အက်ဒမန် ကတ္တရိုက်
စက်ရက်ကန်းကို စတင်တီထွင်သူမှာ အင်္ဂလန်နိုင်ငံသား အက်ဒမန် ကတ္တရိုက် ဖြစ်သည်။
အက်ဒမန် ကတ္တရိုက်သည် အင်္ဂလန်နို်င်ငံ နော့တင်ဂမ်ရွိုင်ယာနယ် မန်းဟမ်းရွာတွင် ၁၇၄၃-ခုနှစ် ဧပြီလ ၂၄-ရက်နေ့၌ ဖွားမြင်သည်။ သူသည် ကြွယ်ဝချမ်းသာသောမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သဖြင့် စာပေကို ကောင်းမွန်စွာ သင်ကြားနိုင်ခဲ့သည်။ သူသည် အောက်စဖို့ တက္ကသိုလ်မှ စာပေနှင့် အယူဝါဒရေးကို အထူးလေ့လာ အားထုတ်ခဲ့သည်။ ထို့ကြောင့် ရေဖျန်းဂိုဏ်းဝင်ဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။
သူ့ခေတ်သူ့အခါက ချည်ငင်စက်များ ပေါ်ထွက်နေပြီဖြစ်သော်လည်း အထည်ရက်လုပ်ရေးတွင်ကား ရှေးဟောင်း လက်ရက်ကန်းစင်များဖြင့်သာ ရက်လုပ်နေကြသည်။ ချည်ငင်စက်များမှ ချည်မျှင်အထွက်များသလောက် လက်ရက်ကန်းသမားများက နိုင်အောင် မရက်လုပ်နိုင်သောကြောင့် အကျပ်အတည်းများ တွေ့ကြုံလျက် ရှိနေကြသည်။
သူသည် ထိုအကျပ်အတည်းများကို ဖြေရှင်းလိုသဖြင့် စာပေနှင့် အယူဝါဒရေးကို စွန့်လွှတ်လျက် စက်ရက်ကန်းကို စတင်ကြိုးပမ်း လုပ်ဆောင်သည်။ တနှစ်အတွင်း ထမြောက်အောင်မြင်၍ ၁၇၈၅-ခုနှစ်တွင် မူပိုင်ခွင့် မှတ်ပုံတင်နိုင်ခဲ့သည်။ ထိုအချိန်က သူ့အသက် ၄၂-နှစ် ရှိပြီ။
ယင်းကဲ့သို့ ကတ္တရိုက်၏ စက်ရက်ကန်းများ ပေါ်ထွက်လာသည်နှင့်တပြိုင်တက် လက်ရက်ကန်းသမားများက သူတို့၏စားလမ်းပိတ်ပြီဟု ယူဆသဖြင့် သူ့အား ရန်သူကြီးပမာ သဘောထားကြတော့သည်။ သို့ဖြင့် ၁၇၉၁-ခုနှစ်တွင် မန်ချက်စတာမြို့ရှိ သူ၏စက်ရုံကို မီးတင်ရှို့ကြရာ သူ၏ စက်ရက်ကန်းပေါင်းများစွာ မီးလောင်ကျွမ်းသွားလေသည်။
သို့သော် သူသည် စိတ်ပျက်ခြင်း အလျဉ်းမရှိပေ။ ၁၇၈၉-ခုနှစ်တွင် သိုးမွေးချည်ဖြီးစက် တခုကိုပင် အသစ်တီထွင်လိုက်ပေသေးသည်။ ထိုစက်ကို မူပိုင်တင်ရန် အစိုးရသို့ လျှောက်ထားရာ အမှုအခင်းဖြစ်သဖြင့် ငွေအမြောက်အမြားကုန်ဆုံးသွားရရှာသည်။
သူသည် ကြိုးကျစ်စက်နှင့် လယ်ယာစိုက်ပျိုးရာတွင် အသုံးပြုသော စက်ကိရိယာအမျိုးမျိုးတို့ကိုလည်း တီထွင်ခဲ့သည်။ သူ၏တီထွင်မှုများမှာ လူ့လောကကြီးတွင် အဖိုးမဖြတ်နိုင်အောင် အသုံးဝင်သည်။ သို့သော် လူမသမာတို့၏ လက်ချက်ဖြင့် ပျက်စီးဆုံးရှုံးရသော သူ့စက်ရုံများ၏ တန်ဖိုး မကာမိအောင်ရှိနေသဖြင့် အခက်ကြုံတွေ့နေရသည်။ သို့ဖြင့် ၁၈၀၉-ခုနှစ်တွင် သူ၏တီထွင်မှုများကို အားပေးသောအားဖြင့် ဗြိတိသျှပါလီမန်က သူ့အား ပေါင် ၁၀,၀၀၀-ဆုငွေ ချီးမြှင့်လိုက်သည်။
ထိုရရှိသောငွေဖြင့်ပင် ကင့်နယ်၌ မြေယာတခုဝယ်ပြီးနောက် သိပ္ပံပညာဆိုင်ရာ တီထွင်မှုနှင့် လက်တွေ့စမ်းသပ်မှုများကိုသာ ကြံစည်လုပ်ကိုင်ခြင်းဖြင့် သူသည် အချိန်ကို ကုန်လွန်စေခဲ့သည်။ သို့ဖြင့် သူ အသက် ၈၀-နှစ်၊ ၁၈၂၃-ခုနှစ် အောက်တိုဘာလ ၃၀-ရက်နေ့တွင် ဟေးစတင်းမြို့၌ ကွယ်လွန်အနိစ္စ ရောက်လေသည်။ [၁]
[ပြင်ဆင်ရန်] ကျမ်းကိုး
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁) စာ-၂၄၆၊ စာပေဗိမာန်။
- ↑ (ခင်ဧ-စက်မှု)