မန်ချက်စတာမြို့

ဝီကီပီးဒီးယား မှ

မန်ချက်စတာမြို့[ပြင်ဆင်ရန်]

မန်ချက်စတာမြို့သည် အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တည်ရှိ၍ လန်ဒန်၊ ဗာမင်ဂမ်နှင့် လီဗာပူးတို့၏ နောက်စတုတ္ထ လိုက်သော မြို့ကြီးဖြစ်၏။ လန်ကရှိုင်ယာနယ်တွင် အကျုံးဝင်၍ အာဝယ်မြစ်ပေါ်တွင် လည်းကောင်း၊ မန်ချက်စတာ တူးမြောင်းပေါ် တွင်လည်းကောင်း တည်ရှိသည်။ လီဗာပူးမြို့မှ အရှေ့ဘက်တွင် မိုင် ၃ဝ ကွာဝေး၍၊ လန်ဒန်မြို့မှ အနောက်တောင်ဘက်တွင် မီးရထားလမ်းအားဖြင့် ၁၈၃ မိုင် ကွာဝေးသည်။ အာဝယ်မြစ်၏ တစ်ဖက်ကမ်းတွင် တည်ရှိသော ဆဲလဖို့မြို့နှင့် တံတား ၁၆ ခုဖြင့် တစ်မြို့တည်းလိုပင် ဆက်နေသည်။ မန်ချက်စတာမြို့သည် အိုင်ရစ်ပင်လယ်နှင့် မိုင် ၃ဝ ကျော် ကွာသော်လည်း မန်ချက်စတာ တူးမြောင်းကြီးဆောက်လုပ်ပြီးစီးသည်နှင့် ယခုအခါ ကုန်းတွင်းပိုင်း ပင်လယ်သင်္ဘောဆိပ်ကမ်းဖြစ်၍ နေပေသည်။ ယင်းတူးမြောင်းသည် အလျား၃၅ မိုင်ခွဲ၊ အနံပေ ၁၂ဝ နှင့် အစောက် ၂၈ ပေမှ ပေ ၃ဝ အထိ ရှိသည်။ ၁၈၉၄ ခုနှစ်က ပြီးစီး၍ ဝိတိုရိယဘုရင်မ ဖွင့်လှစ်ခဲ့ပေသည်။ ပင်လယ်ကူး သင်္ဘောများသည် ဤတူးမြောင်းကို ဖြတ်သွားနိုင်ရုံမကဘဲ မန်ချက်စတာမြို့လယ် အထိပင် ဝင်ရောက်နိုင်သည်။ ခြည်ထည် လုပ်ငန်းနှင့် သိုးမွေးထည် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မန်ချက်စတာသည် ၁၄ ရာစုနှစ်ကတည်းကပင် ထင်ရှားကျော်ကြားသည့် မြို့ဖြစ်၍ ကမ္ဘာတွင် စက်မှု လုပ်ငန်း၌ အထူးဖွံ့ဖြိုး သည့် ရပ်ကွက်ဖြစ်၏။ မန်ချက်စတာမြို့သည် ကျောက်မီးသွေး တူးဖော်ရာဒေသဖြစ်သောကြောင့်လည်း စက်မှုလုပ်ငန်းများကို အထောက်အကူရသည်။ မန်ချက်စတာမြို့သည် အကျယ်အဝန်း အားဖြင့် ၄၂ စတုရန်းမိုင်ခွဲ ရှိ၏။


