ရွိုက်ဇာ၊ အယ်လဗတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒေါက်တာ အယ်လဗတ် ရွိုက်ဇာ

ရွိုက်ဇာ၊ အယ်လဗတ်(ခရစ် ၁၈၇၅-၁၉၆၅)[ပြင်​ဆင်​ရန်​]

ကျမ်းကြီး ကျမ်းခိုင်များကို ပြုစုရေးသားသူအား စာပေ ပညာရှင်ဟု ခေါ်ကြသည်။ တူရိယာဂီတစ်ဖက်၌ ကျွမ်းကျင် ပြောင်မြောက်သူကို ဂီတပညာရှင်ဟု ခေါ်ကြသည်။ ရောဂါ ဝေဒနာသည်များအား ဆေးဝါးကုသပေးသူကို သမားဟု ခေါ်ကြ သည်။ သာသနာပြန့်ပွားရေး ဆောင်ရွက်သူကို သာသနာပြုဟု ခေါ်ကြသည်။ သစ်ပင်ပန်းပင်အကြောင်း တတ်သိနားလည်သူကို ရုက္ခဗေဒ ပညာရှင်ဟု ခေါ်ကြသည်။ အဆောက်အအုံများ ဆောက်လုပ်ရေး၌ ကျွမ်းကျင်နားလည်သူကို ဗိသုကာဟု ခေါ် ကြသည်။သို့သော် အဆိုပါလုပ်ငန်းများကို လူတစ်ဦး တစ်ယောက်တည်းက အစုံ လုပ်ကိုင်ဆောင်ရွက်နေသောအခါ ထိုပုဂ္ဂိုလ်ကို အတတ်ပညာဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ ဂုဏ်ထူး ဝိသေသဖြင့် ခွဲခြားခေါ်ရန် ခဲယဉ်းနေသည့်အပြင် ဖော်ပြပါ လုပ်ငန်းများကိုလည်း တီးမိ ခေါက်မိရုံမျှသာမဟုတ်၊ ပေါက် မြောက်ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သူလည်း ဖြစ်ဘိ မူကား ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် လူအသိန်းအသန်း၌ပင် တစ်ယောက် ပေါ်ထွန်းနိုင်ခဲလှသည်။ ထို ရှာမှရှား ပုဂ္ဂိုလ်ထူး မျိုးထဲတွင် ဒေါက်တာအယ်လဗတ်ရွှိုက်ဇာသည် တစ်ဦး အပါ အဝင် ဖြစ်သည်။

ဒေါက်တာ အယ်လဗတ်ရွှိုက်ဇာသည် အထက်ဖော်ပြပါ လုပ်ငန်းများအပြင် တိရစ္ဆာန်ဆေးကုပညာ၊ သွားစိုက်ပညာ၊ ပုံဆွဲပညာ စသည်ဖြင့် တတ်မြောက်ကျွမ်းကျင်သည်။ ယင်းသို့ လုပ်ငန်းမျိုးစုံ၌ ကျွမ်းကျင် တတ်မြောက်အောင် လေ့လာ ဆည်းပူးထားခြင်းမှာ သူ၏ လူမှုအကျိုးပြုလုပ်ငန်းကြီး အကောင်အထည်ဖော်ရာ၌ အသုံးချရန် ဖြစ်လေသည်။ ထိုကြောင့် ဒေါက်တာရွှိုက်ဇာသည် မိမိတတ်မြောက် ကျွမ်းကျင်သော အတတ်ပညာများကို အသုံးချရာ၌ အများနှင့် မတူ၊ တစ်မူကွဲသည်။ ကျမ်းကြီး ကျမ်းခိုင်များကို ရေးသားပြုစု သဖြင့်၎င်း၊ ဥရောပနိုင်ငံများသို့ လှည့်၍ အော်ဂန်(ပြွန်စန္ဒရား) တီးပြသဖြင့်၎င်း၊ ဟောပြောပွဲများ ကျင်းပခြင်းဖြင့်၎င်း ငွေကြေး အများအပြား ရရှိသည်။ သို့သော် ထိုငွေများကို ဒေါက်တာ ရွှိုက်ဇာသည် မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် မသုံးချေ။ သူ၏ အတတ်ပညာများဖြင့် ကြိုးပမ်းတကုတ် ရှာ၍ရရှိသော ငွေများ သည် လူ့လောကတွ် ဓားမနောက်ပိတ်ခွေး ဖြစ်နေကြသော လူ အများ၏ကျန်းမာရေး၊ အသိဉာာဏ်ပွင့်လင်းရေး စသော ပရ ဟိတ လုပ်ငန်းမျိုးစုအတွက် ရန်ပုံငွေများ ဖြစ်သွားကြလေ သည်။ ထိုကြောင့် ဒေါက်တာရွှိုက်ဇာကို လူမှုဝန်ထမ်း စေတနာရှင် ပုဂ္ဂိုလ်ထူးကြီးဟု ခေါ်ဆိုကြလေသည်။ လူမှုရေး အလွန်နိမ့်ကျနေသူများအား ကိုယ်ကျိုးစီးပွား လုံးဝမဖက်ဘဲ ကရုဏာ၊ မေတ္တာ စေတနာသန့်သန့်ဖြင့် မိမိ၏ဘဝကို မြှုပ်နှံကာ လူမှုအကျိုးဆောင်လုပ်ငန်းကြီးကို ဆောင်ရွက်ခဲ့ သဖြင့် ဆောင်ရွက်ခဲ့သဖြင့် ၁၉၅၂ ခုနှစ် ငြိမ်းချမ်းရေးနိုဗဲဆု ကြီးကို ရရှိခဲ့သည်။ ထိုနိုဗဲဆုအတွက် ရရှိငွေ (မြန်မာငွေ တန်ဖိုးအားဖြင့် တစ်သိန်းကျော်)ကိုလည်း သူ၏ လူမှုလုပ်ငန်း အတွက်ပင် ရင်းနှီးမြှုပ်နှံလိုက်လေသည်။

