လာမာဘုန်းကြီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကမ္ဘာပေါ်တွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်လျက်ရှိ ကြသော သမ္မတများနှင့် ဘုရင်အသီးအသီးတို့သည် တိုင်းပြည်၏ အုပ်ချုပ် ရေးတွင် အချုပ်အခြာအာဏာပိုင်များ ဖြစ်ကြသော်လည်း သာသနာရေးဘက်တွင်ကား အာဏာပိုင်များ မဟုတ်ကြချေ။ ဆိုင်ရာဆိုင်ရာ သာသနာပိုင်များ၊ အယူဝါဒရေးခေါင်းဆောင်များကသာ သာသနာရေးကို သီးခြားစီမံအုပ်ချုပ်လျက်ရှိကြသည်။ တိဗက်ပြည်တွင်ကား လာမာဘုန်းကြီးများ အမြောက် အမြားရှိသည့်အနက် အကြီးဆုံးဖြစ်သော ဒလိုင်းလာမာဘုန်းကြီးသည် တစ်ချိန်သောအခါက တိဗက်ပြည်၏ နိုင်ငံရေးအချုပ်အချာ အာဏာပိုင်ဖြစ်ခဲ့ပေ သည်။ ဤသည်ကား တိဗက်ပြည်၏ ယခင်က ထူးခြားချက်ပင်ဖြစ်သည်။

တိဗက်ပြည်တွင် ကိုးကွယ်သော အယူဝါဒမှာ ဗုဒ္ဓအယူဝါဒပင် ဖြစ်သော်လည်း မြန်မာနိုင်ငံထိုင်းနိုင်ငံသီရိလင်္ကာနိုင်ငံလောနိုင်ငံကမ္ဘောဒီးယားနိုင်ငံ တို့တွင် ကိုးကွယ်သော ထေရဝါဒ ဗုဒ္ဓအယူဝါဒမျိုးမဟုတ်၊ မဟာယာန ဗုဒ္ဓအယူဝါဒဖြစ်သည်။

တိဗက်ပြည်သို့ ဗုဒ္ဓသာသနာသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝဝ ကျော်လောက်က ဆရုန်စန်ဂံပိုမင်း လက်ထက်၌ ပထမဆုံးဆိုက်ရောက်လာခဲ့လေသည်။ ထိုမင်းသည် ဗုဒ္ဓအယူဝါဒီ နိပေါမင်းသမီးတစ်ပါးနှင့်တရုတ်မင်းသမီးတစ်ပါးတို့ကို မိဖုရားမြှောက်၍ စိုးစံခဲ့သည့်နောက်ပိုင်းတွင် ထိုမိဖုရားတို့၏ ညွှန်ပြမှုအစွမ်းအားဖြင့် ဗုဒ္ဓအယူဝါဒ စတင်ထွန်းကားလာခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ထိုမင်းလက်ထက်တွင် ဗုဒ္ဓအယူဝါဒသည် ထွန်းကားသင့်သလောက် မထွန်းကားချေ။ နောက်နှစ်ပေါင်းတစ်ရာ လွန်ပြီးသောအခါ ခရီဆရုန်အိုက်ဗခန် မင်းလက်ထက်၌ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဥဒယာနအရပ်မှ ပဒုမသမ္ဘဝအမည်ရှိ မထေရ်တစ်ပါးအား ပင့်ဆောင်ခဲ့၏။ ထိုပဒုမသမ္ဘဝ မထေရ်သည် မူလက စုန်း၊ နတ်၊ တစ္ဆေ၊ ပယောဂတို့နှင့် ရောပြွမ်းလျက်ရှိသည့် တိဗက်ပြည်သူပြည်သား အမြောက်အမြားကို ဗုဒ္ဓအယူဝါဒီများ အဖြစ်သို့ သွတ်သွင်းနိုင်ခဲ့လေသည်။ သို့သော် သူ၏ ဗုဒ္ဓအယူဝါဒမှာ မဟာယာနဗုဒ္ဓအယူဝါဒဖြစ်သည်။ ထိုမထေရ်သည် လာမာဂိုဏ်းကို စ၍ တည်ထောင်သည်။ လာမာမှာ တိဗက်ဘာသာဖြင့် မြင့်မြတ်သော ပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ရသည်ဆို၏။ သူ၏ အယူဝါဒကို လက်ခံသူတို့မှာ ယခုတိုင် ဒေါက်ချာနီလာမာ ဘုန်းကြီးဂိုဏ်းအဖြစ်ဖြင့် ကြွင်းကျန်ရှိနေပေသည်။ပဒုမသမ္ဘဝကြီးမှူးသော ဒေါက်ချာနီလာမာဘုန်းကြီးများသည် ဗုဒ္ဓအယူဝါဒီအမည်ကို ခံယူသော်လည်း အသားစားခြင်း၊ အိမ်ရာ ထောင်ခြင်းနှင့် သေရည်သေရက် သောက်စားခြင်များကို ပြုလုပ်ကြသည်။ ဤသို့ပြုလုပ်ရန်ကိုလည်း ပဒုမသမ္ဘဝက ဝါဒဖြန့်ခဲ့သည်။ သို့မှသာ ဘုရားလောင်းဘဝကို လျင်မြန်စွာ ရောက်နိုင်သည်ဟုလည်း ဟောပြောခဲ့လေသည်။ကိုးရာစုနှစ်တွင် လန်ဒါမာ မင်းလက်ထက်၌ ပဒုမသမ္ဘဝ၏ အယူဝါဒကို နှိမ်နင်းခဲ့ပြီးသည့်နောက် ဗုဒ္ဓအယူဝါဒ တစ်ဖန်ပြန်လည် ထွန်း ကားလာပြန်လေသည်။ လာမာဘုန်းကြီးများ၏တန်ခိုးအာဏာများလည်း တိုးတက်လာခဲ့လေသည်။၁၁ ရာစုနှစ်သို့ ရောက်သောအခါ အိန္ဒိယနိုင်ငံမှ ဘုန်းတော်ကြီးတစ်ပါးသည် တိဗက်ပြည်သို့ ရောက်ရှိလာပြန်ရာ ရှေးကရှိခဲ့သော အယူဝါဒများကို ပြုပြင်၍စင်ကြယ်သော ဝါဒများကို ဟောပြော သည်ဟုဆိုသည်။ ဤသို့ဖြင့် တိဗက်ပြည်တွင် လာမာဘုန်းကြီးများ ဂိုဏ်းအမျိုးမျိုး ကွဲထွက်သွားလေသည်။ ဂိုဏ်းအမျိုးမျိုးတို့အနက် ဒေါက်ချာနီဂိုဏ်း ဖြစ်သော သကျအနွယ်လာမာ ဘုန်းကြီးတို့ကား နိုင်ငံရေးတွင် အလွန်အရေးပါအရာရောက်ကြပေသည်။ ထိုအချိန်အခါကား တိဗက်ပြည်တွင် နိုင်ငံ ရေးနှင့် သာသနာရေးရောထွေးကာ တိုင်းပြည်အစိတ်စိတ်အမြွာမြွာ ကွဲခဲ့ရ လေသည်။ ၁၃ ရာစုနှစ်သို့ ရောက်သောအခါ သကျနွယ်ဝင်လာမာဘုန်းကြီး ခေါင်းဆောင်တို့သည် မိမိတို့၏ဂိုဏ်းတန်ခိုးအာဏာပို၍ ကြီးမားလာရန် ရည်သန်၍ တရုတ်နိုင်ငံ၏ မွန်ဂိုဧကရာဇ် ကူဗလိုင်ခန် နှင့်မဟာမိတ်ဖွဲ့ကာ အကူအညီကို တောင်းခံလေသည်။ ကူဗလိုင်ခန်မင်းသည် ၁၂၇ဝ ပြည့်နှစ် တွင် သကျနွယ်ဝင် လာမာဘုန်းကြီးတို့၏ အယူဝါဒကို နှစ်သက်ရကား ယင်းတို့အထဲမှအကြီးဆုံးလာမာဘုန်းကြီး သကျပဏ္ဍိတကို နိုင်ငံရေးအာဏာနှင့်တကွ သာသနာရေး အာဏာကိုပါ တစ်ပြိုင်တည်းအပ်နှင်းကာ တိဗက်ပြည်ကို အုပ်ချုပ်စေသည်။ ထိုအချိန်အခါမှစ၍ တိဗက်ပြည် လာမာဘုန်းတော်ကြီးသည် နိုင်ငံရေးအချုပ်အချာ အာဏာပိုင်ဖြစ်သည့်ပြင် သာသနာရေးတွင်လည်း အာဏာပိုင်ဖြစ်လာသည်။

တစ်ဆယ့်ငါးရာစုနှစ်တွင် ဆွန်ခါပအမည်ရှိ ဘုန်းတော်ကြီးသည် ဘုန်းကြီးသိက္ခာပုဒ်များကို တစ်မျိုးတစ်ဖုံ ပြုပြင်ဖန်တီးခြင်းဖြင့် ဒေါက်ချာဝါ လာမာဘုန်းကြီးဂိုဏ်းကို တစ်ဖန်တည်ထောင်ပြန်လေသည်။ ဤဒေါက်ချာဝါ ဂိုဏ်းသည် ဒေါက်ချာနီဂိုဏ်းနှင့် ဆန့်ကျင်ကာ ဘုန်းကြီး သိက္ခာပုဒ်များကို များစွာ ပြုပြင်ခဲ့လေသည်။ အိမ်ရာထောင်ခြင်းကို အလျင်းခွင့်မပြုချေ။ ဤ ဂိုဏ်းသစ်မှ ဘုန်းတော်ကြီး ဆွန်ခါပ ကွယ်လွန် ပြီးသည့်နောက် တတိယ ဘုန်းတော်ကြီးမှစ၍ ဒလိုင်းလာမာဟူသော ဘွဲ့ကိုခံယူလေသည်။ ဤပထမဆုံး ဒလိုင်းလာမာဘုန်းတော်ကြီးကား ဆွန်ခါပ၏ တူတော်ပင်ဖြစ်သည်။ ဒလိုင်းလာမာဟူသောအမည်ဖြင့် ထင်ရှားလာပြီးလျှင် သူ၏အဆက်အနွယ်များကို ဒလိုင်းလာမာဟု ခေါ်လာကြသည်။ ပဉ္စမဒလိုင်းလာမာ၏ခေတ်တွင် ဒလိုင်းလာမာကို အကြံဉာဏ်ပေးသည့် ပန်ချင်လာမာဟုလည်းခေါ်သော 'တာရှိလာမာ' ကိုခန့်အပ်လေရာ ဒလိုင်းလာမာမင်းဆက်နှင့်အတူ တာရှိလာမာ မင်းဆက်တို့လည်း ပေါ်ပေါက်လာလေသည်။ နောင်အခါတွင် လာမာဂိုဏ်းနှစ်ဂိုဏ်းကွဲခဲ့ရာ တိဗက်ပြည်သူပြည်သားများက ဒလိုင်းလာမာကို တိုင်းပြည်အုပ်ချုပ်ရေးအတွက်လည်းကောင်း၊ ပန်ချင်လာမာကို သာသနာ ရေးအတွက်လည်းကောင်း အာဏာပိုင်များဟူ၍ခွဲခြားကာ အသိအမှတ်ပြုခဲ့ကြ လေသည်။ ၁၅ ရာစုနှစ် ဆွန်ခါပဘုန်းတော်ကြီး ပေါ်ပေါက်လာပြီးသည့် အချိန်မှစ၍ တိဗက်ပြည်ပ 'လူဝင်စားမှု' အယူဝါဒသည် ခိုင်မြဲစွာ အမြစ် တွယ်ပြီးဖြစ်လေသည်။ ထိုအယူဝါဒမှာ အကျင့်၊ သီလ၊ သမာဓိနှင့် ပြည့်စုံ ၍ ဗုဒ္ဓဘုရားဖြစ်နိုင်ရန် ထိုက်တန်သောသူသည် လောကီလူသားတို့အား ငဲ့ညှာသောကရုဏာတော်ဖြင့်သတ္တဝါတို့အား ကူညီစောင့်ရှောက်ရန် ဘုရားအဖြစ် မခံယူဘဲ လူ့လောကသို့ ပြန်လည်ဝင်စားခြင်းဖြစ်၏။

