ပုစွန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပုစွန်တုပ်

ပုစွန်သည် ကရပ်စတေးစီးခေါ် အခွံမာ သတ္တဝါမျိုးပေါင်းတွင် အမြီးရှည်သော အကောင်မျိုး ဖြစ်သည်။ ယင်းသည် ကနန်းနှင့် တစ်မျိုးတည်း ဖြစ်သည်။

ပုစွန်အမျိုးမျိုး ရှိသည်။ ယင်းတို့မှ ပုစွန်တုပ်၊ ပုစွန်ကျော့၊ ပုစွန်ဆိတ်၊ ပုစွန်ကျား၊ ကျောက်ပုစွန် စသည်တို့ ဖြစ်ကြသည်။

ပုစွန်တုပ်[ပြင်​ဆင်​ရန်​]

ပုစွန်တုပ်သည် နှစ်ပေထိပင် ရှည်တတ်သည်။ အချို့ ပုစွန်တုပ်ကြီးများမှာ ၃၅ ပေါင်အထိပင် အချိန်စီးတတ်သည်။ ကိုယ်ထည်သည် လုံး၍ အစိတ်အပိုင် ၆ခု ဆက်စပ်ထားသကဲ့သို့ ဖြစ်နေသည်။ ကိုယ်ပေါ်တွင် အပြာရောင်ခပ်ပြောင်ပြောင် အခွံမာ ဖုံးအုပ်နေသည်။ အမြီးမူကား ယပ်တောင်သဖွယ် ကားနေသည်။ ဦးခေါင်းထိပ်တွင် ရှည်လျားသော အမှင်အင်္ဂါ ၂ ခုရှိသည်။ ကနန်းကဲ့သို့ပင် ခြေ ၅ စုံပါ၍ ပထမအစုံကို လက်မဟုခေါ်သည်။ လက်မတစ်ဖက်မှာ ကြီး၍ တုံးသောသွားများ ပါရှိကာ ယင်းလက်မဖြင့် မိမိ၏ အစာကို ကြိတ်ချေသည်။ ကျန်လက်မတစ်ဖက်မှာ သေးငယ်၍ ချွန်ထက်သော သွားများ ပါရှိကာ အစာကို ကိုက်ဖြတ်ရန် အသုံးပြုသည်။

ပုစွန်တုပ်၏ ဝမ်းဗိုက်တွင် ရေကူးအင်္ဂါငယ်များ ပါရှိသည်။ ရေကူးရာတွင် ယင်းတို့ကို လှော်တက်များသဖွယ် အသုံးပြုလေသည်။ ပုစွန်တုပ်သည် တသားလျှင် ဥပေါင်း ၅,၀၀၀မှ ၁၀၀,၀၀ အထိ ဥတတ်သည်။ ယင်းဥများကို ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါငယ်လေးများတွင် စေးကပ်သော ကော်တစ်မျိုးဖြင့် အမြဲကပ်နေအောင် သယ်ဆောင်ထားကြသည်။ ၁၁ လမျှကြာသော် ဥများမှ ပုစွန်တုပ်ကလေးများ ပေါက်ဖွားလာသည်။ အများအားဖြင့် နွေကူးရာသီတွင် ဥမှပေါက်လေ့ရှိသည်။

ပေါက်စတွင် ပုစွန်တုပ်ကလေးသည် တလက်မ၏ ၄ ပုံ ၁ ပုံခန့် ရှည်သည်။ ဦးခေါင်းကြီး၍ အမြီးငယ်သည်။ ပုစွန်တုပ်ကလေးသည် ကိုယ်ထည် ငယ်သည်ကလွဲ၍ အရွယ်ရောက်ပြီး ပုစွန်တုပ်ကြီးနှင့် ပုံသဏ္ဌန် တထေရာတည်း တူသည်။ ရက်သတ္တပတ်အနည်းငယ် ကြာသောအခါ၊ ပုစွန်တုပ်ကလေးသည် ရေအောက်သို့ ဆင်းကာ ကျက်စားလေသည်။ ထိုမှစ၍ ပုစွန်တုပ်သည် အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်းကြီးလာ၍ အလေးချိန်လည်း စီးလာသည်။