ပုဂ္ဂိုလ်ထူး ဒေါက်တာရွှိုက်ဇာသည် ဂျာမန်လူမျိုးဖြစ်သည်။ ယခင်က ဂျာမန်ပိုင် ဖြစ်ခဲ့သော်လည်း ယခု ပြင်သစ်ပိုင် ဖြစ် သည့် အထက်အယ်လဆက်နယ်၊ ကိုင်ဇာဗတ်မြို့၌ ၁၈၇၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မွေးဖွားသည်။ မိဘဘိုးဘွားများ သည် လူသာဂိုဏ်းဝင် သာသနာ့ဝန်ထမ်းများ ဖြစ်သည်။ရွှိုက်ဇာ ကို မွေးဖွားပြီး၍ မကြာမီပင် မိဘများသည် ဂွန်းစဗတ်မြို့သို့ ရွှေ့ပြောင်းခဲ့ရာ ထိုမြို့သည် ရွှိုက်ဇာ၏ ဇာတိဌာနေ ဖြစ်ခဲ့ လေသည်။

ရွှိုက်ဇာသည် ရှစ်နှစ်သားအရွယ်ကပင် အော်ဂန်ကို ကောင်းစွာ တီးနိုင်၍ ၁၈၉၃ ခုနှစ်တွင် ပါရစ်မြို့သို့ သွား ရောက်ပြီးလျှင် အော်ဂန်ပါရဂူချားဗီဒေါ်ထံတွင် ကျနစွာ တပည့် ခံခဲ့သဖြင့် ကျော်ကြားသော အော်ဂန်ဝိဇ္ဇာတစ်ဦး ဖြစ်လာသည်။ အယ်လဗတ်ရွှိုက်ဇာသည် ပြင်သစ်တက္ကသိုလ်၌ ၎င်း၊ ဂျာမန် တက္ကသိုလ်၌၎င်း ပညာဆည်းပူးခဲ့သည်။အဓိကထား၍ သင်ကြား ဆည်းပူးခဲ့သောဘာသာရပ်တို့မှာ ဒဿနိကဗေဒနှင့် ကိုးကွယ်မှု ဘာသာဆိုင်ရာ ဗြဟဒေဝဗေဒတို့ ဖြစ်၍ ယင်းဘာသာရပ်တို့၌ လည်း ပေါက်မြောက်ထူးချွန်သည်။ ၁၉ဝဝ ပြည့်နှစ်တွင် ဗြဟ ဒေဝဗေဒအတွက် ပါရဂူဘွဲ့ကို စထရက်ဇဗူး တက္ကသိုလ် (ပြင်သစ်)မှ ရရှိခဲ့သည်။ ထိုပါရဂူဘွဲ့အတွက် ဆည်းပူးနေစဉ် စထရက်ဇဗူးမြို့၊ စိန်နစ်ကိုလတ် ဘုရားရှိခိုးကျောင်း၏ ဓမ္မ ဆရာအဖြစ် ဆောင်ရွက်ခဲ့၍ ပါရဂူဘွဲ့ရပြီးနောက်တွင် စထရက် ဇဗူး တက္ကသိုလ် ဘာသာရေးကောလိပ်၏ ကျောင်းအုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။

ဒေါက်တာ ရွှိုက်ဇာသည် ဒဿနိကဗေဒနှင့် ဗြဟဒေဝ ဗေဒတို့ကို စူးစူးစိုက်စိုက် လေ့လာသကဲ့သို့ ဂီတကိုလည်း စွဲစွဲမြဲမြဲ ဝါသနာထုံသည်။ ထိုကြောင့် ကိုးကွယ်မှုဆိုင်ရာ အကြောင်းရပ်တို့ကို သုတေသန ပြုသကဲ့သို့ ဂီတလောက ဆိုင်ရာ၌လည်း စူးစမ်းလေ့လာမှု ပြုခဲ့သည်။ ၁၉ဝ၅ ခုနှစ်တွင် ဂျာမန်ဂီတပညာရှင်ကြီး ဗာခ်၏ အတ္ထုပ္ပတ္တိကို ရေးသားပြုစု ထုတ်ဝေခဲ့ရာ ဂီတလောကနှင့် စပ်လျဉ်းသော ကျမ်းကြီး ကျမ်းခိုင်တစ်အုပ် ဖြစ်ခဲ့သည်။ ရွှိုက်ဇာသည် ကိုးကွယ်မှုနှင့် စပ်လျဉ်း၍ မိရိုးဖလာ ယုံကြည်ကိုးကွယ်မှုအတိုင်း လက်ခံသည် မဟုတ်ချေ။ စူးစမ်းမှု၊ ဝေဖန်ပိုင်းခြားမှုတို့ကို ပြုခဲ့သည်။ ထို့ ကြောင့် သခင်ယေရှုအကြောင်း စူးစမ်းလေ့လာချက်စာအုပ် ကို ဗာခ်အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေပြီးနောက်တွင် ထုတ်ဝေခဲ့ရာ ကမ္ဘာက ရွှိုက်ဇာအား အလေးထား ဂရုပြုခြင်းကို ပထမဆုံး ခံယူခဲ့ရသည်။

ထိုအချိန်တွင် ရွှိုက်ဇာသည် ပညာအခြေခံ၌ ထိပ်တန်း အဆင့်တွင် ရှိ၍ မိမိ၏ ဘဝရှေ့ရေးအတွက် မတောင့်မတ မကြောင့်မကျရသော အခြေအနေဖြင့် နေနိုင်ပေပြီ။ သို့သော် ရွှိုက်ဇာသည် မိမိ၏အရေးထက် လူနေမှုအဆင့်အတန်း အလွန် နိမ့်ကျနေသေးသူတို့အတွက် လူမှုရေးကိစ္စများကို စေတနာ့ ဝန်ထမ်း ဆောင်ရွက်ပေးရန် ပို၍ အလေးပေး အရေးထားခဲ့ သည်။ ထိုကြောင့် လူမှုဝန်ထမ်းလုပ်ငန်းများကို ဆောင်ရွက်ရင်း မိမိ ဘဝကို မြှုပ်နှံရန် စိတ်ပိုင်းဖြတ်လိုက်လေသည်။

လူမှုဝန်ထမ်းလုပ်ငန်းကို ဆောင်ရွက်ပေးရန် အရေး၌ ဥရောပတိုက်ရှိ မျိုးတူ နွယ်တူများအတွက် ရွှိုက်ဇာ မစဉ်းစားခဲ့ ပေ။ အကြောင်းမူ ဥရောပတိုက်သားတို့ကား လူနေမှုအဆင့် အတန်း၌ ခေတ်နှင့်အမီ လိုက်လျက်ရှိကြသည်။ ဥရောပတိုက် နှင့် ပင်လယ်တစ်ခုသာ ခြားလျက်ရှိသော အာဖရိကတိုက်၏ အလယ်ပိုင်း အီကွေတာသစ်တောကြီးများဒေသရှိ တိုင်းရင်း သားလူမျိုးများ၏ဘဝအခြေအနေကား ကမ္ဘာတွင် အောက်တန်း အကျဆုံး ရှိနေခဲ့သည်။ ဓားမနောက်ပိတ်ခွေး ဖြစ်နေသူတို့၏ ကျန်းမာရေးအသိဉာာဏ် ပွင့်လင်း ရေးတို့အတွက် မိမိ၏ဘဝကို မြှုပ်နှံ၍ ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်လိုက်ပြီးလျှင် ရွှိုက်ဇာ သည် မိမိ၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်သမျှတို့နှင့် တတ်နိုင်သမျှ ပြည့်စုံလေအောင် ပြင်ဆင် မှုများ ပြုလေတော့သည်။

ထိုကြောင့် အသက် ၃ဝ အရွယ် ပါရဂူဘွဲ့ကို ရရှိပြီးမှပင် အလုပ်မှ နုတ်ထွက်၍ ပရဟိတလုပ်ငန်း ဆောင်ရွက်ရေး အတွက် ဆေးပညာဘွဲ့ ရရှိရန် ၁၉ဝ၅ ခုနှစ်တွင် စထရက်ဇဗူး တက္ကသိုလ်၌ ဆေးပညာကို ပြန်လည်ဆည်းပူးသည်။ ထို အတောအတွင်း သူမတူသော ဇွဲလုံ့လတို့ဖြင့် ကျမ်းကြီးကျမ်းခိုင် တို့ကို ပြုစုခဲ့လေသည်။ ၁၉၁၁ ခုနှစ်၌ ဆေးပညာဘွဲ့ကို ရရှိပြီး နောက်တွင် အာဖရိကတိုက်၌ မိမိ၏ ပရဟိတလုပ်ငန်းကြီး အကောင်အထည်ဖော်ရမည့် အရပ်ဒေသကို စုံစမ်းရှာဖွေရခြင်း၊ လိုအပ်သောပစ္စည်းများ စုဆောင်းရခြင်းတို့ဖြင့် နှစ်နှစ်မျှ အချိန် ကုန်လွန်ခဲ့ရသည်။ အာဖရိက၌ မိမိလုပ်ငန်း အကောင်အထည် ဖော်ရမည့် အရပ်ဒေသအတွက် ပါရစ်မြို့တွင် ဌာနချုပ်ရှိသော ပါရစ်သာသနာပြုအသင်းနှင့် ဆက်သွယ်ရသည်။ ထိုအသင်း၏ အဖွဲ့တစ်ဖွဲ့သည် အာဖရိကတိုက်၏တောကြီးမျက်မည်း အလယ် ရှိ၍ ထိုအဖွဲ့အတွက် ဆရာဝန်တစ်ဦး လိုနေသည်။ ရွှိုက်ဇာ သည် လမ်ဗာရေးနေးသို့ ဆရာဝန်အဖြစ် မိမိစရိတ်ဖြင့် သွားလို ကြောင်း လျှောက်လွှာတင်သည်။ သို့သော် အသင်းဌာနချုပ် သည် ရွှိုက်ဇာကဲ့သို့ ခရစ်ယန်သာသနာရေးတွင် အမြင်တစ်မျိုး ရှိနေသူ တစ်ဦးအား လက်ခံစေလွှတ်ရန် ရွံ့နေကြသည်။ ကန့် ကွက်သူများကလည်း ကန့်ကွက်ကြသည်။ နောက်ဆုံးတွင် ရွှိုက်ဇာ၏ ထက်သန်သော စေတနာကို၎င်း၊ သူ့စရိတ်နှင့်သူ ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များကို၎င်း ဌာနချုပ်က ကျေနပ် သဖြင့် ရွှိုက်ဇာကို လက်ခံလိုက်ကြသည်။ ယင်းသို့ဖြင့် ဘွဲ့ထူး၊ ဂုဏ်ထူး၊ ရာထူးဂုဏ်သိရ်တို့ဖြင့် ပြည့်စုံသူ ပညာတတ် လူတန်းစားတို့ မွေ့လျော်သော သိမ်မွေ့နူးညံ့သည့် ဘဝလမ်းခရီး ကို ကျောခိုင်း၍ ကြမ်းတမ်းခက်ထရော်သော ဘဝလမ်းခရီးကို စတင်ရန် ၁၉၁၃ ခုနှစ်တွင် ရွှိုက်ဇာသည် အာဖရိကတိုက် ဂဗွန်ပြည်နယ်၊ လမ်ဗာရေးနေးရွာသို့ ခရီးထွက်ခဲ့လေသည်။ ရွှိုက်ဇာသည် အာဖရိကတိုက်သို့ ထွက်ခွာခဲ့ရာ၌ သူ တစ်ဦးတည်း မဟုတ်ပေ။ သူ၏ပါရမီကို ကူညီဖြည့်တင်းရန် ဟယ်လင်ဗရက်စလောသည် ဖဝါးထက်ချပ် လိုက်ပါလာသည်။ ဟင်လင်ဗရက်စတောသည် စထရက် ဇဗူးတက္ကသိုလ်မှ သမိုင်း သုတေသီတစ်ဦး၏ သမီး ဖြစ်သည်။ ဟယ်လင်ဗရက်စလော ကိုယ်တိုင်သည်လည်း ပညာရှင်တစ်ဦး ဖြစ်လင့်ကစား ရွှိုက်ဇာ ၏ ပရဟိတလုပ်ငန်းကြီးတွင် အကူအညီပေးနိုင်ရန် ရွှိုက်ဇာက ဆေးဝါးကုသရေးနှင့် ခွဲစိတ်ပညာတို့ကို ဆည်းပူးနေစဉ် ဟယ် လင်ဗရက်စလောသည် သူနာပြုအတတ်ကို သင်ကြားဆည်းပူးခဲ့ သည်။ရွှိုက်ဇာနှင့် ဟယ်လင်ဗရက်စလောတို့သည် ၁၉၁၂ ခုနှစ် တွင် လက်ထပ်ခဲ့ကြသည်။

