိုင်ကြသည်။ အမေရိကန် သိပ္ပံပညာရှင် ဒတ်တလေဘတ်သည် ကရိုင်ယိုဂျင်းနစ် ပညာဖြင့် ကရိုင်ထရွန်ခေါ် ကွန်ပျူတာ စက်ထိန်းခလုတ်ကို ၁၉၅၆ ခုနှစ်တွင် တီထွင်ခဲ့သည်။ ကရိုင်ယိုဂျင်းနစ်ပညာ အသုံးပြုထားသော ကွန်ပျူတာ စက်အစိတ်အပိုင်းများ၊ လေဆာရောင်ခြည်ထုတ် ကိရိယာ၊ မေဆာရောင်ခြည်ထုတ် ကိရိယာ၊ လျှပ်စစ်မော်တာ၊ လျှပ်စစ်ခလုတ်၊ အပူနှင့် အအေး ပြောင်းလဲမှုကို စူးစမ်းပေးနိုင်သည့် ကိရိယာများကို တီထွင်၍ ၁၉၆ဝ ပြည့်နှစ်တွင် ထုတ်လုပ် ရောင်းချခဲ့သည်။ စက်ကိရိယာ အစိတ်အပိုင်းများ လှုပ်ရှားရန်မလိုဘဲ ဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား တိုက်ရိုက် ဖြစ်ပေါ်စေနိုင်သည့် လျှပ်စစ် ဓာတ်အားပေးစက်ကို ကရိုင်ယိုဂျင်းနစ် ပညာဖြင့် ၁၉၆၃ ခုနှစ်တွင် တီထွင်ခဲ့သည်။ ထို့ပြင် ကရိုင်ယိုဂျင်းနစ်ပညာ အသုံးပြုထားသော လေမှုတ်စက်နှင့် လေစုတ်စက်များကိုလည်း တီထွင်ခဲ့သည်။
သတ္တုလုပ်ငန်းများတွင် သုံးခြင်း
[ပြင်ဆင်ရန်]သံနှင့်သံမဏိများကို အရည်ကျိုရာ၌ နောက်ဆုံးအဆင့် ပစ္စည်းများ သန့်စင်ရာတွင် သာမန်နည်းဖြင့် သန့်စင်ခြင်းထက် ကရိုင်ယိုဂျင်းနစ်ပညာဖြင့် သန့်စင်ခြင်းက ထုတ်လုပ်သည့် ပစ္စည်း အရည်အသွေးကို ပိုမို ကောင်းမွန်စေကြောင်း တွေ့ရသည်။ ထို့ပြင် သတ္တုစပ်များကို ထုတ်လုပ်ရာ၌ ကရိုင်ယိုဂျင်းနစ်ပညာဖြင့် ပြုပြင် စီမံထားသော အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ အာဂွန်နှင့် ဟိုက်ဒရိုဂျင် စသောဓာတ်ငွေ့များကို အသုံးပြုရသည်။
ထို့ပြင် ဓာတုဗေဒ ကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုသော ဓာတ်ငွေ့များကို အသုံးမပြုမီ ကြိုတင်ပြင်ဆင်မှု ပြုရာ၌ အမျိုးအစားသန့်သန့် ရရှိနိုင်ရန် ကရိုင်ယိုဂျင်းနစ် ပညာဖြင့် စီရင်ရသည်။
စားနပ်ရိက္ခာ သိုလှောင်ရေး၌ သုံးခြင်း
[ပြင်ဆင်ရန်]ကရိုင်ယိုဂျင်းနစ်ပညာသည် လွန်ကဲသော အအေးဓာတ်ကို ဖြစ်ပေါ်စေနိုင်သဖြင့် ဟင်းသီး၊ ဟင်းရွက်၊ သားငါးမှအစ အခြား စားကုန် ပစ္စည်းများကို မပျက်စီးအောင် သိုလှောင်ရာ၌ ရေခဲမသုံးဘဲ ကရိုင်ယိုဂျင်းနစ် ပညာဖြင့် အအေးခံ၍ သိုလှောင် ကြသည်။ ထို့ပြင် ပင်လယ်ရေမှ ရေချိုထုတ်လုပ်ရာ၌ ကရိုင်ယိုဂျင်းနစ် ပညာဖြင့် ပင်လယ်ရေကို ခဲစေပြီးမှ ရေချို ထုတ်လုပ်ကြသည်။
စစ်ရေး၌ အသုံးချခြင်း
[ပြင်ဆင်ရန်]အနုမြူဗုံးများ ထုတ်လုပ်ရေးရာ၌ အသုံးပြုသော ကုန်ကြမ်းများကို ကရိုင်ယိုဂျင်းနစ် ပညာဖြင့် ပစ္စည်း အရည်အသွေး ပိုမိုကောင်းမွန်အောင် ပြုလုပ်ကြသည်။ အလွန်မြင့်သော အမြင့်မှနေ၍ ခရီးဝေးသို့ ပျံသန်းရသည့် စစ်လေယာဉ်များတွင် လေသူရဲများ အသက်ရှူရန်အတွက် အောက်ဆီဂျင် အသက်ရှူဗူးများကို ကရိုင်ယိုဂျင်းနစ် ပညာဖြင့် တီထွင် အသုံးပြုသည်။ ဒုံးပျံများတွင်လည်း ကရိုင်ယိုဂျင်းနစ် ပညာဖြင့် တီထွင်ထားသော အောက်ဆီဂျင်အရည်နှင့် ဟိုက်ဒရိုဂျင် အရည်များကို လောင်စာရည်များအဖြစ် အသုံးပြုကြသည်။ ယခုအခါ အာကာသအတွင်းသို့ လွှတ်တင် နေသော အာကာသယာဉ်များအတွက် လောင်စာအရည်မှအစ အာကာသယာဉ်၏ အချို့အစိတ်အပိုင်းနှင့် အာကာသယာဉ် ပျံသန်းစဉ် လမ်းကြောင်းထိန်းပေးသော ကိရိယာများကို ကရိုင်ယိုဂျင်းနစ်ပညာဖြင့် တီထွင်ထားကြသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)