ဒလိုင်းလာမာ တစ်ဦးပျံလွန်၍ နောက်ဆက်ခံမည့် ဒလိုင်းလာမာတစ်ဦး ထပ်မံရွေးချယ်ပုံမှာ 'လူဝင်စားပေါ်ပေါက်မှု' ပေါ်တွင် မူတည်ရွေးချယ် သဖြင့် အထူးစိတ်ဝင်စား ဖွယ်ကောင်းပေသည်။ ဒလိုင်းလာမာတစ်ဦး ပျံလွန်လျှင်ပျံလွန်ခြင်း အခြား တစ်နေရာ၌ ချက်ခြင်းလူဝင်စားဖြစ်သည်ဟု တိဗက်လူမျိုးတို့က မယုံကြည် ချေ။ လူအဖြစ်သို့ပြန်လည်မယူမီ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် စသည်ဖြင့် ကြာသည်ဟုယုံကြည်ကြသည်။တစ်ဆယ့်သုံးဆက်မြောက် ဒလိုင်းလာမာပျံလွန်ခဲ့ပြီးနောက် ပြန်လည်၍ ၁၄ ဆက်မြောက် ဒလိုင်းလာမာအဖြစ် ဝင်စားရာ၌ဖြစ်ပေါ်မည့် မိမိ၏ လက္ခဏာများကို ကြိုတင်၍ အရိပ်အမြွက်မျှမိန့်ဆိုထားခဲ့လေသည်။ ခရစ် ၁၉၃၃ ခုနှစ်၌ ၁၃ ဆက်မြောက်ဒလိုင်းလာမာပျံလွန်တော်မူသောအခါ လာဆာမြို့တော်အနီး ပိုတာလာနန်းတော်ကြီးတွင် ရှေးအစဉ်အလာ ထုံးတမ်းအရ တောင်ဘက်သို့ မျက်နှာတော်မူစေ၍ ထိုင်လျက် တည်ရှိစေခဲ့ လေသည်။ တစ်နေ့သော နံနက်တွင် ထူးဆန်းအံ့ဩဖွယ်ရာ ၁၃ ဆက်မြောက် ဒလိုင်းလာမာ၏ ရုပ်ကလာပ်သည် အရှေ့ဘက်သို့ လှည့်နေသည်ကို တွေ့ကြရသည်ဟုဆိုသည်။ ဤသို့ဖြင့် ၁၄ ဆက်မြောက်ဖြစ်မည့် ဒလိုင်း လာမာလောင်းသည် အရှေ့အရပ်မှ ပေါ်ထွန်းလာ လိမ့်မည်ဟု နိမိတ်ဖတ်ကြတော့၏။ သို့သော် နှစ်နှစ်ခန့် ကြာသည့်တိုင်အောင် တိကျသော အတိတ်နိမိတ်များကို မတွေ့ရှိခဲ့ကြချေ။ ထိုအတောအတွင်း တိဗက်ပြည်ကို ရင်ခွင် ပိုက်အဖွဲ့က အုပ်ချုပ်နေ၏။ နောက်ဆုံး၌ ရင်ခွင်ပိုက် အဖွဲ့သည် ချိုခေါကြီး ခေါ် ရေအိုင်ကြီးသို့သွား၍ နိမိတ်ဖတ်လေသည်။ ထိုရေအိုင်ကြီးမှာ တိဗက် ပြည်တွင် အလွန်ပင်ကျော်ကြားလေသည်။ ထိုရေအိုင်ကြီးတွင် ကြည့်ပါက နောင်ဖြစ်မည့် အနာဂတ်အခြေအနေများကို