ရွှိုက်ဇာတို့ ဇနီးမောင်နှံသည် အာဖရိကတိုက် ဂဗွန်ပြည် နယ်၏ တောကြီးမျက်မည်းအလယ်၊ အိုဂိုဝီမြစ် ကြောပေါ်ရှိ လမ်ဗာရေးနေးရွာသို့ ထွက်ခွာလာခဲ့ကြစဉ်က သူတို့၏ ရည်မှန်း ချက်လုပ်ငန်းကို စတင်ရန်အတွက် ဂျာမန်မတ်ဒင်္ဂါး နှစ်ထောင် ပါလာ၍ ဆေးခန်းတစ်ခု တည်ထောင်ရန်အတွက် လိုအပ်သော ဆေးဝါးများ၊ ကရိယာတန်ဆာပလာများနှင့် ပစ္စည်းအသုံး အဆောင်အချို့ကို သူတို့ဘာသာ ဝယ်ယူစုဆောင်းထားသည် များလည်း ပါသည်။ စေတနာရှင် မိတ်ဆွေအပေါင်းအသင်း များက ပေးကမ်းလှူဒါန်းလိုက်သည်များလည်း ပါသည်။ ရွှိုက်ဇာတို့ ဇနီးမောင်နှံသည် ဥရောပတွင် ရှိစဉ်က အနေ အထိုင် ပတ်ဝန်းကျင်မျိုးနှင့် အစစအရာရာ ကွာခြားလှ၍ ဥရောပတိုက်သားများအတွက် ပစ္စန္တရစ်ကဲ့သို့သော အရပ်မျိုး၌ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်လျက် သာသနာပြုအသင်းက ကြက်မွေးရန် ဆောက်ထားသော အိမ်ကလေးတွင် အခမဲ့ ဆေးဝါးကုသ ပေးသော ဆေးခန်းတစ်ခုကို ဖွင့်လှစ်၍ မိမိတို့၏ လုပ်ငန်းကို စတင်အကောင်အထည်ဖော်ခဲ့လေသည်။ ရွှိုက်ဇာတို့ ဇနီးမောင်နှံသည် ဖြူစင်သန့်ရှင်းသောစေတနာ ဖြင့် အခမဲ့ ဆေးဝါးကုသပေးခဲ့ရာ တိုင်းရင်းသားတို့သည် ရွှိုက်ဇာတို့အား ခင်မင်ရင်းနှီးလာကြ၍ ယုံကြည်စိတ်ချစွာ ဆက်ဆံလာကြသည်။ ထိုကြောင့် ဒေါက်တာ ရွှိုက်ဇာဖြစ်သလို ဆောက်ထားသော ဆေးခန်းသို့ မိုင် ၂ဝဝ ကျော်ခရီးမှပင် လူနာများလာရောက်၍ ဆေးဝါးကုသမှု ခံယူကြသည်။ ဒေါက်တာရွှိုက်ဇာကိုယ်တိုင်ကလည်း ဆေးခန်းတွင်သာ ဆေးကုသပေး သည်မဟုတ်။ လမ်ဗာရေးနေးနှင့် မိုင်ပေါင်း များစွာ ဝေးကွာသောဒေသများသို့လည်း ဆေးအိတ်ဆွဲကာ လှေဖြင့် တစ်လှည့်၊ ခြေကျင်ဖြင့်တစ်ခါ လှည့်လည်၍ ဆေး ကုသပေးခဲ့ရသည်။ ဒေါက်တာရွှိုက်ဇာ ဇနီးမောင်နှံတို့ ကုသ ပေးရသော ရောဂါတို့ကား ဆင်ခြေထောက်ရောဂါ၊ အိပ်မဝ ရောဂါ၊ ကုဋ္ဌနူနာရောဂါနှင့် ငှက်ဖျား စသော အပူပိုင်းဒေသ ရောဂါအမျိုးမျိုးတို့ ဖြစ်ကြသည်။