ပုစွန်တုပ်သည် တသက်လုံး ဤအခွံနှင့်ချည်း နေသွားသည် မဟုတ်ချေ။ မကြာခဏ အခွံလဲသည်။ ပထမ တစ်နှစ်သားအတွင်း ၁၄ ကြိမ်မှ ၁၇ ကြိမ်အထိ အခွံလဲသည်။ နောက်ကြီးသောအခါ တနှစ် တကြိမ် လဲသည်။ ပုစွန်တုပ်သည် အခွံလဲတော့မည်ရှိသောအခါ ကနန်းကဲ့သို့ပင် လုံခြုံစိတ်ချရသော နေရာကောင်းတစ်ခုကို မရအရ ရှာဖွေစမြဲ ဖြစ်သည်။ သူ၏ ရှည်လျားသော အမှင်အင်္ဂါဖြင့် တွေ့သမျှ အပေါက်များအထဲသို့ ထိုးသွင်းစမ်းသပ်ခြင်းဖြင့် သင့်တော်မည့် အပေါက်၊ သို့မဟုတ် "တွင်း"ကို ရှာဖွေသည်။ ထိုးစမ်းကြည့်သော အပေါက်ထဲတွင် မည်သည့်ဘေးအန္တရာယ်မျှ မရှိဟူ၍ စိတ်ချလောက်မှ တွင်းအောင်းခြင်းအမှုကို ပြုလေသည်။

တွင်းအောင်းယင်းပင် ပုစွန်တုပ်သည် အပြင်းအထန် တွန့်လိမ်လှုပ်ရှားကာ အရေခွံလဲရသည်။ အရေခွံလဲရသည်မှာ အခွံမာကြီးများကို ကိုယ်ပေါ်မှ ပြုတ်ထွက်သွားအောင် အပြင်းအထန်ကြိုးပမ်းရသည်ဖြစ်ရာ အားကုန်ပင်ပန်းလှသည်ဖြစ်သောကြောင့် ပုစွန်တုပ်သည် အခွံကျွတ်သည့်အခါ ခေတ္တမျှ မလှုပ်မယှက်နိုင်ဘဲ မေ့မြော၍ပင် သွားရှာတတ်သည်။ သို့သော် အသစ်ပေါ်ပေါက်လာသော အရေခွံ အတန်ငယ်မာလာသည်နှင့် တပြိုင်နက် အင်အားတဖန် ပြန်လည်ပြည့်ဝလာလေသည်။ အရေခွံဟောင်းကွာ၍ အခွံသစ် မာကျောလာခြင်းမရှိမီအချိန်တွင် ရန်သူတို့ကို အထူးသတိထား၍ နေကြရသည်။

ပုစွန်တုပ်သည်ရေထဲတွင် ယက်ကာယက်ကာဖြင့် လေးလေးမှန်မှန် သွားလေ့ရှိသည်။ သို့ရာတွင် တစုံတရာ အရေးကြီးသော ကိစ္စကြုံလာလျှင် ရေထဲသို့ လျင်မြန်သော အရှိန်ဖြင့် နောက်ပြန် ပစ်ကူးလေ့ရှိသည်။ တစ်ခါတရံ ခပ်ကျဲကျဲသွား၍ တချက်တချက် ခုန်တတ်သေးသည်။ သွားရာနေရာ၌ တွင်းများတွေ့လျှင် သူ၏လက်မကြီးဖြင့် နှိုက်စမ်းကြည့်တတ်သည်။ ရန်သူကို တွေ့ပါက လက်မဖြင့် ညှပ်ပစ်လေသည်။

