ကနွတ်ဘုရင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကနွတ်ဘုရင်(ခရစ် ၉၉၅ ခန့်-၁ဝ၃၅)[ပြင်​ဆင်​ရန်​]

ကနွတ်ဘုရင်သည် ဒိန်းမတ်နိုင်ငံပြည့်ရှင် ဆွိန်းဘုရင်၏ သားတော် ဖြစ်၍ ၉၉၅ ခုနှစ် ခန့်က ဖွားမြင်သည်။ ၁ဝ၁၃ ခုနှစ်တွင် ခမည်းတော်နှင့်အတူ အင်္ဂလန်ပြည်သို့ သွားရောက်၍ ဝက်ဆက်နယ်ကို တိုက်ခိုက် သိမ်းယူသည်။ ၁ဝ၁၄ ခုနှစ်တွင် ဆွိန်းဘုရင် ကွယ်လွန်သည့် အခါ ကနွတ်မင်းသားသည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍ အင်္ဂလန်နိုင်ငံကို တိုက်ခိုက်သိမ်းယူသည်။ ခမည်း တော် လက်ထက်က စစ်ရှုံး၍ ပြည်နှင်ခံရသော ဆက်ဇုန်ဘုရင် အက်သဲရက် ပြန်လာသဖြင့် တိုက်ခိုက် နှိမ်နင်းရလေရာ လန်ဒန်မြို့မှတစ်ပါး အင်္ဂလန်ပြည်အလုံးကို အလိုပြည့်လေ သည်။ အက်သဲရက်ဘုရင်သည် လန်ဒန်မြို့တွင် အခိုင်အလုံ တပ်စွဲ၍ နေလေသည်။ ၁ဝ၁၆ ခုနှစ်၌ အက်သဲရက် ကွယ်လွန် လေသော် သူ၏ သားတော် အက်ဒမန် အိုင်းယန်းဆိုက်သည် လန်ဒန်မြို့မှနေ၍ ကနွတ်ဘုရင်အား ဆက်လက် အပြင်းအထန် ခုခံတိုက်ခိုက်၏။ ထိုသို့ ခုခံတိုက်ခိုက်ရာတွင် အက်ဒမန်သည် မအောင်မြင်သော်လည်း အင်္ဂလန်ပြည်ကို နှစ်ပိုင်းခွဲ၍ အုပ်ချုပ် ရန် ကနွတ်ဘုရင်၏ သဘောတူညီချက် ရရှိခဲ့လေသည်။ သို့သော် ၁ဝ၁၆ ခုနှစ်တွင် အက်ဒမန်ဘုရင် ကွယ်လွန်သော အခါ ကနွတ်ဘုရင်သည် အက်ဒမန်၏ သားများကို ဆွီဒင်နိုင်ငံ သို့ ပို့လိုက်ပြီးလျှင် အက်သဲရက်၏ မိဖုရားကို သိမ်းယူကာ အင်္ဂလန်ပြည်အလုံးကို ကနွတ်ဘုရင်ကြီးဟူသော အမည်ဖြင့် အုပ်စိုးလေသည်။

ကနွတ်ဘုရင်သည် တန်ခိုးအာဏာရှိသော မင်းတစ်ပါးဖြစ်၍ တစ်ပြည်ထောင်လုံးကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နိုင်၏။ သူသည် တရားမျှတ၍ လိမ်မာစွာ အုပ်ချုပ်သည်။ ထို့ပြင် ရှေး ခေတ် ဆက်ဇုန်ဥပဒေများကို အခြေခံသည့် ဥပဒေတစ်ရပ်ကို လည်း ပြုစုပြဋ္ဌာန်းခဲ့၏။ အင်္ဂလန်ပြည် အုပ်ချုပ်ရေးတွင် ဒိန်း မတ်နှင့် နော်ဝေး လူမျိုးများကို ရာထူးရာခံ မပေးဘဲ မိမိတို့ နိုင်ငံသို့ ပြန်ပို့၍ ဆက်ဇုန်များကိုသာ ခန့်အပ်သောကြောင့် တိုင်းသူ ပြည်သားများက သူ့အား ကြည်ညိုလေးစားကြသည်။ ဆွီဒင်နှင့်နော်ဝေးနိုင်ငံများသို့ သွားရောက်သောအခါများ၌ပင် ဆက်ဇုန် မှူးမတ်စစ်သည်များဖြင့် ခြံရံ၍ ထွက်လေသည်။ ၁ဝ၁၈ ခုနှစ်တွင် ထီးနန်းကို ရ၍ ၁ဝ၂၈ ခုနှစ်တွင် နော်ဝေး ထီးနန်းကို ရပြန်သည်။ သို့သော် ၁ဝ၃၅ ခုနှစ်တွင် သူ ကွယ်လွန်သောအခါ နိုင်ငံတော်မှာ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားလေသည်။

ကနွတ်ဘုရင်နှင့် စပ်လျဉ်း၍ ဒဏ္ဍာရီပုံပြင် အများအပြား တွေ့ရသည့်အနက်တစ်ခုမှာ ဤသို့ဖြစ်၏။ အခါတပါး ကနွတ် ဘုရင်အား မှူးမတ်များက ဘုန်းတော်ကြီးသော အရှင်ဖြစ်၍ မည်သည့်အရာကိုမဆို ပြုက ဖြစ်နိုင်ကြောင်း လျှောက်ထားကြ သည်။ ထိုအခါ တစ်နေ့နေ့တွင် ထိုသို့ မြှောက်ပင့်တတ်သော မှူးမတ်များအား ဆုံးမမည်ဟု ကြံစည်ထားသော ကနွတ်ဘုရင် သည် ပင်လယ်ကမ်းစပ်တွင် ချထားအပ်သော ရာဇပလ္လင်ပေါ် တွင်ထိုင်လျက် တဖြည်းဖြည်း တက်လာသော ဒီရေကို မတက် ရန် အမိန့်ပေး၏။ သို့သော် ဒီရေကား တက်မြဲတက်၍ ကနွတ် ဘုရင်၏ ခြေများပင် ရေစိုလေတော့သည်။ ဤတွင် သူ၏ အခြွေအရံများဖက်သို့ လှည့်၍ ဘုရင်တို့၏ အာဏာမှာ မည်သို့မျှ အဖိုးမတန်ကြောင်း သူ့အား မည်သည်ကိုမဆိုပြုက ဖြစ်နိုင်ကြောင်းဖြင့် လျှောက်ထားသူများမှာလည်း မိုက်မဲစွာ မြှောက်ပင့်နေသူများသာဖြစ်ကြောင်း မိန့်ဆိုလေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)