လေဖြတ်ခြင်း

ဝီကီပီးဒီးယား မှ
(လေဖြတ်ရောဂါ မှ ပြန်ညွှန်းထားသည်)
CT scan slice of the brain showing a right-hemispheric ischemic stroke (left side of image).

ကမ္ဘာပေါ်တွင် လူခြောက်ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်၌ လေဖြတ်ရောဂါ ဖြစ်နိုင်သည်။ အချိန် ၆ စက္ကန့်တိုင်း၌ လေဖြတ်ရောဂါဖြင့် လူတစ်ဦးနှုန်း သေဆုံးနေပါသည်။ အသက်အရွယ် ကျားမ မရွေး၊ လူမျိုး၊ ဘာသာ၊ နေရာမရွေး စက္ကန့်မလပ် လေဖြတ်ရောဂါ ဖြစ်နိုင်သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၁၅ သန်းခန့်၊ လေဖြတ်ရောဂါ ခံစားနေရပြီး ၎င်းတို့အနက် ခြောက်သန်းခန့်မှာ အသက်ဆုံရှုံးနေပါသည်။ ယခုအခါ လူဦးရေ သန်း ၃၀ ခန့်မှာ လေဖြတ်ရောဂါ ဖြစ်ခဲ့ပြီး အများစုမှာ နာတာရှည် မသန်မစွမ်း ဖြစ်ကျန်နေခဲ့သည်။ လေဖြတ်ရောဂါသည် အရေးပေါ် ကုသရန် လိုအပ်သည့် ရောဂါဖြစ်သည်။ ၎င်းသည် ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ရလဒ် ဖြစ်သည်။ ဦးနှောက်သည် ၎င်း၏လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုံလောက်သော သွေး ပုံမှန်ရရှိရန် လိုအပ်သည်။ ဦးနှောက်၏ အစိတ်အပိုင်းများသည် လုံလောက်သော သွေးပမာဏကို မရရှိပါက ၎င်းအစိတ်အပိုင်းမှ ထိန်းချုပ်ထားသော ခန္ဓာကိုယ်က လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် လေဖြတ်ရောဂါ လက္ခဏာများကို ဖြစ်ပေါ်စေသည်။

အဓိကအားဖြင့် လေဖြတ်ရောဂါအမျိုးအစား နှစ်မျိုးရှိသည်။

  • ဦးနှောက်အတွင်း သွေးကြောပိတ်၍ လေဖြတ်ခြင်း
- ဦးနှောက်အတွင်းရှိ သွေးကြောငယ်များ ကျဉ်း၍ ပိတ်ခြင်း
- နှလုံးသွေးနှင့် သွေးလွှတ်ကြောများမှ သွေးခဲငယ်များ လာရောက်ပိတ်ဆို့ခြင်း။
  • ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ ဖြစ်သည်။

လေဖြတ်ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများ (က) ပြုပြင်ပြောင်းလဲ၍ မရနိုင်သော အကြောင်းအရာများ

  • အသက်ကြီးလာခြင်း
  • အမျိုးသားဖြစ်ခြင်း
  • လူမျိုးအရ လူမည်းနှင့် အာရှတိုက်သားများတွင် ပိုဖြစ်ခြင်း
  • မိဘမျိုးရိုးတွင် လေဖြတ်ရောဂါနှင့် နှလုံးရောဂါရှိခြင်း
  • ယခင်က လေဖြတ်၊ လေဖြန်း၊ နှလုံးသွေးကြော ပိတ်ဖူးခြင်း