ဒေါက်တာရွှိုက်ဇာသည် တိုင်းရင်းသားတို့အား တစ်ဖက် တွင် ဆေးဝါးကုသပေးလျက် တစ်ဖက်တွင် ယင်းတို့၏စာရိတ္တ မဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ပေးသည်။ ဒေါက်တာ ရွှိုက်ဇာ အဓိကထားသောဝါဒကား အသက်ရှင်မှု အလေး အမြတ်ပြုဟူ၍တည်း။

လူမှုဝန်ထမ်း ဆရာဝန်ကြီးသည် အလွန် အလုပ်လုပ်နိုင် သူလည်း ဖြစ်သည်။ တစ်ဖက်တွင် ဆေးကုလုပ်ငန်းတို့ကို ကိုယ်ဖိရင်ဖိ ဆောင်ရွက်သကဲ့သို့ ဆေးရုံအဆောက်အအုံ တိုးချဲ့ဆောက်လုပ်ရေးကိုလည်း တိုင်းရင်းသားတို့၏ အကူ အညီဖြင့် ကိုယ်ထိလက်ရောက် ဆောင်ရွက်သည်။ ယင်းသို့ အလုပ်တာဝန် များပြားလှသည့် အကြားမှပင် ကမ္ဘာ့လူနေမှု တိုးတက်ပုံ၊ ယဉ်ကျေးမှုသမိုင်း စသည်တို့ကို ကျမ်းတစ်စောင် ပေတစ်ဖွဲ့အဖြစ် ပြုစုရန် သုတေသနပြုလျက်ရှိသည်။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်လာ၍ ဇနီးမောင်နှံ နှစ်ဦး စလုံး ပြင်သစ်အစိုးရ၏ သုံ့ပန်းအဖြစ် ပြင်သစ်နိုင်ငံ ရရောဗန်း နယ် သုံ့ပန်းစခန်း၌ သွား၍နေရသောအခါ ဆိုခဲ့သော သုတေ သန ပြုမှုကို ဒေါက်တာရွှိုက်ဇာသည် ပို၍ ဆောင်ရွက်နိုင်ခဲ့ သည်။ သုံ့ပန်းစခန်းသို့ ရောက်ပြီး၍ အတန်ကြာလျှင် ဒေါက်တာရွှိုက်ဇာသည် အာဏာပိုင်တို့၏ ခွင့်ပြုချက်အရ ဘဝတူများကို ဆေးဝါး ကုသပေးခဲ့သည်။

၁၉၁၈ ခုနှစ်တွင် ဇနီးမောင်နှံ နှစ်ဦးသည် သုံ့ပန်းဘဝမှ လွတ်မြောက်ခဲ့သော်လည်း ကျန်းမာရေး ချွတ်ယွင်းခဲ့သဖြင့် အနားယူနေခဲ့ရသည်။ ဒေါက်တာရွှိုက်ဇာသည် ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာလျှင် ဂရိတ် ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန်၊ စကင်ဒီနေးဗီးယားနိုင်ငံတို့သို့ သွားရောက်၍ အော်ဂန်တီးခြင်း၊ ဟောပွဲများ ပြုထားခဲ့သော အကြောင်းရပ် တို့ကို စာအုပ်များအဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ယင်းသို့ဖြင့် ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ် စသည်တို့နှင့် စပ်လျဉ်းသော ကမ္ဘာ ကျော် စာအုပ်ကြီးများသည် ၁၉၂၃ ခုနှစ်တွင် ပေါ်ထွက်ခဲ့လေ သည်။ ထိုအခါ သုံ့ပန်းဘဝက စတင်ခဲ့သော ကြွေးမြီများလည်း ကြေလည်၍ အာဖရိကတိုက်ရှိ ဆေးရုံနှင့် ပရဟိတလုပ်ငန်း များကို ပြန်လည်ထူထောင်ရန် ငွေကြေးအတော်အတန် စုဆောင်းမိပြီး ဖြစ်သဖြင့် လမ်ဗာရေးနေးသို့ ပြန်ခဲ့ပြန်လေ သည်။ ဤတစ်ကြိမ်တွင် ကျန်းမာရေး မတောင့်တင်းလှသော ဇနီးသည်နှင့် သမီးငယ်တို့ကို ဥရောပတိုက်၌ပင် ထားရစ်ခဲ့ လေသည်။