တွေ့မြင်နိုင်သည်ဟု တိဗက် ပြည်သူပြည်သားများက ယုံကြည်ကြလေသည်။ရင်ခွင်ပိုက်အုပ်စိုးသူသည် ဆုတောင်းပတ္တနာပြုခြင်း၊ ဝတ်ပြုခြင်း များကို ပြုပြီးသကာလ ရေအိုင်တွင်းသို့ ကြည့်သောအခါ ခေါင်မိုးတွင် ရွှေ များချထားသော သုံးထပ်ကျောင်းတစ်ခုနှင့် ထိုကျေင်းအနီးရှိ တရုတ်လယ် သမား အိမ်ကလေးတစ်လုံးကို တွေ့ရှိခဲ့သည်ဟုဆိုသည်။သို့ဖြင့် ၁၉၃၇ ခုနှစ်တွင် ဒလိုင်းလာမာလောင်းအားရှာဖွေရန် အရှေ့ဘက်ဆီသို့ အဖွဲ့များ စတင်ခရီးထွက်ကြလေသည်။ ထိုအဖွဲ့များသည် ၁၃ ဆက်မြောက် ဒလိုင်း လာမာမပျံလွန်မီ ကိုင်ဆောင်သုံးစွဲခဲ့သော အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သွားကြသည်။နောက်ဆုံး၌ နိမိတ်ပါအတိုင်း ရွှေရောင်များဖြင့် ဝင်းပြောင်လျက်ရှိသော သုံးထပ်ကျောင်းနှင့်အနီးရှိ တရုတ်လယ်သမား အိမ်ကလေးဆီသို့ ရောက်ရှိခဲ့ကြလေသည်။ ထိုအခါ ထုံးစံအတိုင်း အရာရှိကြီး များနှင့် နောက်လိုက်အစေခံများသည် တစ်ဦးနှင့်တစ်ဦး အဝတ်အစားချင်း လဲလှယ်ဝတ်ကြပြီးလျှင် တဲအိမ်ကလေးအတွင်းသို့ ဝင်ကြလေသည်။ အိမ်တွင်းမှ နှစ်နှစ်သားခန့် သူငယ်ကလေးသည်ထွက်လာပြီးလျှင် အစေခံ၏အဝတ်အစားကို ဝတ်ဆင်ထားသော သီရဘုန်းတော်ကြီးအားဆွဲကိုင်၍ သီရဘုန်းတော်ကြီး ဖြစ်ကြောင်း ပြောနိုင်သဖြင့် အဖွဲ့ဝင်များအား တအံ့တဩ ဖြစ်စေခဲ့သည်။ သို့ဖြင့် ဒလိုင်းလာမာလောင်းအစစ်အမှန်ကို တွေ့ရှိပြီဟုစိတ်ချယုံကြည်စွာဖြင့် ပြန်လာခဲ့ကြသည်။

ရက်အနည်းငယ်ခန့် ကြာသောအခါ တစ်ဖန်ပြန်၍ သွားရောက် တွေ့ဆုံကြပြန်လေသည်။ ထိုအကြိမ်တွင် ယခင်အခါကကဲ့သို့ ရုပ်ဖျက်ခြင်းမရှိဘဲ မိမိတို့၏ သက်ဆိုင်ရာ အဝတ်အစားများနှင့်ပင် သွားရောက်တွေ့ဆုံကြသည်။ ပထမတွင် ကလေးအား စိပ်ပုတီးလေးခု ပြသ၏။ ထိုအထဲမှကလေးသည် ၁၃ ဆက်မြောက် ဒလိုင်းလာမာ မပျံလွန်မီက ကိုင်သုံးခဲ့သော စိပ်ပုတီးအမှန်ကို ပြသနိုင်သည်ဟုဆိုသည်။ တစ်ဖန် ဗုံပေါင်းများစွာထဲမှ ယခင်ဘဝက အစေခံများအား ခေါ်ယူသည့်အခါ တီးလေ့ရှိသော ဗုံကို မှန်ကန်စွာ ရွေးချယ်ယူပြပြန်လေသည်။ နောက်ဆုံးတွင် ယခင်ဘဝက အသုံးပြုခဲ့သော တောင်ဝှေးဟောင်းကို အများထဲမှ ရွေးထုတ်ယူပြနိုင်ခဲ့သည်ဟု ဆိုလေသည်။ ထိုနောက်ကလေးငယ်၏ ကိုယ်ပေါ်တွင် ရှာဖွေကြည့်ရှုကြ သောအခါ ပါအပ်သော ကိုယ်အင်္ဂါ အချိုးအစားနှင့် အမှတ်အသားများပါရှိသည်ကို တွေ့ရှိကြ ရလေသည်။ သို့ဖြင့် ကလေးအား တိဗက်ပြည် လာဆာမြို့တော်ရှိ ပိုတာလာနန်းတော်သို့ ဒလိုင်းလာမာအဖြစ် ဆောင်ကြဉ်း သွားကြလေသည်။ သို့သော် ကလေးငယ်တွေ့ ရှိသောဒေသမှာတရုတ်နိုင်ငံပိုင်ဒေသဖြစ်ကြောင့် တောင်းဆိုသောတရုတ်ပြည်သုံး ဒေါ်လာတစ်သိန်း ပေးခဲ့ရလေသည်။

အသက်ငါးနှစ်မျှသာရှိသေးသော ဒလိုင်လာမာငယ်ကလေးကို ၁၉၃၉ ခုနှစ်တွင် လာဆာမြို့တော်သို့ခေါ်ဆောင်ကာ ၁၉၄ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ရင်ခွင်ပိုက်အဖွဲ့ဖြင့် အုပ်စိုးစေလျက် ၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၁၄ ဆက်မြောက် ဒလိုင်းလာမာအဖြစ်ဖြင့်လုံးဝ အာဏာလွှဲအပ်ပေးလိုက်လေသည်။ သို့သော် တိဗက်ပြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီးသည့်နောက်၁၉၅၉ ခုနှစ်တွင် ဒလိုင်းလာမာသည် အိန္ဒိယနိုင်ငံသို့ ပြေးဝင်ခိုလှုံခဲ့ရာ၊ ယခု (၁၉၇၁ ခုနှစ်) တိုင်အောင်ပင် နေထိုင်ဆဲဖြစ်သည်။ လာမာဘုန်းကြီးတို့မှာ ရဟန်းသဘောထက် ပယောဂဆရာ၊ မှော် ဆရာ၊ ယဇ်ဆရာသဘောပို၍ရှိ၏။ မိမိတို့သည်လောကကို စွန့်ခွာသောဘုရားလောင်းများဟု ဆိုကြသည်။ လူအဖြစ်နှင့် အိမ်ယာထောင်နေသူတို့ကိုကား ဘုရားလောင်းဟု မယူကြချေ။ သီလရှင်တို့မှာ လူမိန်းမတို့ထက် အတန်းမြင့် လှသည် မဟုတ်ချေ။

တိဗက်ပြည်၌ လူခြောက်ယောက် (ဝါ) ရှစ်ယောက်တွင် တစ် ယောက်မှာ လာမာဘုန်းကြီးဖြစ်၏။ လာမာတို့ ဝတ်ရုံသောသင်္ကန်းမှာ အဝါ သို့မဟုတ် အနီဖြစ်၏။ အဝါရောင်ကို တိုင်းပြည်က အသိအမှတ်ပြုသော ဒေါက်ချာဝါဂိုဏ်းကြီးကသာ ဝတ်ဆင်ရ၏။ အခြားဂိုဏ်းတို့က မဝတ်ဆင်ရချေ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)