ဥပဒေ

Wikipedia မှ
(ဥပဒေပညာ မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တရားတစ်ဘက် ဓားတစ်လက်နှင့် တရားမျှတမှု နတ်မိမယ် ရုပ်တု

ဥပဒေဆိုသည်မှာ လူတို့ အချင်းချင်း ဆက်ဆံပေါင်းသင်းရာ၌ တရားမျှတခြင်း ရှိစေရန်နှင့် အကွပ်အကဲ အထိန်းအကျောင်း သဖွယ် ဖြစ်စေရန် အုပ်စိုးသူ အစိုးရတို့က သတ်မှတ်ပြဋ္ဌာန်း ထားသော စည်းကမ်းစုပင်ဖြစ်သည်။

မည်သည့်အမူအကျင့်သည် ကောင်းသည်၊ မည်သည့်အမူ အကျင့်သည် မကောင်း ဟူသော အများက ယူဆ ထင်မြင် သော စည်းကမ်းချက်များကို စုပေါင်း၍ အာဏာပိုင်အစိုးရ တို့က ပြည်သူအများ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့် တို့ကို ဥပဒေဟုခေါ်သည်။

ကမ္ဘာလောကကြီးတွင် တရားဥပဒေသာ မရှိပါက လူတို့၏ နေရေးထိုင်ရေးသည် ဘေးအန္တရာယ် ကင်းရှင်းမည် မဟုတ်ချေ။ လုံခြုံမှု ငြိမ်ဝပ်ပိပြားမှု များသည်လည်း ရှိတော့မည် မဟုတ် ချေ။ တရားဥပဒေသည် နိုင်ငံ တစ်ခု တည်မြဲရေးတွင် အခရာ ဖြစ်သည်။ ဥပဒေ မရှိသော နိုင်ငံတွင် တည်မြဲသော အစိုးရ မရှိနိုင်ချေ။

ယဉ်ကျေးသော နိုင်ငံတိုင်းတွင် မိမိနိုင်ငံနှင့် သင့်တင့် လျောက်ပတ်သော ဥပဒေများကို အများသဘောတူ ပြဋ္ဌာန်း ထားကြသည်။ ဥပဒေကို ဖောက်ဖျက်သူများအား အထိုက် အလျောက် အပြစ်ဒဏ် ပေးကြရလေသည်။

ယဉ်ကျေးမှု မပြည့်စုံသေးမီ ရှေးခေတ်က လူများသည် မိမိတို့ နေထိုင်သော အဖွဲ့အစည်းတွင် လူအများ လိုက်နာ ကျင့်သုံးရန် စည်းကမ်းများ ဥပဒေများကို သတ်မှတ်ထားခြင်း မရှိချေ။ သို့ရာတွင် နှစ်ကာလကြာ မြင့်သော်၊ လူတို့၏ နေရေးထိုင်ရေး၊ သာယာမှု၊ ငြိမ်းချမ်းမှုအတွက် အိမ်နားနီး ချင်းများသည် တစ်ဦး၏ အလိုကို တစ်ဦးက လေးစားရန် လိုအပ်ကြောင်းကို သိလာကြသည်။ ဤသို့အားဖြင့် ဓလေ့ ထုံးစံများ ပေါ်လာ သည်။ သို့ရာတွင် ဓလေ့ထုံးစံများမှာ ပုံသေမဟုတ်၊ ရေးမှတ်ထားခြင်းလည်း မရှိ၊ ယင်းတို့ကို အမြဲတမ်းလည်း မလိုက်နာကြချေ။ ဓလေ့ထုံးစံများကို မလိုက် နာသူများအား ကဲ့ရဲ့သင်္ဂြိုဟ်ခြင်း၊ အပေါင်းအသင်း အဖြစ်မှ ရပ်စဲခြင်းကိုသာ ပြုလုပ်၍ မအောင်မြင်သောအခါမှသာလျှင် အုပ်ချုပ်သူ အစိုးရများက ဝင်ရောက် စွက်ဖက်၍ လူများ လိုက်နာရန် ဥပဒေများကို ပြဋ္ဌာန်းပေးလေတော့သည်။ ယခုအခါတွင် ဥပဒေဆိုသည်မှာ လူများ လိုက်နာ ကျင့်သုံးရန်အတွက် အာဏာပိုင်များ ပြဋ္ဌာန်းထားသော စည်းကမ်းများဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည်ကြ သည်။ ဥပဒေဟု ဆိုရာ၌ ဥပဒေအမျိုးမျိုးရှိသည်ကို သတိ ထားသင့်သည်။ ရှေးဟောင်းရောမဥပဒေ၊ အင်္ဂလိပ်မိရိုး ဖလာဥပဒေ၊ ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေ(ဝါ) အက်ဥပဒေ၊ အယူဝါဒဆိုင်ရာဥပဒေ၊ အက်ကွီတီ ခေါ် သာတူညီမျှ ဥပဒေ စသည်ဖြင့် ခြားနားလေသည်။ ယခု ကျွန်ုပ်တို့ လက်ထက်တိုင်အောင် တည်ရှိနေသော ဥပဒေများထဲတွင် ရှေးအကျဆုံးသော ဥပဒေမှာ ဘီစီ ၂၁ဝဝ ခန့်တွင် နန်းစံခဲ့သော ဗက်ဗီလုံးနီးယား ပြည့်ရှင် ဟမ္မူရာဗီ ပြုလုပ်ခဲ့သော ဥပဒေများဖြစ်သည်။