(ခ) ပြုပြင်ပြောင်းလဲ၍ ရသော အကြောင်းအရာများ

  • သွေးတိုးရောဂါရှိခြင်း
  • နှလုံးရောဂါရှိခြင်း (နှလုံးသွေးခုန်မမှန်ခြင်း၊ နှလုံးသွေးကြော ကျဉ်ခြင်း)
  • လည်ပင်းရှိ သွေးကြောမကြီး ထူခြင်း၊ ကျဉ်းခြင်း၊
  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း
  • သွေးအတွင် အဆီဓာတ်များခြင်း၊
  • ဆီးချို၊ သွေးချိုရောဂါရှိခြင်း
  • အဝလွန်ခြင်း
  • အရက်အလွန်အကျွံသောက်သုံးခြင်း
  • ခန္ဓာကိုယ် လှုပ်ရှားမှု နည်းခြင်းနှင့် စိတ်ဖိစီးမှုများခြင်း တို့ ဖြစ်သည်။

လေမဖြတ်မီ ကြိုတင် သတိပေးသည့် လက္ခဏာများ[ပြင်ဆင်ရန်]

ဦးနှောက်အတွင်း သွေးသွားလာမှု ခေတ္တရပ်ဆိုင်းသွားသောအခါ လေဖြတ်မည့် အရိပ်အယောင် လက္ခဏာများ ပေါ်လာတတ်သည်။ ၎င်းလက္ခဏာများသည် မိနစ်အနည်းငယ်မျှကြာမြင့်၍ သွေးသွားလာမှု ပုံမှန် ပြန်ဖြစ်ပါက ချက်ချင်း ပျောက်ကွယ်သွားလေ့ ရှိသည်။ ထိုအချိန်အတွင်း စနစ်တကျ ကုသမှု မခံယူပါက လေဖြတ်ခြင်း အဆင့်သို့ ရောက်ရှိနိုင်သည်။ ၎င်းလက္ခဏာများမှာ

-မျက်နှာ၊ လက်၊ ခြေတစ်ဖက် ရုတ်တရက် ထုံခြင်း၊ လေးလံခြင်း
-ရုတ်တရက် စကားပြောမရခြင်း၊ ပြောသော စကားကို နားမလည်ခြင်း၊ စကားဗလုံးဗထွေးဖြစ်ခြင်း
-ရုတ်တရက် အမြင်အာရုံ ဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း
-ရုတ်တရက် လမ်းမလျှောက်နိုင်တော့ခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း
-ရုတ်တရက် မူးဝေခြင်း
-ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။

လေဖြတ်ရောဂါ၏ လက္ခဏာများ[ပြင်ဆင်ရန်]

သွေးသွားလာမှု ရပ်ဆိုင်းသွားသည့် ဦးနှောက်၏ နေရာပေါ်တွင် မူတည်၍ ရောဂါလက္ခဏာ အမျိုးမျိုး ကွဲပြားသွားနိုင်သည်။ ၎င်းလက္ခဏာများမှာ-

-မျက်နှာ၊ လက်၊ ခြေတစ်ဖက် ထုံခြင်း၊ လေးလံခြင်း၊ လုံးဝမလှုပ်ရှားနိုင်တော့ခြင်း
-စကားပြောဆိုဆက်ဆံရာတွင် အခက်အခဲရှိခြင်း
-အစာ၊ ရေ မျိုရခက်ခြင်း
-ဆီးဝမ်း မထိန်းနိုင်ခြင်း
-ထိတွေ့မှု အာရုံ ပျက်ယွင်းခြင်း
-အမြင်အာရုံ ချို့ယွင်းခြင်း
-မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံ စူးစိုက်မှု အားနည်းခြင်း
-စိတ်မထိန်းချုပ်နိုင်ခြင်း
-သတိလစ်မေ့မြောခြင်း၊ တက်ခြင်းတို့ ဖြစ်ကြသည်။

လေဖြတ်ရောဂါကုသခြင်း[ပြင်ဆင်ရန်]