လမ်ဗာရေးနေး ဆေးရုံသည် အတော်ပင် ပျက်စီးယိုယွင်း နေသဖြင့် ရွှိုက်ဇာသည် အစမှပင် ပြန်၍ ထူထောင်ရသည်။ ရောဂါဝေဒနာရှင်တို့ကို ဆေးကုရင်းပင် ဆေးရုံကို ပြန်၍ ထူထောင်ရသည်။ ကုဋ္ဌနူနာ ရောဂါသည်များအတွက် ဆေး ကုဌာန တစ်ခုကိုလည်း သပ်သပ်ဖွင့်လှစ်သည်။ ဆေးရုံလုပ်ငန်း များ အခြေတကျ ရှိပြန်လျှင် မိမိ၏လုပ်ငန်းများ အရှိန်မပျက် စေရန် လိုအပ်သော စရိတ်ကြေးငွေအတွက် ဥရောပသို့ ပြန်၍ ငွေရှာရပြန်သည်။ ရွှိုက်ဇာသည် အာဖရိကနှင့် ဥရောပကို ကူးချည်သန်းချည် ပြုနေရသည်။ အော်ဂန် တီး၍၎င်း၊ ဟော ပြောပွဲများ ကျင်းပ၍၎င်း၊ စာအုပ်စာတမ်းများမှ ရရှိသော ရွိုင်ယယ်တီများဖြင့်၎င်း ဆေးရုံအတွက် ရန်ပုံငွေစုသည်။ ထို့ပြင် ရွှိုင်ဇာ၏ လုပ်ငန်းကို သိမြင်ကြသူ စေတနာရှင်များ ကလည်း အလှူငွေနှင့် ဆေးဝါးပစ္စည်းများကို ထည့်ဝင်လှူဒါန်း ကြသည်။ ဤသို့ဖြင့် ရွှိုင်ဇာ၏လုပ်ငန်းကို ကမ္ဘာက သိလာကြ ၍ အကူအညီပေးလာကြသဖြင့် လမ်ဗာရေးနေး ဆေးရုံသည် လည်း အခြေခိုင်ခိုင် စိုက်မိခဲ့လေသည်၊ လူနာများလည်း များပြားလာသဖြင့် ဥရောပတိုက်သား ဆရာဝန်များ၊ သူနာပြု များကလည်း ရွှိုင်ဇာ၏ဆေးရုံတွင် လာရောက်ကူညီ ဆောင် ရွက်ပေးကြသည်။ အချို့သည် နှစ်ကာလကြာမြင့်စွာ ရွှိုင်ဇာနှင့် အတူ ဒိုးတူပေါင်ဖက် ဆောင်ရွက်ပေးကြသည်။ ရွှိုင်ဇာ၏ ကိုယ်ကျိုးမငဲ့ ကြိုးပမ်းဆောင်ရွက်မှုတို့ကို ချီးကျူးသောအားဖြင့် ၁၉၂၅ ခုနှစ်တွင် ချက်ကိုစလိုဗားကီးယားနိုင်ငံ ပရာဟ တက္ကသိုလ်က ရွှိုင်ဇာအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်း လေသည်။ ၁၉၂၈ ခုနှစ်တွင် ဂျာမနီနိုင်ငံက စာရေးဆရာကြီး ဂါတာ၏ ဆုကို ရွှိုင်ဇာအား ချီးမြှင့်လေသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ရွှိုက်ဇာသည် လမ်ဗာ ရေးနေးဆေးရုံမှ မခွာဘဲ နေခဲ့သည်။ စစ်ကာလအတွင်း အခက် အခဲများစွာ တွေ့ခဲ့ရသော်လည်း အမေရိကန်မှ မိတ်ဆွေများ၏ အကူအညီဖြင့် ဆေးဝါးပစ္စည်းများကို ရရှိခဲ့သောကြောင့် လမ်ဗာရေးနေးဆေးရုံကို အရှိန်မပျက် ဆက်လက် ဖွင့်ထား နိုင်ခဲ့သည်။ထိုကြောင့်ထိုကျေးဇူးကို ထောက်ထား၍တစ်ကြောင်း၊ လမ်ဗာရေးနေးဆေးရုံအတွက် ရန်ပုံငွေ (မြန်မာငွေ သုံးသောင်း ကျော်ခန့်)ထည့်ဝင်မည်ဟု ကတိပြုသည်က တစ်ကြောင်းကြောင့် ၁၉၄၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒိုး ပြည်နယ်၊ အက်စပင်မြို့၌ ကျင်းပသော ဂျာမနီဂီတပညာရှင် ဂါတာ ကွယ်လွန်သည့် အနှစ် ၂ဝဝ ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်စဉ် ရှီကာဂိုးတက္ကသိုလ်က ဒေါက်တာရွှိုင်ဇာအား ဥပဒေပါရဂူ ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်လေသည်။

ရွှိုင်ဇာသည် လမ်ဗာရေးနေး ဆေးရုံကို တဖြည်းဖြည်း တိုးချဲ့ခဲ့ရာ ဆေးရုံပရဝုဏ်အတွင်း၌ အဆောက်အအုံ ၄၅ ခုမျှ ရှိသည်။ ဆေးရုံနှင့် ပတ်ဝန်းကျင်တွင် စားနပ်ရိက္ခာ ဖူလုံရေး အတွက် ၁၅ ဧက ကျယ်ဝန်းသော စိုက်ပျိုးခင်းကို စိုက်ပျိုး ထားသည်။ ဒေါက်တာရွှိုင်ဇာ၏ ဆေးရုံသို့ နှစ်စဉ် ပျမ်းမျှ လူနာ ၅ဝဝဝဝ ကျော်ခန့် လာရောက်ကြ၍ လူနာ ၈ဝဝ ခန့် ကို ခွဲစိတ်ကုသပေးရသည်။ ရောဂါသည်များသည် ဝေးလံသော အရပ်ဒေသမှလည်း လာရောက်ကြရာ လူနာတစ်ဦး ရောက်လာ လျှင် သူ့အိမ်သူအိမ်သား ဥသေးဥမွှားမကျန် ပါလာတတ်သည်။ ထိုသူတို့ကို ဆေးရုံဝင်းအတွင်း၌ နေရာပေးထားရသည်။ သို့ မဟုတ်လျှင် လူနာသည် ရောဂါမပျောက်မီ အိမ်ပြန်ပြေးတတ် သည်။ လူနာနှင့် ပါလာသူများအား လူနာကို ချက်ပြုတ် ကျွေး မွေးခြင်း စသော ဝေယျာဝစ္စများ ပြုစေသည့်ပြင် အဝတ်လျှော် ခြင်း၊ ထင်းခွဲခြင်း စသော ဆေးရုံ၏ ဝေယျာဝစ္စများကိုလည်း ကူညီလုပ်ကိုင်စေသည်။ ထိုကြောင့် လမ်ဗာရေးနေးဆေးရုံဝင်း သည် ဆေးရုံဝင်းနှင့်မတူ၊ တိုင်းရင်းသားကျေးရွာ ဇနပုဒ်ကလေး တစ်ခုကဲ့သို့ ရှိတော့သည်။