ဟမ္မူရာဗီဘုရင်သည် ရှေးသူဟောင်းတို့ ပြုထားခဲ့သော ဥပဒေအမျိုးမျိုးကို စုပေါင်းပြီးလျှင် မိမိဉာဏ်နှင့် ဖြည့်သွင်း သင့်သော ဥပဒေများကို ထပ်လောင်းဖြည့်သွင်းကာ ဥပဒေသစ် ကို ပြု၏။ ဥပဒေများကို အရှည်သဖြင့် တည်တံ့ရန် ရှစ်ပေခန့် မြင့်သော ကျောက်တုံးကြီးတွင် စာကြောင်းရေပေါင် သုံးထောင့် ခြောက်ရာခန့် ထွင်းထားခဲ့၏။ ဥပဒေတွင် မုဆိုးမများ၊ မိဘမဲ့ ကလေးများ၊ ဆင်းရဲသားများကိုလည်း နှိပ်စက်ညှဉ်းပန်းခြင်း မပြုနိုင်ရန် အထူးထည့်သွင်းပြုစုသည်။ လက်ထပ်ရေးဥပဒေ များကိုလည်း အသေအချာ စီစဉ်၏။ မိန်းမများကို အခွင့်အရေး များစွာပေးသည်။ မိန်းမများအား ကိုယ်ပိုင် ရောင်းဝယ်ရေး အလုပ်ကို လုပ်ခွင့်ပြုသည်။ လင်နှင့် မယား၊ ဆရာနှင့်တပည့်၊ သခင်နှင့်ကျွန်၊ မြေပိုင်ရှင်နှင့်မြေငှါး စသောသူတို့၏ ပေါင်းသင်း ဆက်ဆံရေး တာဝန်ဝတ္တရားများကို အစုံအလင်ညွှန်ကြားထားလေသည်။ ရောမဥပဒေသည် ဥရောပ ဥပဒေစနစ် နှစ်မျိုးတွင် တစ်မျိုး အပါအဝင်ဖြစ်သည်။ ကျန်တစ်မျိုးမှာ အင်္ဂလိပ် ဥပဒေစနစ် ဖြစ်သည်။ ရောမလူမျိုးများသည် အုပ်ချုပ်ရေးတွင် အလွန် ကျွမ်းကျင်သူများ ဖြစ်ခဲ့ကြသည့် အားလျော်စွာ နှစ်ရှည်လများ တည်ရှိခဲ့သော ဓလေ့ထုံးစံများပေါ်တွင် အခြေခံထား၍ ဥပဒေ များကို ပြုစုခဲ့ကြသည်။ ရောမသမ္မတနိုင်ငံလက်ထက်တွင် ဥပဒေများ စတင်ပေါ်ပေါက်၍ ရောမနိုင်ငံတော် ဖြစ်လာသော အခါ ထွန်းကားလာလေရာ၊ ၁၄၅၃ ခုနှစ်တိုင်အောင်ပင် ဖြစ်တော့သည်။ ချို့ယွင်းသော ဥပဒေများကို ပြင်ဆင်ခြင်း၊ တရားစီရင်ချက်များနှင့် ဥပဒေပြုအဖွဲ့မှ ဥပဒေသစ်များကို ပြုလုပ်ခြင်းများဖြင့် ရောမဥပဒေစနစ်ကို ခိုင်မြဲအောင် တည်ဆောက်ကြသည်။ ဘီစီ ၄၅ဝ ပြည့်နှစ်တွင် ရောမနိုင်ငံ ဓမ္မသတ် ၁၂ စောင်တွဲကို ပထမဆုံးအကြိမ် ဥပဒေများအဖြစ် စနစ်တကျ ပြုလုပ်သည်။ အေဒီ ၅၂၈-၅၃၄ ခုနှစ်များတွင် စိုးစံခဲ့သော ရောမဧကရာဇ်ဘုရင် ဂျပ်စတင်းနီးယန်း လက်ထက် တွင်ကား ရောမနိုင်ငံရှိ ဥပဒေဟူသမျှကို ညှိနှိုင်းပြုစု တည်း ဖြတ်ရန် ကော်မရှင်အဖွဲ့တစ်ခု ခန့်အပ်သည်။ ထိုကော်မရှင်က ရောမနိုင်ငံ ဓမ္မသတ် ၁၂ စောင်တွဲကိုလည်းကောင်း၊ ရောမ နိုင်ငံ ရှေ့နေရှေ့ရပ်၊ ခုံသမာဓိ တရားသူကြီးတို့၏ ဖြတ်ထုံး သင်္ခေပကျမ်းကို လည်းကောင်း၊ ဥပဒေလေ့လာသူ စာသင်သား တို့အတွက် ဥပဒေပေါင်းချုပ်ကိုလည်းကောင်း ပြုစုစီရင်သည်။ ယင်းကျမ်းစုကို ကော်ပပ်ဂျူးရစ် စီဗီလစ်ဟုခေါ်၍ အဓိပ္ပာယ် အားဖြင့် ဓမ္မသတ်ပေါင်းချုပ်ပင်ဖြစ်သည်။ ယခုခေတ်မှီ နိုင်ငံ တို့၏ တရားဥပဒေများမှာ ယင်းရောမဓမ္မသတ်ပေါင်းချုပ်ကို မှီ၍ပြုသော ဥပဒေများ ဖြစ်သည်။