ရွှံ့နွံထူထပ်သော နေရာမျိုးတွင် ပုစွန်တုပ်ကို တွေ့ရခဲသည်။ ယင်းတို့သည် ကျောက်တောင်ထူထပ်ပေါများသော ကမ်းခြေ ရေတိမ်ရာ နေရာများကို အထူးသဖြင့် ကြိုက်နှစ်သက်တတ်သော်လည်း ရေနက်ရာ အရပ်များတွင်လည်းတွေ့ရတတ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာဖက်ရှိ အမေရိကန်ကမ်းခြေတလျောက်တွင် တွေ့ရသော ပုစွန်တုပ်မျိုးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးမျိုး ဖြစ်သည်။ ဥရောပတိုက် ကမ်းခြေတလျောက်တွင် တွေ့ရသော ပုစွန်တုပ်မျိုးမှာမူ အမေရိကန် ပုစွန်တုပ်လောက် မကြီးချေ။ ပင်လယ်ပုစွန်တုပ်မျိုးတွင် အာဖရိကတိုက် ဂွတ်ဟုတ်အငူ ကမ်းခြေတွင် တွေ့ရသော ပုစွန်တုပ်မျိုးသည် အငယ်ဆုံးဖြစ်သည်။ နိုင်ငံအရပ်ရပ်ရှိ မြစ်ချောင်းတို့မှ ဖမ်းယူရရှိသော ရေချိုပုစွန်တုပ်တို့မှာမူ အကြီးဆုံး ၈ လက်မခန့်သာ ရှိလေသည်။

ပုစွန်ဆိတ်နှင့် ပုစွန်ကျော့များမှာမူ ပုစွန်တုပ်ကြီးများကဲ့သို့ ရေနက်ရာ ပင်လယ်တွင် မတွေ့ရဘဲ၊ ရေတိမ်၍ သဲမြေရှိရာ မြစ်ချောင်း အင်းအိုင်တို့တွင်သာ အမြောက်အများ တွေ့ရသည်။ ကမ္ဘာအရပ်ရပ်မှာပင် တွေ့ရှိနိုင်သည်။

ပုစွန်ဆိတ်နှင့် ပုစွန်ကျော့များကို အချို့က မကြီးထားသေးသော ပုစွန်တုပ်ဟု ထင်ကြသည်။ ထင်ကြသည့် အကြောင်းမှာ အမှတ်တမဲ့ကြည့်က အကြီးအသေးမှလွဲ၍ ပုံပန်းသဏ္ဌန်ချင်း တူသောကြောင့် ဖြစ်လေသည်။ သို့ရာတွင် ယင်းတို့၌ လွယ်ကူစွာ ခွဲခြားနိုင်သော အချက်အလက်များရှိသည်။ ပုစွန်ဆိတ်သည် အကြီးဆုံး ၃ လက်မထိသာကြီး၍ ပုစွန်ကျော့သည် ၅ လက်မထိ ကြီးသည်။ ယင်းတို့၏ အမြီးနှင့် ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါများသည် အရွယ်နှင့်မမျှအောင် ကြီးသည်။ တတိယနှင့် စတုတ္ထအဆက်၌ ကိုယ်လုံးကွေး၍ ကျောခုံးနေသည်။ ဆွဲဆန့်သည်တိုင်အောင်ပင် ခပ်ခုံးခုံးဖြစ်နေသည်။ ပုစွန်ဆိတ်သည် အရောက်မွဲ၍ အညိုစက်ရှိသည်။ ပုစွန်ကျော့သည် စိမ်းပြာရောင် ရှိ၍ အညိုစက်ပါရှိသည်။

ပုစွန်ဆိတ်နှင့် ပုစွန်ကျော့ကိုလည်း တကောင်နှင့် တစ်ကောင် ခွဲခြားရန် မခဲယဉ်းချေ။ ပုစွန်ဆိတ် ဦးခေါင်းထိပ် တဖက်တချက်မှ ယုန်နားရွက်ကဲ့သို့ မပျော့လွန်၊ မမာလွန်းသော အပြား ၂ ခုထိုးထွက်၍ ယင်းအပြား ၂ ခု အနီး၌ အာရုံမှင် ၂ ခုနှင့် မျက်စိ ၂ ခုကြား၌ ခက်ရင်းခွကဲ့သို့သော အာရုံမျှင် ၂ ခုရှိသည်။

ပုစွန်ကျော့

ပုစွန်ဆိတ်[ပြင်​ဆင်​ရန်​]