ရွှိုင်ဇာ၏ မွန်မြတ်သန့်စင်သော စေတနာလုပ်ငန်းကို သန်းပေါင်းများစွာသော ကမ္ဘာသူကမ္ဘာသားတို့က အားပေး ချီးကျူးနေကြစဉ် ဝေဖန်သူ အပြစ်တင်သူများလည်း ရှိခဲ့သည်။ ဝေဖန်သူများ၏ အပြစ်ဆိုချက်များထဲတွင် အထက်တွင် ဖော်ပြ ခဲ့သည့်အတိုင်း လမ်ဗာရေးနေးဆေးရုံကို ဆေးရုံနှင့်တူအောင် မထားဘဲ ကျေးရွာတစ်ခုကဲ့သို့ ဖန်တီးထားမှုလည်း ပါဝင်သည်။ ရွှိုင်ဇာသည် တိုင်းရင်းသားတို့၏ ဓလေ့စရိုက်ကို ကြည့်၍ ယင်းတို့၏ စရိုက်နှင့်အညီ တိုင်းရင်းသားတို့ လက်လှမ်းမှီသော အခြေအနေမျိုးဖြစ်စေရန် တတ်နိုင်သမျှ ဆောင်ရွက်ထားခြင်း ဖြစ်သည်။အထပ်ပေါင်းများစွာရှိသော ခေတ်မီဆေးရုံကြီး တစ်ခု သည် တိုင်းရင်းသားတို့အား ဆေးဝါးကုသရန် လာရောက်ရေး ကို မဆွဲဆောင်နိုင်သည်သာမက ဆေးရုံ၏ အရှိန်အဝါသည် တိုင်းရင်းသားတို့အား ဆေးရုံနား မကပ်ဝံ့အောင်ပင် ပြုနိုင်မည် ကို ဒေါက်တာရွှိုင်ဇာ နားလည်ပေသည်။ ထိုကြောင့် လမ်ဗာ ရေးနေး ဆေးရုံဝင်းရှိ အဆောက်အအုံတို့သည် အရှိန်အဝါ ကောင်းသည့် အဆောက်အအုံများ မဟုတ်ပေ။ အရေးပေါ် ခွဲစိတ်ကုသမှုများကို ပြုနိုင်ရန်သာ ခွဲစိတ်ခန်းအတွက် လျှပ်စစ်ဓာတ်မီး တပ်ဆင်ထား၍ ဆေးဝါးကုသမှု၊ ခွဲစိတ်ကုသ မှုတို့၌ ဒေါက်တာရွှိုင်ဇာသည် ခေတ်မီလွန်းသော စံနစ်များကို တတ်နိုင်သမျှ ရှောင်၍ သမရိုးကျ စံနစ်များကို အသုံးများ သည်။ တိုင်းရင်းသားများအား ဇိကုတ်၍ နတ်ပြည်မတင်ဘဲ ဖြည်းဖြည်း မှန်မှန် ပြုပြင်မှုကို ဆောင်ရွက်ပေးရာ အချို့ဝေဖန် ရေးဆရာတို့က ကိုလိုနီစံနစ်၏ အငွေ့အသက်ကို ဆက်လက် လက်ခံကျင့်သုံးသည်ဟု ဆိုကြသည်။ မည်သို့ဆိုကြစေကာမူ ရွှိုင်ဇာသည် ဆေးကုသပေးရင်းပင် တိုင်းရင်းသားတို့၏ အသိ ဉာာဏ် ပွင့်လင်းရေးအတွက် ပညာပေးလျက်ရှိရာ ပုံစံအားဖြင့် ဆိုရလျှင် ယခင်က အမွှာပူးကလေးများကို နိမိတ်မကောင်းဟု သတ်ပစ်လေ့ရှိသော်လည်း ယခုအခါ အမွှာပူးကလေးရှင် မိဘ များသည် အမွှာပူးများကို ကြင်နာစွာ စောင့်ရှောက်ကျွေးမွေး လျက် ရှိကြလေပြီ။

ရွှိုင်ဇာ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အာဖရိကတိုက် အလယ်ပိုင်းတွင် ကုဋ္ဌနူနာရောဂါ ပြန့်ပွားခြင်းသည် ရပ်တံ့ သွားခဲ့သည်။ သူ၏စေတနာ မေတ္တာ ကရုဏာတို့သည် မိုးသီး မိုးပေါက်ကဲ့သို့ သန့်ရှင်းစင်ကြယ်လေသဖြင့် ဒေါက်တာရွှိုင်ဇာ ၏ ကုသမှုကို ခံယူရသော တိုင်းရင်းသား ရောဂါဝေဒနာသည် အများစုတို့သည် နတ်ဆေးကို စားသုံးရသည့်နှယ် ရောဂါ ကင်းရှင်း ပျောက်ကင်းချမ်းသာကြရသောကြောင့် တိုင်းရင်း သားတို့က ကြည်ညိုလေးစား ဂုဏ်ပြုသောအားဖြင့် လူဖြူ ကဝေဆရာကြီးဟု ဒေါက်တာရွှိုင်ဇာအား ခေါ်ဝေါ်ကြလေ သည်။ ဒေါက်တာရွှိုင်ဇာအား ကြည်ညိုလေးစားသူ အများကမူ သူတော်စင်တစ်ပါးဟု ယူဆကြလေသည်။