ယင်း၏ ထူးခြားသောဂုဏ်အင်္ဂါတစ်ရပ်မှာ နိုင်ငံအချင်းချင်း ဆက်သွယ်သော ဥပဒေစနစ် ပါရှိခြင်း ဖြစ်သည်။ နိုင်ငံသမိုင်း အလယ်ခေတ်နောက်ပိုင်း ဖြစ်သောနှစ်များတွင် ရောမဥပဒေကို ဥရောပတိုက် တက္ကသိုလ် ကျောင်းများ၌ သင်ကြားပို့ချလေ သည်။ အင်္ဂလန်ပြည်မှတစ်ပါး အနောက်ဥရောပတိုက်ရှိ လူမျိုး များ၏ ဥပဒေများမှာ ရောမဥပဒေ၏ အငွေ့အသက်မှ ကင်း လွတ်ခြင်း မရှိကြချေ။

အင်္ဂလိပ်ဥပဒေ ဥရောပတိုက် ဥပဒေစနစ်နှစ်မျိုးတွင် တစ်မျိုး အပါအဝင် ဖြစ်သော အင်္ဂလိပ်ဥပဒေစနစ်သည် ယခုအခါတွင် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံများ၌ ပျံ့နှံ့နေလေပြီ။ အိန္ဒိယ ဥပဒေများမှလည်း အင်္ဂလိပ် ဥပဒေများ၏ ပုံသွင်းခြင်းကို ခံယူခဲ့ရလေသည်။ အင်္ဂလိပ် ပိုင်နက် အိန္ဒိယနိုင်ငံ၏ နယ်တစ်နယ်ဖြစ် ရောက်ရှိခဲ့ရသော မြန်မာနိုင်ငံ၌လည်း ဥပဒေ အငွေ့အသက် မကင်းချေ။ အင်္ဂလန်ပြည်ကို နော်မန်လူမျိုးများ ဝင်ရောက် မတိုက် ခိုက်ခင်ကပင် အင်္ဂလန်ရှိ ခရိုင်တိုင်း၊ မြို့တိုင်း၊ မြို့နယ်တိုင်း တွင် ဓလေ့ထုံးစံများပေါ်၌ အခြေခံထားသော ဥပဒေများကို ကျင့်သုံးလိုက်နာလျက် ရှိသည်။ နော်မန်လူမျိုးတို့ သိမ်းပိုက် ပြီးနောက်တွင်ကား ဘုရင်မင်းမြတ်က ခန့်ထားသော တရား သူကြီးများသည် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း လှည့် လည်ကာ ဒေသဆိုင်ရာ ဥပဒေများအရ တရားစီရင်ကြသည်။ သို့ဖြင့် တဖြည်းဖြည်း လူအများ နှစ်သက်ရာကို လိုက်နာသော ထုံးစံကွယ်ပျောက်၍ တရားသူကြီး၏ ဆုံးဖြတ်ချက်ကို လိုက်နာသော ထုံးစံရောက်လာသည်။ နှစ်ကာလ ကြာမြင့် သောအခါ၊ ယခင်တရားသူကြီးများ၏ ဆုံးဖြတ်ချက်များကို နောက်တရားသူကြီးများက ပြင်ဆင်သရွေ့ ပြင်ဆင်ပြီးလျှင် ကွန်မွန်းလော့ခေါ် နိုင်ငံလုံးဆိုင်ရာ အများသုံးဥပဒေဟု အသိ အမှတ်ပြုလေသည်။