မန်ချက်စတာမြို့တွင် ထင်ရှားသော အဆောက်အအုံတို့မှာ ဂေါ့သပုံစံ ဗိသုကာ လက်ရာများဖြစ်၏။ မန်ချက်စတာမြို့ရှိ မြို့ တော်ခန်းမသည် အင်္ဂလန်ပြည်၏ ထယ်ဝါသော အဆောက်အအုံ များတွင် စာရင်းဝင်ဖြစ်၏။ နာရီစင်သည် ၂၈၆ ပေမျှ မြင့်၍ ခေါင်းလောင်း ၂၁ ခု တို့၏ သာယာသော တီးသံ မြည်သံများကို ကြားနိုင်ပေသည်။ ထို့ပြင် မန်ချက်စတာမြို့တွင် စာကြည့်တိုက် ၊ စာကြည့်ခန်းကောင်းများစွာ ရှိ၍ စာသင်ကျောင်းများမှာလည်း တိုးတက်လျက်ရှိသည်။ မန်ချက်စတာမြို့ရှိ ဝိတိုရိယ တက္ကသိုလ်သည်ကမ္ဘာတွင် ထင်ရှားသော တက္ကသိုလ်ကြီးတစ်ခုဖြစ်၏။ ပထမ ကမ္ဘာစစ်ကြီးပြီးစအချိန်က မန်ချက်စတာမြို့တွင် အိုး အိမ်တည်ဆောက်ရေးစီမံကိန်းမားကို ရေးဆွဲလျက် ၁၉၃ဝ ပြည့်နှစ်တွင် အိုးအိမ်သစ်ပေါင်း ၁၅ယ ဝဝဝ ခန့် ဆောက်လုပ် ပြီးစီးသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မန်ချက်စတာမြို့သည် အတော်ပင် ပျက်စီးခဲ့၏။ မန်ချက်စတာမြို့သည် ရှေးအထက်ကျော် ကာရီကပင် ခြည်ထည်လုပ်ငန်း၏ အချက်အချာ ဒေသဖြစ်ခဲ့ပြီး နောက် ၁၄ ရာစုနှစ်မှစ၍ သိုးမွေးထည်များကို ထုတ်လုပ်လျက် ၁၆ ရာစု နှစ် ရောက်သောအခါ လင်နင်ထည်များကိုလည်းကောင်း၊ ၁၇ ရာစုနှစ်တွင်ခြည်ထည်ကိုလည်းကောင်း အထူးတလည် ထုတ်လုပ်သည်။ ယခုအခါတွင် မန်ချက်စတာမြို့တွင် ခြည်ထည် ၊ ပိုးထည် ၊ သိုးမွေးထည် ၊ လင်နင်ထည်များသာ မကတော့ဘဲ အခြား လုပ်ငန်းပေါင်း ၇ဝဝ မျှကို လုပ်ကိုင်လျက် ရှိပေသည်။ ယင်းတို့တွင် ရော်ဘာလုပ်ငန်းများ၊ မီးရထားစက်ခေါင်း၊ မော်တော် ယာဉ်၊ လေယာဉ်၊ လျှပ်စစ်ကရိယာ အစရှိသော လေးလံသည့် အထည်ကြီးများကိုလည်းလုပ်ကိုင်ပေသည်။ မန်ချက်စတာမြို့တွင် ဂျုံစက်၊ ဗီစကွတ်စက်ရုံများလည်း အရေးပါသည် ၊ ဓာတ်သတ္တု၊ ဆိုးဆေး၊ ဆီတို့ မှာလည်းအရေးပါသော ထုတ်ကုန်များ ဖြစ်၏။ ယခုအခါတွင် အလုပ်ရုံများ၊ စက်ရုံများကို မြို့ပြင်သို့ ပြောင်းရွှေ့ ထားပြီးဖြစ်လျက် မြို့တွင်း၌မူထုတ်လုပ်ပြီး ကုန်ပစ္စည်းများကို သိုလှောင်ရန် ကုန်တိုက်များရှိ၍ ပစ္စည်းများဖြန့်ဖြူးရာ ရပ်ကွက်အဖြစ် တည်ပေသည်။ ဤသို့သောကုန်ပစ္စည်းများကို ထုတ်လုပ် သော မန်ချက်စတာမြို့သည် သံရိုင်း၊ တူးမြောင်းတစ်လျှောက်ရှိ ရေနံချက်စက်ရုံများအတွက် ရေနံ၊ ဝါရိုင်း၊သိုးမွှေးနှင့် အစားအသောက်များကို တင်သွင်းသည်။ ကုန်းတွင်းပိုင်း သင်္ဘောဆိပ်မြို့ ဖြစ်သောကြောင့်လည်း ကုန်စည်ပစ္စည်းများဖြန့် ဖြူးရာ၌ လွယ်ကူသော အချက်အချာဒေသ ဖြစ်ပေသည်။ မန်ချက်စတာမြို့သည် ၁၆ ရာစုနှစ်က မထင်ရှားသော ရွာငယ်မျှ သာဖြစ်၏။ ၁၈ ရာစုနှစ်က စက်မှုလက်မှု လုပ်ငန်းများတိုး တက်လာသည်တွင် မန်ချက်စတာမြို့သည် ရှေ့တန်းသို့ရောက်လာသည်။ ယခုအခါတွင် စက်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍ လူဦး ရေထူထပ်သောမြို့ဖြစ်နေပေသည်။ မန်ချက်စတာ အမည်နှင့် ဒွန်တွဲလျက်ရှိသည့် အချက်တစ်ခုမှာနှင့် မန်ချက်စတာ ဂါဒီယန် သတင်းစာဖြစ်၍ယင်းသတင်းစာသည် အင်္ဂလိပ် စကားပြောဆိုသော နိုင်ငံများတွင် အလွန်ထင်ရှားပေသည်။ ထို့အပြင် မန်ချက်စတာအခြေစိုက် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းမှာ လည်း ကမ္ဘာတစ်ဝန်း အားပေးသူ သန်း ၁၀၀ထက်မနည်း ရှိသောကြောင့် မန်ချက်စတာမြို့မှာ မသိသူရှားလှပေသည်။ မန်ချက်စတာမြို့တွင် ရှိသော လူဦးရေမှာ ၁၉၅၁ ခုနှစ် သန်းကောင်စာရင်းအရ ၇ဝ၃,၁၇၅ ခန့် ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)