သင်(သို့မဟုတ်) တစ်စုံတစ်ယောက် လေဖြတ်ရောဂါ လက္ခဏာများကို ခံစားရပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် ကုသမှု ခံယူရန် အရေးကြီးသည်။ ကျွမ်းကျင်သော ဆရာဝန်၊ သူနာပြု၊ အကြောအဆစ် ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်သူများရှိသော လေဖြတ်ရောဂါ အထူးကုဌာန(သို့မဟုတ်) ဆေးရုံသို့ အမြန်ဆုံး သွားရောက်၍ ကုသမှု ခံယူသင့်ပါသည်။ ရောဂါလက္ခဏာများ မိနစ်ပိုင်းအတွင်း သက်သာသွားသည့်တိုင် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသရန် လိုအပ်သည်။ သို့မှသာ အကြီးစား လေဖြတ်ခြင်း မဖြစ်အောင် ကာကွယ်နိုင်မည် ဖြစ်သည်။ ဆေးရုံတွင် ရှိနေစဉ် လေဖြတ်သည့် အကြောင်းအရင်းကို ရှာဖွေရန်လိုအပ်သည်။ ဦးနှောက် ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ဆေးခြင်း၊ နှလုံးစမ်းသပ်စစ်ဆေးခြင်းများကို လိုအပ်သလို စမ်းသပ်စစ်ဆေးရမည်။ အဘယ့်ကြောင့်ဆိုသော် လေဖြတ်သည့် အကြောင်းအရင်းပေါ် မူတည်၍ ကုသပုံ ကွဲပြားနိုင်သည်။ ဥပမာ-ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်လျှင် သွေးကျဲဆေး၊ သွေးခဲပျော်ဆေးပေးရပြီး၊ ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်လျှင် သွေးယိုစီးစေသည့် အကြောင်းအရင်းကို ရှာဖွေကုသ၍ လိုအပ်ပါက ခွဲစိပ်ကုသမှု ခံယူရသည်။ ရောဂါကြောင့် သန်စွမ်းမှု ပုံမှန်မရှိတော့သည့် ကြွက်သားများအတွက် ပြန်လည်သန်စွမ်းလာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်သည်။ ကမ္ဘာပေါ်တွင် လေဖြတ်ရောဂါသည် လူများ မသန်မစွမ်းဖြစ်စေသော အဓိက အကြောင်းအရင်းတစ်ခု ဖြစ်သည်။ လေဖြတ်ထားသော လူနာများသည် သင့်တင့်လျောက်ပတ်သော ရေရည်ပံ့ပိုးပြုစုစောင့်ရှောက်မှု လိုအပ်သည်။ လေဖြတ်လူနာများ၏ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးအတွက် ကိုယ်ကာယပြန်လည်လေ့ကျင့်ပေးရေးသည် အလွန်အရေးပါ ပါသည်။ ယင်းသို့ လေ့ကျင့်ခြင်းကို လေဖြတ်ပြီးပြီးချင်း စတင်ပါက လူနာများအတွက် များစွာအကျိုးရှိပြီး တိုးတက်မှုလည်း မြန်စေသည်။ လေဖြတ်လူနာများသည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများလည်း ခံစားနိုင်ရသည်။ ၎င်းလူနာများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ဘဝအရည်အသွေးမြင့်မားစေရန်အတွက် မိသားစု၊ မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၏ အားပေးကူညီမှု အမြဲရရှိရန် လိုအပ်သည်။ လေဖြတ်ရောဂါ တစ်ကြိမ်ဖြစ်ဖူးသော လူနာများသည် မဖြစ်ဖူးသေးသော သာမန်လူနှင့် ယှဉ်ပါက နောက်တစ်ကြိမ် လေဖြတ်ရန် အခွင့်အလမ်း ပိုမိုများပါသည်။ သို့ဖြစ်၍ ၎င်းလူနာများအနေနှင့် လေဖြတ်စေနိုင်သော အကြောင်းအရင်းများကို ထိရောက်စွာ ကုသနိုင်ရန်၊ ကျန်းမာရေးအသိနှင့် ယှဉ်ကာ နေထိုင်မှုပုံစံတို့ကို လိုက်နာရန်၊ တတ်ကျွမ်းနားလည်သော ကျန်းမာရေး ဝန်ထမ်းများ၏ ပုံမှန်စောင့်ရှောက်မှုခံယူရန် အရေးကြီးသည်။ နောက်တစ်ကြိမ် လေထပ်မဖြတ်ရန် ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။ လေဖြတ်ရောဂါသည် ကာကွယ်နိုင်သော ရောဂါတစ်ခု ဖြစ်သည်။ လေဖြတ်ခြင်းကို ဖြစ်စေသော အကြောင်းတရားများကို သိရှိထားခြင်း၊ ရောဂါကာကွယ်ခြင်း၊ ကျန်းမာအောင် နေထိုင်ခြင်းပြုလုပ်ရန် လိုအပ်သည်။ ရောဂါများရှိလျှင်လည်း စနစ်တကျ ဆေးကုသမှု ခံယူးထားပါက လေဖြတ်ရန် အခွင့်အလမ်းများစွာ လျော့ကျသွားနိုင်သည်။