အင်္ဂလိပ်ဥပဒေစနစ်တွင် အက်ကွီတီခေါ် သာတူညီမျှ ဥပဒေဟု ဥပဒေတစ်မျိုး ရှိလေသည်။ တစ်ခါတစ်ရံ ရိုရိုး ဥပဒေအရ တသွေမတိမ်း လိုက်နာဆောင်ရွက်ပါက မတရားမှု များဖြစ်တတ်လေသည်။ ထိုအခါ သာတူညီမျှ ဥပဒေနှင့် ညိ|နှိုင်းဆုံးဖြတ်မှ နှစ်ဦးနှစ်ဖက် ညီမျှမှု ရရှိလေသည်။ ၁၈၇၃ ခုနှစ်တိုင်အောင် အင်္ဂလိပ် အက်ကွီတီတရားဥပဒေခုံရုံးဟူ၍ သီးသန့်ထားရှိခဲ့သည်။ အက်ကွီတီ ခုံသမာဓိရုံးသည် ထိုစဉ်က တရားရေးဝန်ကြီး၏ လက်အောက်ခံ ဖြစ်သည်။

အထက်ပါ ဥပဒေများအပြင် ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်း အတည်ပြုလိုက်သော ဥပဒေသစ်များလည်း ရှိပေသေးသည်။ အများသုံးဥပဒေများ၊ သို့မဟုတ် စီရင်ချက်များပေါ်တွင် အခြေခံထားသော ဥပဒေများကို မသုံးစွဲနိုင်သော အခြေအနေ များဖြစ်ပေါ်လာသောအခါ ဥပဒေပြုလွှတ်တော်များဖြစ်သော ပါလီမန်၊ ကွန်ဂရက် နှင့် ဥပဒေပြုအဖွဲ့များမှ ဥပဒေအသစ် များကို ပြဋ္ဌာန်းပေးလေသည်။

ထိုပြင် တရားမဥပဒေနှင့် ရာဇဝတ်ဥပဒေ ဟူသော ဥပဒေ နှစ်မျိုးကို အသိအမှတ်ပြုလာကြသည်။ တရားမ ဥပဒေသည် လူများ၏ အခွင့်အရေးများကို ဖော်ပြထားသည်။ အခွင့်အရေး များကို မည်ကဲ့သို့ စောင့်ထိန်းရမည်။ ဆုံးပါးလက်လွတ်သွား ပါက မည်ကဲ့သို့ ပြန်လည် ရယူရမည်ကို နည်းလမ်းပြထား သည်။ ရာဇဝတ် ဥပဒေမှာမူကား ပြည်သူ့အကျိုး၊ လူတစ်ဦး တစ်ယောက်၏အကျိုးနှင့် ဆန့်ကျင်သော အပြုအမူများကို တားမြစ် သည်။ အရေးယူသည်။ ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးသည်။

အထက်ပါဥပဒေများမှာ မြို့ပြဆိုင်ရာ ဥပဒေဖြစ်ကြသည်။ စစ်ဘက်ဆိုင်ရာ ဥပဒေများလည်း ရှိသေးသည်။ မာရှယ်လော ခေါ် စစ်ဥပဒေမှာကား နိုင်ငံတွင် အရေးတကြီး အခြေအနေများ ပေါ်ပေါက်မှသာ အသုံးပြုရ သည်။ ပမာအားဖြင့် နိုင်ငံခြားမှ လာရောက်တိုက်ခိုက်သည့်အခါ၊ သူပုန်ထသည့်အခါ၊ ပြည်တွင်း ဆူပူ သောင်းကျန်းမှုများရှိသည့်အခါများတွင် စစ်ဥပဒေကို ထုတ်ပြန်ရသည်။