အများက ထင်သကဲ့သို့ ရွှိုင်ဇာ၏ ရည်မှန်ချက်သည် ဓားမနောက်ပိတ်ခွေး ဖြစ်နေသူများအား ကျန်းမာ ရေးဖြင့် ပြည့်စုံအောင် ပြုစုရေးတစ်ခုတည်းကိုသာ အဓိကထားသည် မဟုတ်ချေ။ နိုင်ငံရေးအတွက်လည်း ရွှိုင်ဇာက ဂရုမစိုက်ချေ။ တိုင်းရင်းသားတို့၏ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးကို ဆောင်ရွက် ပေးရေးသည် ရွှိုင်ဇာ၏ အဓိကရည်မှန်းချက်တစ်ရပ် ဖြစ်သည်။ ရွှိုင်ဇာ ပြောလေ့ရှိသော လက်သုံးစကားမှာ ဘုရားသခင်နှင့် နီးစပ်လိုလျှင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဗြဟ္မစိုရ်ရတရား လေးပါးကို လက်ကိုင်ပြု၍ လူသား အချင်းချင်း ဆက်ဆံရေးဖြစ်ပေရာ သူ၏စကားနှင့်အညီလည်း ကိုယ်တိုင် လိုက်နာဆောင်ရွက်ခဲ့သည်။

ရွှိုင်ဇာ၏ ဆေးရုံသည် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် အရှိန်တငြီးငြီး တောက်လောင်ပူပြင်းနေသော သဲကန္တာရကြီးနှင့် တူသည့် ကမ္ဘာကြီးအလယ်၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား တို့ဖြင့် ပြည့်လျှမ်းသော စမ်းရေအိုင်ကလေးသဖွယ် ဖြစ်ပေ သည်။ ထိုကြောင့် ကမ္ဘာ့နိုင်ငံကြီးများက ရွှိုင်ဇာ၏ မွန်မြတ် သော လုပ်ငန်းကို အားပေးချီးမြှင့်လျက် ရှိကြ၍ ဘုရင် သမ္မတ စသော နိုင်ငံထိိပ်သီးခေါင်းဆောင်ကြီးများကပင် ရွှိုင်ဇာအား ကြည်ညိုလေးစားစွာ ဆက်ဆံကြသည်။ အလွန်များပြားလှသော တာဝန်ဝတ္တရားများကို အသက် ရှစ်ဆယ်ကျော်၍ ကိုးဆယ်ပိုင်း သို့ ချဉ်းကပ်လာသည့်တိုင်အောင် ဖျတ်လတ်သွက်လက်စွာဖြင့် စီမံဆောက်ရွက်နိုင်သော ဒေါက်တာရွှိုင်ဇာ၏ ကိုယ်လက်ကြံ့ ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့သည် ချီးကျူးဖွယ်ရာ ဖြစ်သည်။ ရှစ်ဆယ်ကျော်ပိုင်းသို့ ရောက်လာသည်မှစ၍ ဒေါက်တာရွှိုင်ဇာ သည် ခွဲစိတ်ကုသမှုတို့ကို ကိုယ်တိုင် မဆောင်ရွက်တော့ဘဲ စီမံခန့်ခွဲမှုပိုင်းကို ပို၍ အလေးပေး ဆောင်ရွက်ခဲ့သည်။ တောင့် တင်းကြံ့ခိုင်သော ကိုယ်နေဟန့်ထား သိမ်မွေ့နူးညံ့လှသော်လည်း စူးရှထက်မြက်သော မျက်နှာအမူအရာတို့သည် ဒေါက်တာရွှိုင်ဇာ အား တွေ့မြင်ရသူများအဖို့ ကြည်ညိုလေးစား စိတ်နှင့်အတူ ချစ်ခင်အားကိုးစိတ်တို့ပါ ပေါ်ပေါက်စေနိုင်သည်။ ဒေါက်တာ ရွှိုင်ဇာသည် မိမိ၏ရည်မှန်းချက်၏ အောင်မြင်သောအသီးအပွင့် များကို ကျေနပ်စွာ ကြည့်ရင်း လမ်ဗာရေးနေးဆေးရုံကို အရှိန် ကောင်းကောင်းဖြင့် ပြုစုပျိုးထောင်လျက်ကပင် အသက် ၉ဝ ပြည့်ပြီးနောက် ကိုးလခန့်အလွန်တွင် ၁၉၆၅ ခုနှစ် စက်တင် ဘာလ လေးရက်နေ့၌ သူ၏စိတ်ဆန္ဒအတိုင်းပင် လမ်ဗာရေးနေး တောတွင်းဆေးရုံဝင်းရှိ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ် လွန်သည်။ ဇနီးသည် ဟယ်လင်ရွှိုင်ဇာသည် ၁၉၅၇ ခုနှစ်၌ ဥရောပတွင် ကွယ်လွန်ခဲ့၍ ဇနီးသည်၏ အရိုးပြာကို လမ်ဗာ ရေးနေးနေအိမ်နှင့် မနီးမဝေးတွင် မြှုပ်နှံထားခဲ့ရာ ထိုနေရာနှင့် ယှဉ်လျက် ဒေါက်တာရွှိုင်ဇာကို မြှုပ်နှံခဲ့ကြသည်။ ပြိုင်စံရှား လှသော လူမှုဝန်ထမ်း စေတနာရှင် တောပျော်ဆရာဝန်ကြီးက အပင်ပန်းအဆင်းရဲခံ၍ သူမတူသော ဇွဲလုံ့လတို့ဖြင့် အကောင် အထည်ဖော်ခဲ့သည့် လမ်ဗာရေးနေး ဆေးရုံနှင့် လူမှုဝန်ထမ်း လုပ်ငန်းကိစ္စ အဝဝတို့ ဆက်လက်တည် တံ့ခိုင်မြဲစေရန် ဒေါက်တာရွှိုင်ဇာ၏ တစ်ဦးတည်းသောသမီး မစ္စက်ရီးနားက တာဝန်ယူ ဆောင်ရွက်လျက် ရှိလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)