လေဖြတ်ခြင်းရောဂါကို ကာကွယ်နိုင်ရန် လူတိုင်းလုပ်ဆောင်နိုင်သည့် အချက်(၆)ချက် ရှိသည်။ ၎င်းတို့မှာ-

  • သင်၌ လေဖြတ်ရောဂါ ဖြစ်နိုင်ချေ ရှိ၊ မရှိ ဆန်းစစ်ပါ။ (ဥပမာ-သွေးတိုးခြင်း၊ သွေးချိုရောဂါနှင့် သွေးအတွင်းအဆီဓာတ် များခြင်း) သွေးတိုးလျှင် သွေးပေါင်ချိန် ပုံမှန်ရှိရန် ထိန်းပါ။ သွေးချိုရှိလျှင် စနစ်တကျ ကုသပါ။ သွေးအတွင်း အဆီဓာတ်မများအောင် အစာ၊ ဆေး၊ လေ့ကျင့်ခန်းတို့ဖြင့် ထိန်းပါ။
  • ကိုယ်လက်လှုပ်ရှားမှုရှိအောင် နေထိုင်၍ လေ့ကျင့်ခန်းမှန်မှန် လုပ်ပါ။ တစ်ပတ် အနည်းဆုံး ငါးကြိမ်၊ တစ်ရက် နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်သင့်သည်။
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ သွေးချိုရောဂါဖြစ်ခြင်းတို့ကို ကာကွယ်နိုင်သည်။
  • အရက်အလွန်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
  • ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်သူဖြစ်ပါက ယခုဖြတ်နိုင်အောင် ကြိုးစားရမည် ဖြစ်သည်။
  • လေဖြတ်ရောဂါ၏ ရှေ့ပြေးလက္ခဏာများကို သိရှိရန် လေ့လာပါ။ လေမဖြတ်မီ ကြိုတင်သတိပေးသည့် လက္ခဏာများရှိပါက ဆောလျင်စွာ ကုသမှု ခံယူရမည်။

ထို့ပြင် နှလုံးသွေးကြောပိတ်ဖူးသူများ၊ နှလုံးရောဂါ အခံရှိသူများ၊ နှလုံးခုန်နှုန်းမမှန်သော သူများသည် လေဖြတ်ရောဂါ မဖြစ်ပွားအောင် ကာကွယ်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုမှန်မှန် ခံယူရန် လိုအပ်ကြောင်း ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေး အဖွဲ့အစည်းမှ အကြံပြုထားလေသည်။

"ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်" ဆိုသော ဆောင်ပုဒ်အတိုင်း လေဖြတ်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းဖြင့် လေဖြတ်ရောဂါဒဏ်ကို ခံစားရမှုနှုန်းများ လျော့ကျသွားမည်မှာ အသေအချာပင် ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ၊၂၇ ရက်နေ့