ယဉ်ကျေးသော ကမ္ဘာကြီးတွင် ဥပဒေနယ်ပယ်မှာ အလွန် တရာ ကျယ်ပြန့်လှပေသည်။ အလယ်ခေတ် အတွင်း အယူ ဝါဒဆိုင်ရာ ကိစ္စများကို ဆုံးဖြတ်ရန် အယူဝါဒဆိုင်ရာဥပဒေ များ ပေါ်ပေါက်လာသည်။ သာသနာရေးရုံးများတွင် အယူဝါဒ ကိစ္စများကို စီရင်ဆုံးဖြတ်ကြသည်။ မကြာခဏပင် သာသနာ ရေးရုံးများနှင့် အစိုးရရုံးများသည် မိမိတို့၏ စီရင်ပိုင်ခွင့်နယ် ပယ်နှင့် စပ်လျဉ်း၍ အငြင်းပွားကြသည်။ အသစ် ဖွဲ့စည်းထား သော အယူဝါဒဆိုင်ရာ ဥပဒေများမှာ ရောမကက်သလစ် ဂိုဏ်း၏ သာမန်စည်းကမ်းသေဝပ်မှုဆိုင်ရာဥပဒေများကို စုပေါင်းထားခြင်း ဖြစ်လေသည်။

အဆိုပါ ဥပဒေများအပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့်ပါလီမန်ဆိုင်ရာ ဥပဒေများလည်း ရှိပေသေးသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသည် နိုင်ငံ၊ သို့မဟုတ် လူမျိုး၏ အခြေခံဥပဒေပင် ဖြစ်သည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အရ မည်ကဲ့သို့သော အစိုးရမျိုး တည်ထောင်ထားကြောင်းကို ယေဘုယျအားဖြင့် သိသာနိုင်လေသည်။ ပါလီမန်ဆိုင်ရာ ဥပဒေမှာကား စင်စစ်အားဖြင့် ဥပဒေမဟုတ်ချေ။ ပါလီမန် အတွင်း အခြေအတင်ပြောဆိုကြရာတွင် လိုက်နာရန် ကျင့်ထုံး များကို စည်းကမ်းသတ်မှတ်ပေးသည့် နည်းဥပဒေများသာ ဖြစ်လေသည်။[၁]


ဥပဒေဟူသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေပြု၍ ရေးဆွဲထားသော စည်းမျဉ်းစနစ်ကို ဆိုလိုသည်။ တရားဥပဒေ စိုးမိုးရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး တို့ကိုလည်း နည်းအမျိုးမျိုးဖြင့် ဖော်ဆောင်သည်။ လူအချင်းချင်းဆက်ဆံရေးအတွက်လည်း ကြားခံညှိနှိုင်းရေး စနစ်တစ်ရပ်အဖြစ် ဆောင်ရွက်သည်။


မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ပြဋ္ဌာန်း၊ ရုပ်သိမ်း၊ တည်ဆဲဥပဒေများ စာရင်းချုပ်အရ ခေတ်ကာလအလိုက် မူရင်း ဥပဒေ ၅၆၆ ခုရှိပြီး မူရင်းဥပဒေများအနက် ဆက်လက်ကျင့်သုံးရန် မလိုသောတည်ဆဲဥပဒေ ၁၇၆ ခုရှိကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများက စီမံ ခန့်ခွဲဆောင်ရွက်ရမည့် ဥပဒေများမှာ ၃၉၀ ရှိကြောင်း သိရသည်။

ခေတ်ကာလအလိုက် မူရင်းဥပဒေများမှာ-

  • လွတ်လပ်ရေး မရမီကာလနှင့် ပါလီမန်ကာလ ၁၉၅၄ ခုနှစ်အထိ (မြန်မာနိုင်ငံဥပဒေ အတွဲ ၁ မှ ၁၃ အထိ) (၂၁၄) ခု၊
  • ပါလီမန် ကာလ (၁၉၅၅ ခုနှစ်မှ ၁၉၆၂ ခု နှစ် မတ်လအထိ) (၅၆) ခု၊
  • တော်လှန်ရေး ကောင်စီကာလ (၁၉၆၂ ခုနှစ် မတ်လမှ ၁၉၇၄ ခုနှစ် မတ် လအထိ) (၇၈) ခု၊
  • ပြည်သူ့လွှတ်တော်ကာလ (၁၉၇၄ ခုနှစ် မတ်လ မှ ၁၇-၉-၁၉၈၈ အထိ) (၆၀) ခု၊
  • နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကာလ (၁၈-၉-၁၉၈၈ ခုနှစ်မှ ၁၄-၁၁-၁၉၉၇ ခု နှစ်အထိ) (၈၄) ခု၊
  • နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (၁၅-၁၁-၁၉၉၇ မှ ၁၄-၁၂-၂၀၁၀ အထိ) (၇၄) ခုတို့ ဖြစ်သည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)