ပုစွန်ဆိတ်၏ လက် ၅ စုံအနက် ပထမလက်တစ်စုံသည် ကြီး၍ ပြားပြီးလျှင်၊ အဖျားတွင် ၂ ခွဖြစ်၍ ချိတ်ကဲ့သို့ ကောက်ကောက်ကလေး ဖြစ်နေသည်။ ယင်းတို့ထက်ငယ်သော သတ္တဝါကလေးများကို ညှပ်၍ စားသောက်ကြရန်ဖြစ်သည်။

ဗုဇွန်ကျော့[ပြင်​ဆင်​ရန်​]

ပုစွန်ကျော့၏ ဦးခေါင်းထိပ်မှာမူ ဆူးတောင်ကဲ့သို့ အညွန့်အတက်နှင့် အချွန်တစ်ခု ထိုးထွက်နေသည် ။ အာရုံမှင် ၂ စုံစလုံးသည် သေး၍ ရှည်သည်။ ပထမနှင့် ဒုတိယလက် ၂ စုံသည် ပုစွန်တုပ်လက်နှင့် ဆင်ဆင်တူသည်။

ပုစွန်ကျား[ပြင်​ဆင်​ရန်​]

ပုစွန်ကျားမျိုးမှာမူ ကိုယ်ထည်ပြား၍ ပုစွန်တုပ်လောက် ခေါင်းမကြီးချေ။ အပေါ်အရေခွံလည်း ပုစွန်ထုပ်လောက်မထူဘဲ အရောင်မှာ စိမ်းညိုရောင်နှင့် အဝါစင်းကျားဖြစ်သည်။ လက်နှင့် ဝမ်းဗိုက်ရှိ ရေကူးအင်္ဂါများလည်း ပို၍ ပျော့ပျောင်းနူးညံ့သည်။ အရွယ်အားဖြင် ၆ လက်မှ ၈ လက်မအထိရှိသည်။ ယင်းတို့လည်း ရေတိမ်ရာ မြစ်ချောင်းစသည်တို့၌သာ တွေ့ရသည်။

ပုစွန်ကျား

ကျောက်ပုစွန်[ပြင်​ဆင်​ရန်​]

ကျောက်ပုစွန်သည် ၆ လက်မထက် ပိုကြီးခဲသည်။ အဖြူရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်၊ အညိုရောင်၊ စိမ်းပြာနှင့် အပြာပုပ်ပုပ်အရောင် စသည်ဖြင့် အရောင်အမျိုးမျိုး ရှိသည်။ ကျောက်ပုစွန်၏ အခွံမာ၍ ကြမ်းသည်။ ပုစွန်တုပ်ကဲ့သို့ပင် လက် ၅ စုံရှိသည့်အနက် ပထမတစ်စုံသည် ညှပ်၍ရသည်။ ကျန်လက် ၄ စုံဖြင့် လမ်းလျှောက်သည်။

အသုံးပြုပုံ[ပြင်​ဆင်​ရန်​]

ကျောကပုစွန်

ပုစွန်အမျိုးမျိုး ကို လူတို့သည် ဟင်းလျာအလို့ငှာ ဖမ်းယူကြသည်။ အများအာဖြင့် လတ်လတ်ဆက်ဆက် ချက်ပြုတ်စားသောက်သော်လည်း အနောက်နိုင်ငံများတွင် စည်သွတ်၍ ရောင်းချကြသည်။ မြန်မာနိုင်ငံတွင် ပုစွန်ဖြင့် ငပိလုပ်ကြသေးသည် မျှင်ခေါ် အလွန်သေးငယ်သည့် ပုစွန်ကလေးဖြင့် ပြုလုပ်သည်။ ထိုမျှင်ငပိသည် အလွန်ထင်ရှားသည်။ ပုစွန်ဦးခေါ်င်းမှ ရရှိသည့် အဆီသက်သက်ကိုလည်း ချက်၍ ဟင်းလျာတမည်အဖြစ် စားသုံးကြသည်။ ပုစွန်ပေါသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် ပုစွန်ဥများကို သက်သက်ထုတ်၍ ရောင်းချကြသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၈၊ အပိုင်း-ခ
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။